ရန်ကုန် မတ် ၁၈

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီးရှိ စာစစ်ဌာန ၇၃ ခုတွင် မတ် ၁၁ ရက်မှစတင်၍ မတ် ၁၉ ရက်အထိ ဘာသာတွဲ လေးမျိုးကို ဖြေဆိုလျက်ရှိရာ မတ် ၁၆ ရက်၌ ဘာသာတွဲသုံးတွဲ ဖြေဆိုမှု ပြီးဆုံးခဲ့ပြီး မတ် ၁၈ ရက်တွင် Stams (2) အတွဲမှ လူမှုရေးသိပ္ပံဘာသာရပ်ကို စမ်းချောင်းမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသူတစ်ဦးတည်း‌ ဖြေဆိုခဲ့သည်။

 

၂၀၂၃ - ၂၀၂၄ ခုနှစ် စာသင်နှစ်သည် Grade 12 သင်ရိုးသစ်တွင် စနစ်သစ်ဖြင့် စတင်လေ့ကျင့်၊ သင်ကြားရခြင်းဖြစ်ပြီး တက္ကသိုလ်စာမေးပွဲကို ဘာသာတွဲ လေးမျိုးဖြင့် ဖြေဆိုရခြင်းဖြစ်သည်။ Steams (1) တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ အတွဲဖြင့်လည်းကောင်း၊ Steams (2) တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဘောဂဗေဒ အတွဲဖြင့်လည်းကောင်း၊ Stams (1) တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ အတွဲဖြင့်လည်း ကောင်း၊ Stams (2) တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ၊ လူမှုရေးသိပ္ပံနှင့် စိတ်ကြိုက်မြန်မာစာ ဘာသာတွဲများ ဖြင့်လည်းကောင်း ဘာသာတွဲလေးမျိုး၌ မိမိတို့နှစ်သက်ရာ ဘာသာတွဲများဖြင့် ‌ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုခဲ့ခြင်းဖြစ်သည်။

 

မတ် ၁၆ ရက်တွင် Steams (1),(2)နှင့် Stams (1)အတွဲများ ဖြေဆိုမှုပြီးစီးခဲ့ပြီး Stams (2) အတွဲဖြေဆိုမှုမှာ မတ် ၁၉ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။ စိတ်ကြိုက် မြန်မာစာဘာသာရပ် ပါဝင်သော Stams (2) အတွဲအား နိုင်ငံတစ်ဝန်းတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ကျောင်းသား၊ ကျောင်းသူ နှစ်ဦး ဖြေဆိုရန် စာရင်းပေးသွင်းခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ စာစစ်ဌာန၌ မြန်မာစာ ဖြေဆိုသောနေ့မှစ၍ လာရောက်ဖြေဆိုခြင်းမရှိခဲ့ဘဲ ရန်ကုန်တိုင်း ဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသူ တစ်ဦးတည်းသာ ဖြေဆိုလျက်ရှိကာ စိတ်ကြိုက်မြန်မာစာပါဝင်သော ဘာသာတွဲအား ခုနစ်နှစ်မြောက်အဖြစ် မလျော့သောဇွဲလုံ့လဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး