နေပြည်တော် ဒီဇင်ဘာ ၂၃
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အားကစားသမားများကို ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် မိမိတို့ရုံးအနေဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန (၃၅) ခုတွင် ပြေးခုန်ပစ် (အမျိုးသား/သမီး)၊ ဖူဆယ် (အမျိုးသား) အားကစားနည်းတို့တွင် အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ အားကစားသမားများအနေဖြင့် အနိုင်အရှုံးကို အဓိကမထားဘဲ အားကစားစိတ်ဓာတ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည်ကို အသိအမှတ်ပြုပါကြောင်း၊ နောင်တွင်လည်း ယခုကဲ့သို့ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ တက်တက်ကြွကြွ၊ Team Work စိတ်ဓာတ်အပြည့်အဝဖြင့် အားကစားနည်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာပြီး အကောင်းဆုံး ပူးပေါင်းပါဝင် ယှဉ်ပြိုင်ကြရန်နှင့် ဆုရရှိစေရေး စဉ်ဆက်မပြတ်ကြိုးစားလေ့ကျင့်သွားစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် အားကစားသမားအသင်းအုပ်ချုပ်သူမှ အားကစားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က အားကစားနည်းပြ (၃) ဦးနှင့် ထူးချွန်အားကစားသမားများကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
ဂုဏ်ပြုအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားအုပ်ချုပ်သူ၊ နည်းပြ၊ လက်ထောက်နည်းပြများ၊ အားကစားသမားမောင်/မယ်များ တက်ရောက်ကြပြီး ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးများမှ တာဝန်ရှိ သူများက Online ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်


