နေပြည်တော် ဖေဖော်ဝါရီ ၉

 

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-1)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး ရုပ်ရှင်တစ်သက်တာထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၊ မြန်မာနိုင်ငံဟာသပညာ ရှင်များအစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ စာပေနှင့် သတင်းနယ်ပယ်များမှ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များ၊ တာဝန် ရှိသူများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနား ကျင်းပမည့် ကျောက်စိမ်းခန်းမ အဝင်လျှောက်လမ်း၌ ပြသထားသည့် ၁၉၅၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရရှိခဲ့ကြသူများနှင့် ရုပ်ရှင်ဇာတ်ကားများ၊ ထူးချွန်ဆုရ အနုပညာရှင်များ၊ အတတ်ပညာရှင်များ၏ မှတ်တမ်းဓာတ်ပုံများပြသထားရှိမှုကို ကြည့်ရှုကြသည်။

 

ယင်းနောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒစ်ဂျစ်တယ်စက်ခလုတ်ခုံပေါ်တွင် အကယ်ဒမီကြယ်စင်ရုပ်ကို စိုက်ထူ၍ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

 

 

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များက “တိုးတက်အောင်မြင် မြန်မာ့ရုပ်ရှင်” တေးသီချင်းကို သရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြပြီး မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ဂုဏ်ပြုစီစဉ် တင်ဆက်သည့် “ကြည်လင်သန့်စင် စီးမျောသက်ဝင် မြန်မာ့ရုပ်ရှင်” မှတ်တမ်း Video Clip ကို ပြသသည်။

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ၁၉၅၂ ခုနှစ်မှ စတင်ချီးမြှင့်လာခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားများသည် ယနေ့ဆိုပါက (၆၆) ကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်၊ ပြည်သူနှင့် အနုပညာရှင်များ၏ စုစည်းမှု၊ အေးချမ်းပျော်ရွှင်မှုများကို (၆၆)ကြိမ်မြောက်ဝေမျှ ဖော်ကျူးပေးနိုင်သည့် မင်္ဂလာအခမ်းအနားပင် ဖြစ်ကြောင်း၊ မြန်မာ့ရုပ်ရှင်ခေတ်ဦးကို ပြန်ကြည့်ပါက ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး အောင်မြင် တိုးတက်ခဲ့သည့် ဂုဏ်ယူဖွယ်သမိုင်းအထောက်အထားများနှင့် ဖြတ်သန်းလာခဲ့သည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ ၁၉၂၀ ပြည့်နှစ် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလကတည်းက ပေါ်ပေါက်ခဲ့သည့် မြန်မာ့ရုပ်ရှင်သမိုင်းသည် ယခု ဆိုပါက နှစ်ပေါင်း ၁၀၅နှစ်တိုင်ခဲ့ပြီ ဖြစ်ကြောင်း။

 

ထိုကဲ့သို့ နှစ် ၁၀၀ ကျော် ကာလသမိုင်းမှတ်တမ်းများနှင့် လှုပ်ရှားသက်ဝင်နေသည့် မြန်မာ့ရုပ်ရှင်သည် ခေတ်စနစ်အမျိုးမျိုးကြား၌ ပြည်သူများကို အပန်းဖြေပျော်ရွှင်စေပြီးရသမျိုးစုံကို မျှဝေ ပေးနိုင်ခဲ့ရုံသာ မက နိုင်ငံတော်၏ အရေးပါသည့် အခန်းကဏ္ဍများ၊ နိုင်ငံ၏ပကတိအခြေအနေများကို အနုပညာဖြင့် ထင်ဟပ်ဖော်ပြ အကျိုးပြုနိုင်ခဲ့သည့်အတွက် နိုင်ငံနှင့်ပြည်သူအပေါ် တာဝန်ကျေခဲ့သည်ဟု ပြောရမည် ဖြစ်ကြောင်း။

 

