ကျွန်းလှ ဇွန် ၁၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ပထမရရှိသူ အ.ထ.က(ကျွန်းလှ)မှ ငါးဘာသာဂုဏ်ထူးရှင် မလင်းလက်တွယ်တာနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 

မေး။ သမီးအနေနဲ့ ငါးဘာသာဂုဏ်ထူးရရှိပြီး မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိအောင် ကြိုးစားခဲ့ပုံကိုပြောပြပါဦး။

 

ဖြေ။ သမီး တစ်နှစ်ပတ်လုံး တစ်စိုက်မတ်မတ် စာကိုကြိုးစားခဲ့ပါတယ်။ သင်ခန်းစာတွေကိုလည်း ကျေကျေညက်ညက်ဖြစ်အောင် မေ့မသွားအောင် စာတွေထပ်ခါထပ်ခါကျက်ခဲ့ပါတယ်။ ကျန်းမာရေးဂရုစိုက်တဲ့အနေနဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်တယ်။ ညဘက်မှာ တရားထိုင်တယ်၊ ပုတီးစိတ်ပါတယ်။ စာကျက်လို့ပင်ပန်းလာရင် အနားပေးအပန်းဖြေပါတယ်။ အဲလို တစ်နှစ်ပတ်လုံး စာကျက်လိုက်၊ အနားပေးလိုက်၊ ဘာသာတရားလုပ်လိုက်နဲ့ ကြိုးစားခဲ့လို့ ‌အခုလို အောင်မြင်မှုရရှိတာဖြစ်ပါတယ်။

 

မေး။ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးနဲ့ ပထမရရှိတဲ့အတွက် စိတ်ထဲဘယ်လိုခံစားရပါသလဲ။

 

ဖြေ။ သမီး မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးနဲ့ ပထမရရှိတဲ့အတွက် ကိုယ်တိုင်ပျော်ရွှင်ရသလို မိဘ ဘိုးဘွားတွေ၊ ဆွေမျိုးသားချင်းတွေ၊ ပညာသင်ကြားပေးတဲ့ ဆရာ၊ ဆရာအတွေ အတိုင်းမသိ ဝမ်းသာပျော်ရွှင်‌နေကြပါတယ်။ သမီးရဲ့ ရှေ့ဆက်မယ့် ပညာရေးခရီးမှာ ဝိုင်းဝန်းကူညီမယ်လို့ သိရတဲ့အတွက်လည်း ပိုပြီးပျော်ရွှင်ရပါတယ်။

 

မေး။ သမီးရှေ့ဆက်မယ့် ရည်မှန်းချက်လေးပြောပြပါဦး။

 

ဖြေ။ သမီး နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေမွေးထုတ်ပေးမယ့် ပညာရေးတက္ကသိုလ်တက်ဖို့ ရည်ရွယ်ထားပါတယ်။

 

မေး။ သမီးအနေနဲ့ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများကို အကြံပြုတိုက်တွန်းချက်လေး ပြောပေးပါဦး။

 

ဖြေ။ မောင်ငယ် ညီမငယ်တွေ ဇွဲလုံးလမလျော့ဘဲ ကိုယ်တစ်ကယ်လုပ်ရင် တစ်ကယ်ဖြစ်တယ်ဆိုတဲ့ စိတ်နှလုံးသွင်းပြီး ကြိုးစားကြပါ။ ရည်မှန်းချက်ကြီးကြီးထားပြီး အောင်မြင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းပြောကြားလိုက်ရပါတယ်။

 

စစ်ကိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၉၉)ဦးဖြေဆိုပြီး အောင်မြင်သူ (၆၉)ဦး (၆၉ ဒသမ ၇၀) ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

မျိုးဝင်းညို(ကျွန်းလှ)