နေပြည်တော် ဒီဇင်ဘာ ၁၇
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစား ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (B ) ရုံ၌ကျင်းပရာ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲ ၁ပွဲ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းကို ၃ ပွဲပြတ်၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းကို ၃ ပွဲ ၁ ပွဲ၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းကို ၃ပွဲ ပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံ၌ ကျင်းပရာ အမျိုးသားပိုက်ကျော်ခြင်း လေးယောက်တွဲပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များကို ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင်အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကစားကြပြီး အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ တတိယလုပွဲတွင် ဆောက်လုပ်ရေးဝန်ကြီး ဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းကို ၂ ပွဲ ၁ပွဲ၊ ဗိုလ်လု ပွဲစဉ်တွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာန အသင်းကို ၂ ပွဲ ၁ပွဲ ဖြင့် အနိုင်ရရှိကာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနအသင်းက ပထမ၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ဒုတိယ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းက တတိယဆုကိုလည်းကောင်း၊ ရရှိခဲ့ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဖူဆယ်ရုံ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အသင်း က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အသင်းကို ၂ ဂိုး ဂိုးမရှိ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း ကို ၂ ဂိုး ၁ဂိုး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အသင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းကို ၄ ဂိုး ၃ ဂိုး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်း ကို ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ကရာတေးပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း TC-1 ကာရာတေးရုံ၌ကျင်းပရာ အမျိုးသား ၆၀ ကီလိုအောက် “ကုမိတဲ့” ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ အောင်ဇာနည်မင်းက ပထမ၊ ရန်ကုန်တိုင်းဒေသကြီးမှ ဇင်မင်းမြတ်က ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ထွန်းဇော်ဦးနှင့် မန္တလေးတိုင်းဒေသကြီးမှ အောင်ချမ်းသာ တို့က ပူးတွဲတတိယဆုကိုလည်းကောင်း၊ အမျိုးသား ၆၇ ကီလိုအောက် “ကုမိတဲ့” ပြိုင်ပွဲ၊ ရှမ်းပြည်နယ်မှ ကျော်ဇင်ဝင်းထွဋ် ကပထမ၊ ကယားပြည်နယ်မှ သိန်းထိုက်ဇော် က ဒုတိယ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ လင်းထက်ထွန်းနှင့် ရခိုင်ပြည်နယ်မှ မြတ်သန်းထိုက် တို့က ပူးတွဲတတိယဆုကိုလည်းကောင်း၊ အမျိုးသား ၇၅ ကီလိုအောက် “ကုမိတဲ့” ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ သက်ပိုင်ထွန်းက ပထမ၊ ရန်ကုန်တိုင်းဒေသကြီးမှ ဇေယျာထူးထူးက ဒုတိယ၊ ရှမ်းပြည်နယ်မှ သီဟလင်းဟိန်းနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ဆန်းလွင်တို့က ပူးတွဲတတိယ ဆုကိုလည်းကောင်း၊ အမျိုးသမီး ၅၀ ကီလိုအောက် “ကုမိတဲ့” ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ လင်းစန္ဒာဌေးက ပထမ၊ ရန်ကုန်တိုင်းဒေသကြီးမှ အိမ့်ခြူးမောင် က ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြူဖြူဝင်းနှင့် မန္တလေးတိုင်းဒေသကြီးမှ ဟန်သီရိအောင်တို့က ပူးတွဲတတိယဆုကိုလည်းကောင်း၊ အမျိုးသမီး ၅၅ ကီလိုအောက် “ကုမိတဲ့” ပြိုင်ပွဲတွင် ကယားပြည်နယ်မှ သင်းသင်းယုအောင်က ပထမ၊ ရခိုင်ပြည်နယ်မှ စိုးစိုးစံက ဒုတိယ၊ ရှမ်းပြည်နယ်မှ ဘေဘီနှင့် ပဲခူးတိုင်း ဒေသကြီးမှ လင်းလင်းထက်တို့က ပူးတွဲ တတိယဆု ကိုလည်းကောင်း ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံခတ်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစား ကွင်း (C ) ရုံ၌ ကျင်းပရာ အမျိုးသမီးရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများက ဝင်ရောက် ယှဉ်ပြိုင်ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစားကွင် ဘိလိယက်ရုံ၌ ကျင်းပရာ ဘိလိယက်တစ်ဦးချင်း ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ ကျော်စွာဝင်းက ရန်ကုန်တိုင်းဒေသကြီးမှ အောင်နိုင်စိုး ကို ၃ ပွဲ ၁ ပွဲ၊ မကွေးတိုင်းဒေသကြီးမှ လင်းအောင်က ပြည်ထောင်စုနယ်မြေနေပြည်တော်မှ ကျော်ဌေး ကို ၃ ပွဲ ၁ပွဲ ၊ စနူကာ 15 – Red တစ်ဦးချင်း ပြိုင်ပွဲတွင် ကရင်ပြည်နယ်မှ မျိုးသူရအောင် က မကွေးတိုင်းဒေသကြီးမှ ကျော်ဝေယံစိုးကို ၃ ပွဲပြတ်၊ မကွေးတိုင်းဒေသကြီးမှ ကောင်းဈာန်ထက်က ကရင်ပြည်နယ်မှ သက်မှူးကြည်လှိုင် ကို ၃ ပွဲ ၂ ပွဲ ဖြင့်လည်းကောင်း၊ ဘိလိယက် နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးက ရန်ကုန်တိုင်းဒေသကြီးကို ၃ပွဲ ၁ပွဲ၊ မန္တလေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ စနူကာ 15 – Red နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို ၃ ပွဲ ၂ ပွဲ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီး အသင်းကို ၃ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား အသင်းလိုက် စားပွဲတင် တင်းနစ် ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်၊ အမျိုးသမီးအသင်းလိုက် စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လက်ဝှေ့ရုံ၌လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် အမျိုးသမီးဘော်လုံးပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲစဉ်ကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လေ့ကျင့်ရေးကွင်း (၃) နှင့် ရွှေကြာပင် အားကစားကွင်းတို့၌ လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသားအသင်းလိုက် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်၊ အမျိုးသမီး အသင်းလိုက် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း တင်းနစ်ကွင်း၌ လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ အမျိုးသား ၉၆ ကီလိုတန်း ဗိုလ်လုပွဲစဉ်နှင့် အမျိုးသမီး ၆၄ ကီလိုတန်း ဗိုလ်လုပွဲစဉ်တို့ကို အလေးမရုံ၌လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမ၊ ဒုတိယ နှင့် တတိယဆု ရရှိကြသူများကို တာဝန်ရှိသူများ ဂုဏ်ပြုဆု နှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြသည်။
![]() |
ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲကို ရွှေကြာပင်အားကစားရုံ၌ကျင်းပရာ ထောက်လုပြိုင်ပွဲ အမျိုးသား/ အမျိုးသမီး သောင်းစု ပွဲစဉ်၊ အမျိုးသား/ အမျိုးသမီး ကျန့်စု ပွဲစဉ်၊ အမျိုးသား/အမျိုးသမီး နန်းသောင်း ပွဲစဉ်၊ ဆန်းဆိုပြိုင်ပွဲ အမျိုးသား ၄၈၊ ၅၂၊ ၅၆၊ ၆၀၊ ၆၅၊ ၇၀ ကီလိုတန်းပွဲစဉ်များ၊ အမျိုးသမီး ၄၅၊ ၄၈၊ ၅၂၊ ၅၆၊ ၆၀ ကီလိုတန်းပွဲစဉ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ထောက်လုပြိုင်ပွဲ အမျိုးသား ထိုက်ချိကျန့် ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးမှ မင်းသုတ က ပထမ၊ မကွေးတိုင်းဒေသကြီးမှ လွှမ်းထက်အောင်က ဒုတိယ၊ ပဲခူးတိုင်းဒေသကြီးမှ ခေတ်မင်းခန့်က တတိယဆုကိုလည်းကောင်း၊ အမျိုးသမီး ထိုက်ချိကျန့် ပွဲစဉ်တွင် မကွေးတိုင်းဒေသကြီးမှ နဒီမြင့်မိုရ်အောင်က ပထမ၊ မန္တလေးတိုင်းဒေသကြီးမှ ဖူးဝေကို က ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးမှ သက်လမင်းနွေးက တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။
ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနည်းအလိုက် အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် အားကစားဝါသနာရှင် ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
သတင်းစဉ်