နေပြည်တော်၊    နိုဝင်ဘာ   ၁၉

 

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အသင်းလိုက် အားကစားနည်းများ အတွက် ပွဲစဉ်ဇယားမဲနှိုက်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက ဝန်ကြီးဌာနအဆင့် အားကစားနည်း နည်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ နည်းနှင့် မသန်စွမ်းအားကစားနည်း နည်းတို့ဖြင့် ကျင်းပသွားမည်ဖြစ်၍ ဝန်ကြီးဌာနအဆင့် အသင်းလိုက်အား ကစားနည်းများဖြစ်သည့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစားနည်းများအတွက် အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားများ ကြိုတင်ရေးဆွဲ နိုင်ရေးအတွက် ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း၊  ပြိုင်ပွဲယှဉ်ပြိုင်ကစားရာတွင် တရားမျှတမှု ရှိစေရေးအတွက် နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် စည်းမျဉ်း/စည်းကမ်းများ၊ အားကစားအဖွဲ့ချုပ်မှ ထုတ်ပြန်အတည်ပြုထားသည့် စည်းမျဉ်း/ဥပဒေများကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း၍ ထပ်ခါထပ်ခါ အတည်ပြုဆွေးနွေး ဆုံးဖြတ်ပြီးမှ ဝန်ကြီးဌာနများသို့ ကြိုတင်ဖြန့်ဝေပေးထားပြီး ဖြစ်သည့်အတွက် ပြိုင်ပွဲဝင် အသင်းများအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်း၊ နည်းဥပဒေများအတိုင်း လိုက်နာယှဉ်ပြိုင်သွားရန် လိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အသင်းလိုက် အားကစားနည်းများဖြစ်သည့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစားနည်းများအတွက် အုပ်စု မဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားများ ကြိုတင်ရေးဆွဲခြင်းများကို  ဆောင်ရွက်သည်။

 

အဆိုပါ အခမ်းအနားသို့ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ် ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဝန်ကြီးဌာနများမှ အသင်းအုပ်ချုပ်သူများ၊ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ် များမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)