နေပြည်တော်၊ အောက်တိုဘာ၂၅
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများကို စည်းကားသိုက်မြိုက်စွာဖြင့် အောင်အောင် မြင်မြင် ပျော်ပျော်ပါးပါး ပါဝင်ဆင်နွဲနိုင်စေရေးအတွက် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တက္ကသိုလ်/ နည်းပညာကျောင်းများ၊ အခြေခံပညာကျောင်းများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၏ သတ်မှတ် ထားသည့် လျာထားအင်အားစာရင်းများကို အတည်ပြုပေးနိုင်ရေးအတွက် ယခုအစည်းအဝေးအား ကျင်းပရခြင်းဖြစ် ကြောင်း၊ ဝန်ထမ်းများအပါအဝင် ဝန်ထမ်းမိသားစုများပါ ပျော်ပျော်ပါးပါး အင်ပြည့်အားပြည့် လာရောက်ကြည့်ရှု အားပေးနိုင်စေရေးအတွက် လျာထားဖိတ်ကြားအင်အားစာရင်းများအပေါ် အတိုး/အလျော့ အပြောင်းအလဲများ ပြုလုပ်လိုပါက ယခုအစည်းအဝေးတွင် တင်ပြဆွေးနွေးပေးပါရန်နှင့် အတည်ပြုအင်အားစာရင်းများ ရရှိပါက အစမ်း လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် တက်ရောက်ရ မည့် ပရိသတ်အင်အားစာရင်းများကို ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီအဖွဲ့ဝင် လူငယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်က တင်ပြဆွေးနွေးရာ အစည်းအဝေးသို့ တက်ရောက် လာကြသည့် သက်ဆိုင်ရာဌာနအသီးသီးမှ အရာရှိကြီးများက လျာထားဖိတ်ကြားအင်အားစာရင်းများနှင့် ပတ်သတ်၍ ဆွေးနွေးတင်ပြမှုများ အပေါ်ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး တင်ပြဆွေးနွေးခဲ့မှုများနှင့် အတည်ပြုပေးပို့လာသည့် တက်ရောက်အင်အားစာရင်းများကို ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီး ကော်မတီသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း၊ ဖွင့်ပွဲ/ပိတ်ပွဲများတွင် ပေးပို့ထားသည့် တက်ရောက် အင်အားစာရင်းများအတိုင်း အင်ပြည့်အားပြည့် တက်ရောက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ခံအရာရှိများက စိစစ်ကြပ်မတ်ဆောင်ရွက်ပေးသွားရန် ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


