နေပြည်တော် ဒီဇင်ဘာ ၁၅

 

၂၀၂၄ ခုနှစ် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲပွဲစဉ်များ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများကို ယနေ့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာ အားကစားကွင်းနှင့် အားကစားရုံများ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှု အားပေးပြီး ဆုများချီးမြှင့်ကြသည်။

 

ဦးစွာ ၂၀၂၄ ခုနှစ် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီက အမျိုးသား (၇၀) ကီလိုအထိ ကာလဗလပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အမျိုးသား (၇၅) ကီလိုအထိ ကာယဗလပြိုင်ပွဲတွင် ပထမဆုရရှိသည့် မကွေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်က အမျိုးသား (၇၅) ကီလိုအထက် ကာယဗလပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသား အားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့် သည်။

 

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်ထွန်းက အမျိုးသား (၁၇၀) စင်တီမီတာအထိ Sport Physique ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က အမျိုးသား (၁၇၀) စင်တီမီတာအထက် Sport Physique ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မွန်ပြည်နယ်၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်း ဒေသကြီးနှင့် တတိယဆုရရှိသည့် ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်က အမျိုးသမီး (၁၆၀) စင်တီမီတာအထိ Model Physique ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်း ဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသား အားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက အမျိုးသမီး (၁၆၀) စင်တီမီတာအထက် Model Physique ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အမျိုးသမီး Fitness Physique ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြု ဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်သည်။

 

အလားတူ ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်က အမျိုးသား လှံတံပစ်ပြိုင်ပွဲတွင် ပထမနှင့် ဒုတိယဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသားမီတာ (၁၁၀) တန်းကျော် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်း၊ ဒုတိယဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ် ချီးမြှင့်သည်။

 

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်းက အမျိုးသားကြိုးတပ် သံလုံးပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသမီးကြိုးတပ်သံလုံးပစ် ပြိုင်ပွဲတွင် ပထမနှင့်ဒုတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက အမျိုးသား တန်းမြင့်ခုန် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသားမီတာ (၂၀၀) အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသား အားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ် ချီးမြှင့်ကြသည်။

 

 

 

 

 

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက အမျိုးသမီးမီတာ (၂၀၀) အပြေးပြိုင်ပွဲတွင် ပထမနှင့် ဒုတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနနှင့် တတိယဆု ရရှိသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသမီးမီတာ (၄၀၀) လက်ဆင့်ကမ်း အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမျိုးသားမီတာ (၄၀၀) လက်ဆင့်ကမ်း အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသမီးတန်းမြင့်ခုန်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းတို့မှပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြု ဆုတံဆိပ်နှင့် အမျိုးသား အားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ် ချီးမြှင့်ကြသည်။

 

 

 

 

၂၀၂၄ ခုနှစ် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားနည်းများအလိုက် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများကို ဒီဇင်ဘာ ၁၆ ရက်တွင် သက်ဆိုင်ရာ အားကစားရုံများနှင့် အားကစားကွင်းများ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်