ရုပ်ရှင်အပါအဝင် အနုပညာရှင်များသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် တိုင်းရင်းသား ပြည်သူများ၏ စိတ်ဓာတ်ကို တိုင်းချစ် ပြည်ချစ်စိတ် ထက်သန်ရေး၊ ဝံသာနုရက္ခိတတရား ထွန်းကားရေး၊ ဇာတိသွေး ဇာတိမာန်တက်ကြွရေးနှင့် စည်းလုံးညီညွတ်ရေး တို့အတွက် မိမိတို့တတ်စွမ်းထားသည့် အနုပညာနှင့် စည်းရုံးလှုံ့ဆော် ပေးခဲ့ကြကြောင်း၊ လွတ်လပ်ရေး ရပြီးနောက် ကာလတွင်လည်း ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးတို့ကို အနုပညာစွမ်းအားဖြင့် ဆက်လက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြကြောင်း။

 

 

ယင်းတို့သည် နိုင်ငံအတွက် အကျိုးပြုခဲ့သည့် သမိုင်းအစဉ်အလာကောင်း မှတ်တမ်းမော်ကွန်းများပင် ဖြစ်ကြောင်း၊ ယနေ့အခြေအနေတွင် ထိုကဲ့သို့အကျိုးပြုခဲ့သည့် အစဉ်အလာများကို ဆက်လက် ထိန်းသိမ်းပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြား လိုကြောင်း။

 

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေမည့် အကြောင်းတရားများအနက် ယဉ်ကျေးမှုကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍတစ်ရပ် အဖြစ်ပါဝင်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် မှီတင်းနေထိုင်ကြပြီး မတူကွဲပြားသည့် ယဉ်ကျေးမှုအမွေအနှစ် စုံစုံလင်လင် ရှင်သန်တည်ရှိ နေကြကြောင်း၊ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်နှင့် ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်ဟူသည့် နယ်ပယ်နှစ်ခုနှင့် ခွဲခြား သိမြင်ထားကြကြောင်း၊ ခြုံ၍ အဓိပ္ပာယ်ဖွင့်ရမည်ဆိုပါက ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဟူသည် မှာ လူမျိုးတစ်မျိုး၏ ပြောဆိုသည့် ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင် ထုံးဖွဲ့မှု၊ ကိုးကွယ်ယုံကြည်မှုနှင့် ရိုးရာဓလေ့ထုံးစံများ၊ လက်မှုအနုပညာနှင့် အနုသုခုမပညာများကို ပေါင်းခြုံထားသည့် ယဉ်ကျေးမှုပင်ဖြစ်ပြီး ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်သည် လူမျိုးတစ်မျိုး၏ ပြုလုပ်သုံးစွဲခဲ့သည့် ကိုင်တွယ်ထိတွေ့၍ရသည့် ပစ္စည်းအားလုံး ဟု မှတ်ယူရမည်ဖြစ်ကြောင်း။

 

(၁၉)ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ညီလာခံတွင် မိမိတို့နိုင်ငံ၏ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံ ခဲ့ရကြောင်း၊ ဆက်လက်၍လည်း မြန်မာ့သနပ်ခါးကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံရ နိုင်ရေးအတွက် ယူနက်စကိုကို တင်ပြရန်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မိမိတို့၏ တန်ဖိုးရှိသည့် ရှိပြီးသား အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို လူသားအားလုံး နှင့်သက်ဆိုင်သည့် ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် သမိုင်းမှတ်တမ်းထားရှိနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်း လုပ်ဆောင်ရမည်ဖြစ်သကဲ့သို့ အောင်မြင်မှုရရှိစေရေးအတွက်လည်း မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဖော်ဆောင်ပေးကြရန် အလေးအနက် တိုက်တွန်းပြော ကြားလိုကြောင်း။ တစ်ဆက်တည်းပြောကြားလိုသည်မှာ အနုပညာတစ်ရပ်က ဆင့်ပွားပေးလိုက်သည့် အကြောင်း တရားများသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုတန်ဖိုးကို ပြသရာရောက်သည့်အတွက် ရုပ်ရှင် အနုပညာသည် အင်မတန် အရေးပါ အရာရောက်ကြောင်း၊ အနုပညာ၊ အတတ်ပညာနှင့် နည်းပညာများ ပေါင်းစပ်ပါဝင်နေသည့် ရုပ်ရှင်သည် ပြည်သူလူထု၏ ရင်ထဲနှလုံးသားထဲကို ညင်ညင်သာသာနှင့် ထိထိရောက်ရောက် ဩဇာလွှမ်းမိုးနိုင်သည့် သက်ရောက်မှု ကြီးမားသည့် မီဒီယာ Soft Power တစ်ခုဖြစ်ကြောင်း။

