၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ မန္တလေးတိုင်းဒေသကြီးတွင် အောင်မြင်သူ ၁၂၄၁၄ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ ၆၃ ဒသမ ၈၅ ရာခိုင်နှုန်းရှိ

မန္တလေး ဇွန် ၁၁

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မန္တလေးတိုင်းဒေသကြီး အတွင်းရှိသက်ဆိုင်ရာ စာစစ်ဌာနကျောင်းများ၌ ယနေ့တွင် တစ်ချိန်တည်း ထုတ်ပြန်ကြေညာခဲ့ရာ တိုင်းဒေသကြီးအတွင်း ဖြေဆိုသူ ၁၉၄၄၂ ဦးရှိသည့်အနက် အောင်မြင်သူ ၁၂၄၁၄ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ ၆၃ ဒသမ ၈၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။ 

 

နံနက် ၆ နာရီမှ စတင်၍ မန္တလေးမြို့ရှိ စာစစ်ဌာနဖွင့်လှစ်သော ကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အားထက်သန်စွာဖြင့် လာရောက်ကြည့်ရှုကြပြီး တာဝန်ကျဆရာ၊ ရာမများကလည်း စည်းကမ်းတကျဖြင့် စနစ်တကျ ကြည့်ရှုနိုင်စေရေး ကြီးကြပ်ဆောင်ရွက်ပေးကြသည်။ 

 

အဆိုပါ စာမေးပွဲအောင်စာရင်းထုတ်ပြန်မှုနှင် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမြင့်ချိုက “ဒီနှစ်ကျွန်တော်တို့ တိုင်းဒေသကြီးအောင်ချက်အနေနဲ့ တစ်နိုင်ငံလုံးအောင်ချက်နဲ့နှိုင်းယှဉ်ရင် တတိယအဆင့်မှာ ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီးအနေနဲ့ မြန်မာတစ်နိုင်ငံလုံး top 10 ဝင်သူ (၃)ယောက်ရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေဖြေဆိုကြရတာလည်း သင်ရိုးသစ် ဖြစ်ပါတယ်။ သင်ရိုးသစ်ကလည်း နိုင်ငံတကာပညာရေးစံချိန်တွေနဲ့ ပြင်ထားတဲ့သင်ရိုး ဖြစ်ပါတယ်။ ဒီသင်ရိုး အောင်မြင်သွားရင် နိုင်ငံတကာတန်းဝင် ပညာရေးနဲ့အောင်မြင်တယ်လို့ သတ်မှတ်လို့ရပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးအနေနဲ့ တစ်နိုင်ငံလုံးအောင်ချက် တတိယအဆင့်မှာရရှိအောင် ပညာရေးဝန်ထမ်းအားလုံးနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ ဝိုင်းဝန်းကြိုး စားမှုကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကျေနပ်အားရမှုရှိပါတယ်” ဟုပြောသည်။ 

 

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်လုံး၌ အဆင့်ငါးရရှိခဲ့ပြီး ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မသက်မြတ်စံက “အခုလိုထူးချွန်စွာ အောင်မြင်ဖို့အတွက် တော်တော်ကြိုးစားခဲ့ရပါတယ်။ စာတွေကိုလည်း နှစ်စကစပြီး မပြတ်လေ့လာခဲ့ရပါတယ်။ အခုလို အောင်မြင်တဲ့အတွက်လည်း ဝမ်းသာပျော်ရွှင်ရပါတယ်။ ခြောက်ဘာသာလောက်ပဲ ရည်မှန်းခဲ့ပေမယ့် အခုလို မြန်မာတစ်နိုင်ငံလုံးမှာ အဆင့်ငါး ရရှိတဲ့အတွက်လည်း မိသားစုအနေနဲ့ အတိုင်းမသိ ပျော်ရွှင်နေကြပါတယ်။ စနစ်သစ်ရဲ့ ပထမဆုံးစာမေးပွဲမှာ ထူးချွန်စွာ ဖြေဆိုနိုင်ခဲ့တဲ့အတွက် ကျေနပ်အားရဖြစ်မိပါတယ်။ နောက်ထပ်စာမေးပွဲဖြေမယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စာတွေကို ကြိုးစားသင်ယူပြီး အကောင်းဆုံးဖြေဆိုနိုင်မယ်ဆိုရင် မိမိတို့ရည်မှန်းထားတဲ့ အောင်မြင်မှုကိုရရှိမှာ ဖြစ်ပါတယ်”ဟု ပြောသည်။ 

