နေပြည်တော် ဇူလိုင် ၂၉
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနား ကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် ကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမျိုးသား အားကစားပွဲတော်တွင် နောက်ဆုံးအတည်ပြု စာရင်းများအရ ဝန်ကြီးဌာနအဆင့် အားကစားနည်း ၆ နည်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ နည်း ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အုပ်ချုပ်သူ/ နည်းပြနှင့် အားကစားသမားအင်အား စုစုပေါင်း ခန့်မှန်း ၆၆၇၈ ဦးတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကာ မသန်စွမ်း အားကစားနည်း ၄ နည်းကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ ဆပ် ကော်မတီများအနေဖြင့် ဆပ်ကော်မတီအလိုက် ကုန်ကျနိုင်မည့် လျာထားအသုံးစရိတ် အသေးစိတ် စာရင်းများကို တင်ပြပေးရန်နှင့် ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ပေးရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သတ်မှတ်ခွင့်ပြုငွေ ပမာဏအပေါ် မူတည်၍ ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကောင်းဆုံး ပြင်ဆင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများကို နိုင်ငံတော်အဆင့်နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အများပြည်သူ စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးနိုင်စေရေးအတွက် အခမ်းအနားများတွင် မီးရှူးမီးပန်း ပစ်ဖောက်နိုင်ရေး၊ အခမ်းအနား ပြင်ဆင်ရေးနှင့် ဖျော်ဖြေရေးကိစ္စများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများအားလုံး အမျိုးသားရေး စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် လိုကြောင်း ပြောကြားသည်။
ယင်းနောက် ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအလိုက် ဘဏ္ဍာငွေသုံးစွဲရန် လျာထား ကုန်ကျစရိတ်များနှင့်စပ်လျဉ်းပြီး ဆွေးနွေးတင်ပြကြရာ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