 

ထို့ကြောင့် ရုပ်ရှင်အနုပညာနှင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် ရုပ်ရှင်ထုတ်လုပ်သူများ၊ အတတ်ပညာရှင်များ၊ သရုပ်ဆောင်များအားလုံး၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးပါသည်ဟု ပြောကြားလိုကြောင်း၊ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခု ဖြစ်ပေါ်လာရေးသည် တစ်ဦးတစ်ယောက် တည်း၏ လုပ်ဆောင်မှုဖြင့် မရကြောင်း၊ ဇာတ်ပို့၊ ဇာတ်ဆောင်၊ သရုပ်ဆောင်အမျိုးမျိုး၊ ဝတ္ထု၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ အသံ၊ ဓာတ်ပုံ၊ တေးဂီတ၊ မီးအလင်း အမှောင်၊ အထူးပြုလုပ်သူ၊ မိတ်ကပ် ကအစ နောက်ဆုံးဒါရိုက်တာ၏ အဓိကဦးဆောင်မှုဖြင့် စုပေါင်းညီညာမှသာ ဖြစ်လာခြင်းဖြစ်ပြီး စုပေါင်းအားကို ပေါ်လွင်နေကြောင်း၊ တစ်ဦးချင်း မည်မျှကောင်းသည်ဖြစ်စေ စုပေါင်းအား မပါပါက ဇာတ်ကားကောင်းတစ်ခု ဖြစ်မလာနိုင်ကြောင်း၊ ရုပ်ရှင်ဇာတ်ကား ကောင်းတစ်ခုသည် ကြည့်ရှုသူကို ရင်ထဲစွဲကျန်စေသည်၊ ရိုက်ခတ်စေသည်၊ တသသဖြစ်စေသည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် မိမိတို့ ခေတ်ကာလတွင် ပြသခဲ့သည့် ဘယ်သူပြိုင်လို့ လှပါတော့နိုင်၊ မှုံရွှေရည်၊ သင်္ကြန်မိုးတို့ကဲ့သို့ ဇာတ်ကားမျိုးသည် မည်သည့်အချိန် ပြန်ကြည့်ရသည်ဖြစ်စေ မရိုးနိုင်အောင် စွဲမြဲနေသည့် ဇာတ်ကားမျိုး၊ အတုယူဖွယ်ရာ ဇာတ်ကားမျိုး၊ တသသဖြစ်နေရသည့် ဇာတ်ကားမျိုးများဖြစ်ကြောင်း၊ အခြားဇာတ်ကားကောင်းများစွာလည်း ရှိကြကြောင်း၊ ထိုကဲ့သို့ ပြည်သူ့ရင်ထဲစွဲမြဲပြီး အကျိုးပြုစေမည့် ဇာတ်ကားမျိုး ဖန်တီးပေးကြစေလိုကြောင်း၊ မိမိတို့နိုင်ငံနှင့်လူမျိုးကိုနိုင်ငံတကာက ပိုမိုသိရှိလာအောင်၊ ရင်းနှီးခင်မင်လာအောင်၊ အနုပညာနည်းလမ်းနှင့် ဖြန့်ဝေပေးနိုင်အောင်၊ နိုင်ငံတော်တည်ဆောက် ရေးတွင်လည်း ပြည်သူလူထု၏ အတွေးအခေါ်၊ အယူအဆများ မှန်ကန်လာစေရေးနှင့် နိုင်ငံ အကျိုးအတွက် ပြည်သူတစ်ရပ်လုံး ပါဝင်လာအောင် နှိုးဆော်တိုက်တွန်း ရာတွင် ထိရောက်သည့် အနုပညာ စွမ်းပကားဖြင့် ဆောင်ရွက်ပေး ကြစေလိုကြောင်း။

 

အားလုံးသိကြသည့်အတိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့အကျိုး၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ အကျိုးကို ရှေးရှုပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မှုကို ကြိုးပမ်းတည်ဆောက်ပေး လျက်ရှိကြောင်း။

 