 

ငါးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မအေးဖွေးဖွေးက “ဒီလိုစာမေးပွဲ အောင်မြင်ခဲ့ဖို့ ကျောင်းစတက်ကတည်းက တစ်နေ့စာ တစ်နေ့အပြီး ပုံမှန်လေ့ကျင့်ပါတယ်။ သူငယ်ချင်းတွေနဲ့လည်း အတူတူ ကျက်မှတ်ဖြစ်ပါတယ်။ အောင်စာရင်း မထွက်ခင် တစ်ရက်အလိုလောက်ကတည်းက စိတ်တွေလှုပ်ရှားပြီး တစ်ညလုံး မအိပ်ခဲ့ရပါဘူး။ အခုငါးဘာသာဂုဏ်ထူးနဲ့ အောင်မြင်တယ်ဆိုတော့ ဝမ်းသာမိပါတယ်။ ကျွန်မအနေနဲ့ ဆေးတက္ကသိုလ် တက်ရောက်ဖို့လည်း ရည်မှန်းထားပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့လည်း အခွင့်အရေးရတဲ့အချိန်မှာကြိုးစားရင် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိမယ်လို့ ပြောကြားလိုပါတယ်” ဟုပြောသည်။ 

 

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများ၌ ကြည့်ရှုနိုင်မည့်အပြင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန website တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း နံနက် ၆ နာရီတွင် မြန်မာ့အသံ(ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ ထုတ်လွှင့်ကြေညာပေးခဲ့သည်။

 

CAE ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသန်းက “ကျွန်မတို့ကျောင်းအနေနဲ့ အောင်ချက်ရာခိုင်နှုန်းက ၉၉ ဒသမ ၂ဖြစ်ပါတယ်။ နောက်ပြီး ဘာသာစုံဂုဏ်ထူးထွက်ရှိပြီး အမှတ်ပေါင်း ၅၅၂ မှတ်နဲ့ မြန်မာတစ်နိုင်ငံလုံးမှာ တတိယအမှတ်အများဆုံးရရှိတဲ့ ကျောင်းသူတစ်ယောက်လည်း မွေးထုတ်နိုင်ခဲ့ပါတယ်။ ဒီလိုထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ ထွက်ပေါ်လာဖို့အတွက် ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကြိုးစားမှုကြောင့်လည်းဖြစ်သလို ဆရာ၊ ဆရာမတွေရဲ့ အသင်အပြကောင်းမှုကြောင့်လည်း ဖြစ်ပါတယ်။ အားလုံးစုပေါင်းအားကြောင့် အောင်မြင်ခြင်းဖြစ်ပါတယ်”ဟု ပြောသည်။ 

 

လေးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မောင်အောင်ထွဋ်ဝင်းကလည်း “အခုလို ဂုဏ်ထူးနဲ့ အောင်မြင်တဲ့အတွက် အလွန်ပျော်ရွှင်မိပါတယ်။ ကျွန်တော့်မိဘတွေအတွက်လည်း ကျွန်တော်တာဝန်ကျေပွန်တယ်လို့ ခံစားရပါတယ်။ မိဘတွေပျော်ရွှင်နေတာကြည့်ပြီး ကျွန်တော်က နှစ်ဆပျော်ရွှင်ရပါတယ်။ ကျွန်တော် အင်ဂျင်နီယာဖြစ်အောင် ကြိုးစားပြီး နိုင်ငံအတွက် သားကောင်းရတနာအဖြစ်နဲ့ တစ်ဖက်တစ်လမ်းက တာဝန်တွေကို ထမ်းဆောင်သွားမှာပါ”ဟု ပြောသည်။ 

 

ထို့ပြင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးဗဟိုအကျဉ်းထောင် စာစစ်ဌာန၌လည်း အကျဉ်းသား ၁၅ ဦးနှင့် အကျဉ်းသူ ၂ ဦး စုစုပေါင်း ၁၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အကျဉ်းသား ၁၄ ဦးနှင့် အကျဉ်းသူ၂ ဦး အောင်မြင်ခဲ့ကြကာ တစ်ဘာသာ ဂုဏ်ထူးရှင် ၃ ဦး ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

 

မောင်အေးချမ်း