ကမ္ဘာကြီး၏ မျက်မှောက် အခြေအနေအရဖြစ်စေ၊ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေအရဖြစ်စေ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန် အရေးသုံးပါးသည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံး အမျိုးသားရေး ရည်မှန်းချက်၊ အမျိုးသားရေး တာဝန်ဖြစ်သည်ကို နိုင်ငံသားအားလုံးက နားလည်လက်ခံကြရန် အထူးပင်လိုအပ်ကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရသည် ဒို့တာဝန် အရေးသုံးပါးကို အရင်းမူလထားပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက် ရှိသည့်အတွက် မြန်မာနိုင်ငံသား အားလုံးကမြန်မာစိတ်မွေးပြီး “ငါတို့အားလုံး က မြန်မာ (We are Myanmar)” ဟူ သည့်စိတ်၊ တစ်သွေးတစ်သားတည်းဟူသည့် စည်းလုံးညီညွတ်သည့် အမျိုးသားရေး စိတ်ဓာတ်များဖြင့် နိုင်ငံတော်ကြီး အေးချမ်းသာယာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွလက်တွဲ အကောင်အထည်ဖော်ပေးကြရန် လိုအပ်ကြောင်း။

 

ယင်းနေရာတွင် သတိပြုရမည့် အချက်အနေဖြင့် ဘာသာရေး၊ အမျိုးသားယဉ်ကျေးမှုနှင့် စည်းလုံး ညီညွတ်မှုပျက်ပြားစေပြီး လူငယ်လူရွယ်များကို အတွေးအခေါ် အယူအဆမှားယွင်းအောင်၊ စိတ်ဓာတ်များ ဆုတ်ယုတ်ပျက်ပြားလာအောင် လူမှုကွန်ရက်များနှင့် ကျင့်ဝတ်မဲ့ မီဒီယာများက တစ်ဆင့် လုပ်ဆောင်နေမှုများပင်ဖြစ်ကြောင်း၊ ယင်းတို့သည် နိုင်ငံအကျိုးပျက်စီးစေမည့် ကြံဆောင်မှုများဖြစ်သဖြင့် လျော့နည်းပပျောက်အောင် ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ကြောင်း၊ ရုပ်ရှင်သည် ပြည်သူ့အတွက်ဆိုသည့်အတိုင်း ရုပ်ရှင်အနုပညာရှင်များကလည်း နိုင်ငံနှင့်လူမျိုး ကောင်းရာကောင်း ကျိုးဖော်ဆောင်နိုင်မည့် နိုင်ငံ့အကျိုးပြု အနုပညာဖန်တီးမှုများကို ဖော်ဆောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

 

ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရသည် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်အောင် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်အတွက် အရေးကြီးသောကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံ သည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်သည့် MSME ကဏ္ဍ တိုးတက်အောင် တိုက်တွန်းအားပေး အကောင်အထည်ဖော်လျက်ရှိကြောင်း၊ တိုင်းပြည်သာယာဝပြောစေရေး မြေကြီးက ရွှေသီးအောင် လုပ်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုများကိုလည်း အားပေးကြရမည်ဖြစ်ကြောင်း၊ မိမိတို့အလုပ်လုပ်မှ မြေကြီးကရွှေသီးမည်ဖြစ်ကြောင်း၊ လတ်တလော၌ ပင် (၇၈)နှစ် မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲများ ကို နေပြည်တော် တပေါင်းကွင်းတွင် ယခုလ ၁၀ ရက်မှ ၁၄ ရက် အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း။

 

ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရည်မှန်းချက်များ အောင်မြင်စေရေး အနုပညာရှင်များ၏ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍက ပိုမိုထိရောက်စေနိုင်သည် ဖြစ်သဖြင့် အနုပညာနယ်ပယ်အသီးသီးက တစ်ဖက်တစ်လမ်းကပေါင်းစပ် ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား လိုကြောင်း၊ ထူးချွန်သည့် အနုပညာရှင် လူငယ်များ ပေါ်ထွန်းလာခြင်းကို လည်း ကြိုဆိုကြောင်း၊ လူငယ်များ သည် အနာဂတ်အတွက်ဖြစ်ကြောင်း။

 

မိမိအနေဖြင့် နှစ်စဉ်တိုက်တွန်း ပြောကြားခဲ့သည့် စကားတစ်ခွန်းကို ယခုနှစ်တွင်လည်း ပြန်လည် တိုက်တွန်းပြောကြားလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့် နယ်ပယ်ကဏ္ဍအသီးသီး၌ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် ကူညီပံ့ပိုးမှုများကို တတ်နိုင်သမျှ ပံ့ပိုးကူညီပေးလျက်ရှိကြောင်း၊ ဆက်လက်၍လည်း အားပေးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။

 

ယခုနှစ်အတွက် ထူးချွန်ဆုရရှိသည့် အနုပညာရှင်များအနေဖြင့် အနုပညာလုပ်ငန်းများကို ဆက်လက် အောင်မြင်တိုးတက်စေရေးအတွက် အင်အားများပိုမိုရရှိစေပြီး မိမိတို့၏အနုပညာအလုပ်များကို ပိုမိုအားထုတ် ကြိုးပမ်းသွားကြမည်ဟု ယုံကြည် မျှော်လင့်ကြောင်း။

 

အလားတူ ထူးချွန်ဆုမရရှိသေးသည့် အနုပညာရှင်များအနေဖြင့်လည်း လာမည့်နှစ်ကာလများတွင် မိမိတို့၏ အနုပညာစွမ်းပကားများကိုမြှင့်တင်ပြီး ထူးချွန်ဆုများရရှိအောင် ကြိုးစားကြရန်တိုက်တွန်း လိုကြောင်း၊ အထူးမေတ္တာရပ်ခံလိုသည်မှာ မြန်မာ့ဓလေ့စရိုက်များ မမှေးမှိန်၊ မပျောက်ပျက် စေရေး၊ တိုင်းတစ်ပါးယဉ်ကျေးမှု ဓလေ့စရိုက် လွှမ်းမိုးလာမှုကို ကာကွယ် တားဆီးပေးကြရန်၊  မိမိတို့ ယဉ်ကျေးမှုများကိုအရိုးပေါ် အရွက်မဖုံးစေရန်နှင့် ပြောင်းလဲလာနေသည့် ခေတ်ရေစီးကြောင်း ပေါ်တွင် လိုက်လျောညီထွေစွာ လိုက်ပါပြီး နိုင်ငံနှင့် လူမျိုးအကျိုးအတွက် မိမိတို့တတ်ကျွမ်းသည့် အနုပညာကို အခြေတည်ပြီး အမျိုးသားရေးစိတ်ဓာတ်ဖြင့် အကျိုးရှိအောင် ဖော်ဆောင်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီများရှင် ဦးကြည်စိုးထွန်းက ဝမ်းမြောက်စကား ပြောကြားသည်။

 

 

ထို့နောက် အခမ်းအနားမှူးက ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား တွင် ပါဝင်ကူညီပေးကြသည့် ရွှေကြိုမောင်/မယ်များကို တစ်ဦး ချင်း မိတ်ဆက်ပေးပြီး အနုပညာရှင်များက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဂုဏ်ပြုသည့်အနေဖြင့် “သင်္ကြန်ပွဲဆင်တို့ရုပ်ရှင်” အစီအစဉ်ဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။

 

ယင်းနောက် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၄ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် တစ်သက်တာဆု ရရှိကြသူများကိုဖွင့်ဖောက် ကြေညာသည်။

 

 

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် အနုပညာရှင်၊ အတတ်ပညာရှင်များအပါအဝင် ရုပ်ရှင်လောကသား အားလုံးက လှိုက်လှဲဂုဏ်ယူစွာ ချီးမြှင့်သည့် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆု ရရှိကြသော မင်းသားကြီး ဦးကြည်စိုး၊ အကယ်ဒမီ ဒါရိုက်တာ မောင်နှင်းမိုး၊ ထပ်ဆင့် အကယ်ဒမီ ဝါဝါဝင်းရွှေ၊ ထပ်ဆင့် အကယ်ဒမီ ခင်သန်းနုတို့အား ဆုများပေးအပ်ချီးမြှင့်ကြပြီး မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက် ကြသည်။ ယင်းနောက် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရရှိကြသည့် အနုပညာရှင်များက ဝမ်းမြောက် ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆုများကို ဖွင့်ဖောက် ကြေညာရာ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို  “ချစ်သူသာပန်း တစ်ပွင့်ဖြစ်ခဲ့လျှင်”ဇာတ်ကားဖြင့် ကောင်းဇံ၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို “အိပ်မက်ကာရန်” ဇာတ်ကားဖြင့် အကယ်ဒမီ ဓိရာမိုရ်၊ အကောင်းဆုံး ရုပ်ရှင်အသံဆုကို “မီး” ဇာတ်ကားဖြင့် အောင်မျိုးမြတ်နှင့် ရဲဝင်း၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ် ဆုကို “နှောင်” ဇာတ်ကားဖြင့် အာကာကျော်၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကို “တိမ်ပန်းချီ” ဇာတ်ကားဖြင့် အေးသီရိကို၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို “ချစ်သူသာပန်းတစ်ပွင့် ဖြစ်ခဲ့လျှင်” ဇာတ်ကားဖြင့် Taurus V production ၊ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အထူးဆုအဖြစ် “နှောင်” ဇာတ်ကားဖြင့် မိတ်ကပ် ပညာရှင် လုံလုံ (လင်္ကာဒီပ) တို့က ရရှိကြသည်။

 

ထူးချွန်ဆုရရှိကြသူများကို ဝါရင့်အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက အကယ်ဒမီ ရွှေစင်ရုပ်တုများ ပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများက ကျေးဇူးတင်စကား ပြောကြားကြသည်။

 

ယင်းနောက်  ၂၀၂၄ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ  အခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များထဲမှ ရွေးချယ်ပေးအပ်သော အကောင်းဆုံးဝတ်စား ဆင်ယင်မှုဆုများ (Myanmar Academy Fashion Awards) ကို ပေးအပ်ချီးမြှင့်ရာ  အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီများရှင် ရန်အောင်၊ အကောင်းဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီ စိုးမိုးကြည်၊ အကောင်းဆုံး အမျိုးသား ဝတ်စားဆင်ယင်မှုဆုကို ထက်အောင်ရှိုင်း၊ အကောင်းဆုံး အမျိုးသမီးဝတ်စားဆင်ယင်မှုဆုကို နန်းဆုရတီစိုးတို့ကရရှိကြပြီး အကယ်ဒမီများရှင် ဆွေဇင်ထိုက်က ဆုများပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ ၂၀၂၄ ခုနှစ် အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆုများကို ဖွင့်ဖောက်ကြေညာရာ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို “ အိပ်မက်ကာရန်” ဇာတ်ကားဖြင့် အကယ်ဒမီ ဝင်းလွင်ထက်၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆုကို “ဘိုးတော်ကင်း” ဇာတ်ကားဖြင့် ခြူးလေး၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို “မီး” ဇာတ်ကားဖြင့် အေးချမ်းမောင်၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို “တိမ်ပန်းချီ” ဇာတ်ကားဖြင့် အကယ်ဒမီ ဝတ်မှုံရွှေရည်၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို “နှောင်” ဇာတ်ကားဖြင့် အကယ် ဒမီနေတိုးတို့က ရရှိကြသည်။

 

 

ထူးချွန်ဆု ရရှိကြသူများကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဝါရင့်အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက အကယ်ဒမီ ရွှေစင်ရုပ်တုများ ပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရရှိသူများက ကျေးဇူးတင်စကား ပြောကြားကြသည်။

 

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပစဉ်အတွင်း အနုပညာရှင်များက တေးသီချင်းများ၊ အကအလှများဖြင့် အလှည့်ကျဖျော်ဖြေ တင်ဆက်ကြသည်။

 

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းတို့သည် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များ ကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

 

၁၉၂၀ ပြည့်နှစ်မှ စတင်ခဲ့သည့် မြန်မာ့ရုပ်ရှင်သည် အခုဆိုလျှင် နှစ်ပေါင်း (၁၀၅) နှစ်သို့ ရောက်ရှိ ခဲ့ပြီဖြစ်သည်။ မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြင့်မားရေးကို ရှေးရှု၍ ၁၉၅၂ ခုနှစ်မှ စတင်ပြီး မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြှင့်တင်ရေး အကဲဖြတ်အဖွဲ့သည် မြန်မာ့ရုပ်ရှင်လောကသား ထူးချွန် ထက်မြက်သည့် အနုပညာရှင် အတတ်ပညာရှင်များကို ရွေးချယ်ကာ ထူးချွန်ဆုချီးမြှင့်ခဲ့သည်မှာ ယနေ့ကျင်းပသည့် ၂၀၂၄ ခုနှစ် အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသည် (၇၃) နှစ်အတွင်းတွင် (၆၆) ကြိမ်မြောက် ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်