တွေ့ဆုံမေးမြန်း - အောင်မင်းသန့်
ဓာတ်ပုံ - အောင်မင်းသန့်
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ ခမ်းနားထည်ဝါစွာကျင်းပရာ အနုပညာနယ်ပယ်ပေါင်းစုံမှ အနုပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက်ကြသည်။
အဆိုပါ အနုပညာရှင်၊ အတတ်ပညာရှင်များအနက်မှ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများကို ထိုက်တန်စွာချီးမြှင့်ခံခဲ့ရသူများနှင့်တွေ့ဆုံ၍ ၎င်းတို့၏ရင်တွင်း ပီတိစကားသံများကို ပြည်သူများသိရှိစေရန် မေးမြန်းဝေမျှလိုက်ရပါသည်-
ထပ်ဆင့်အကယ်ဒမီ ဝါဝါဝင်းရွှေ (ရုပ်ရှင်တစ်သက်တာဆုရှင်)
ဒီလိုဆုရရှိမယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ အခုလို နိုင်ငံတော်က ချီးမြှင့်တဲ့အတွက် ဝမ်းသာမိပါတယ်။ အခုရရှိတဲ့ တစ်သက်တာဆုဟာ အင်မတန်အဓိပ္ပာယ်ပြည့်ဝလှပါတယ်။ ကိုယ်တိုင်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်မတို့ဘဝမှာ အနုပညာကို ချစ်မြတ်နိုးစွာနဲ့ နှစ်ပေါင်းများစွာဆောင်ရွက် ခဲ့တာပါ။ ကျွန်မချစ်တဲ့ပရိသတ်ကြီးကို အသက်နဲ့ခန္ဓာ တည်မြဲနေသရွေ့ အနုပညာနဲ့ ကျေးဇူးဆပ် သွားပါမယ်လို့ ပြောချင်ပါတယ်။ ပရိသတ်ကြီးလည်း ထပ်တူထပ်မျှ ဝမ်းသာကြမယ်လို့ မျှော်လင့်ပါ တယ်။ အားလုံးကို ကျေးဇူးတင် ရှိပါတယ်။
ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု (ရုပ်ရှင်တစ်သက်တာဆုရှင်)
အခုလို အကယ်ဒမီဆုရရှိတဲ့အတွက် ဝမ်းသာမိပါတယ်။ စိတ်ထဲမှာလည်း အင်မတန် ကျေနပ်ပီတိ ဖြစ်မိပါတယ်။ ဘဝအတွက် တစ်သက်တာဆုဆိုတာ အမြင့်ဆုံးဆုပဲ ဖြစ်ပါတယ်။ ဒီအရွယ်မှရတဲ့ အတွက် ဝမ်းသာမိပါတယ်။ ကျေးဇူးတင်ထိုက်တဲ့ သူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ အကုန်လုံးရဲ့မေတ္တာကို ခံယူရတာပဲဖြစ်ပါတယ်။ ကျွန်မကတော့ သရုပ်ဆောင်အလုပ်ကို အကောင်းဆုံး ဆောင်ရွက်ခဲ့ပါတယ်။ အနုပညာဆိုတာ အများကြီးကြိုးစားရပါတယ်။ ကိုယ့်ရဲ့ဆန္ဒကို မလုပ်ဆောင်ရဘဲ ဇာတ်ကောင်ရဲ့စရိုက်ကို အမြဲတမ်းပီပြင်အောင် မွေးမြူရပါတယ်။ သရုပ်ဆောင်ပညာကို ကြိုးစားဆောင်ရွက်မယ်ဆိုရင် တစ်သက်တာဆုဆိုတာကို တစ်ချိန်မှာ ရရှိကြမှာဖြစ်ပါတယ်။
အကယ်ဒမီဒါရိုက်တာ မောင်နှင်းမိုး (ရုပ်ရှင်တစ်သက်တာဆုရှင်)
အကယ်ဒမီဆိုတာ ရုပ်ရှင်လောကသားတိုင်း တောင်းတတဲ့ဆုတစ်ခုဖြစ်ပါတယ်။ ဒီလို တောင်းတနေတဲ့ဆုကို မမျှော်လင့်ဘဲ ရရှိတဲ့အတွက် အင်မတန်ဝမ်းသာမိပါတယ်။ ရုပ်ရှင်လည်း မရိုက်တော့ပေမယ့် အခုအချိန်မှာရရှိတဲ့အတွက် စိတ်လည်းလှုပ်ရှားနေမိပါတယ်။ ကိုယ့်နာမည်ကို ဆုရရှိတယ်လို့ ကြေညာလိုက်တဲ့ အချိန်မှာလည်း ရင်ခုန်ခဲ့ပါတယ်။ သင်ကြားပေးခဲ့တဲ့ ဆရာတွေရဲ့ သင်ကြားပေးမှုကို သေချာလိုက်နာခဲ့လို့ ဆုရရှိခဲ့တာဖြစ်ပါတယ်။ ဆရာသမားအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ဆုချီးမြှင့် ပေးတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။
ကောင်းဇံ (အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု)
ဆုရရှိတဲ့အတွက် ပျော်ရွှင်နေမိ ပါတယ်။ အခုဆုရရှိတဲ့ ဇာတ်ကား ရိုက်ကူးတုန်းက အမှတ်တရတွေ အများကြီးရှိခဲ့ပါတယ်။ အင်းလေးမှာ ရိုက်ကူးခဲ့တာဖြစ်တဲ့အတွက် အင်းလေးရဲ့အလှအပတွေ အားလုံးကို သေချာပြသနိုင်ခဲ့တဲ့အပြင် ရေပေါ်မှာ ရိုက်ကူးရတာဖြစ်တဲ့အတွက် သေချာပြင်ဆင်ခဲ့ ရပါတယ်။ ကျွန်တော်ဓာတ်ပုံဆု ရရှိတဲ့အတွက် ပရိသတ်တွေလည်း ပျော်ရွှင်မယ်လို့ ထင်ပါတယ်။ ဒီဆု ဟာ ဘဝရဲ့ မှတ်တိုင်တစ်ခုဖြစ်ခဲ့ပါ ပြီ။ ကျွန်တော့်ကို အားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါတယ်။
ဓိရာမိုရ် (အကောင်းဆုံးရုပ်ရှင် တေးဂီတဆု)
ကျွန်တော့်ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုပေးတဲ့အတွက် ဝမ်းသာမိပါတယ်။ ဒီဆုကို ကျွန်တော် ရတာထက် လူငယ်တွေကို ပိုရစေချင်ပါတယ်။ ကျွန်တော် ရရှိခဲ့တဲ့ကားကတော့ သမိုင်းမှာ ကျန်နေမယ့် ကားတစ်ကားဖြစ်တယ်ဆိုတာ ယုံကြည်တဲ့အတွက် အစကတည်းက သေချာ ကြိုးစားခဲ့ပါတယ်။ ကိုယ်တိုင်ကလည်း ဂီတကိုသဘောကျတယ်။ ဒါကြောင့်ကိုယ်သိရှိသမျှ အစွမ်းကုန် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ဒီအကယ်ဒမီဆုကတော့ ဘဝအတွက် အမှတ်ရစရာကိစ္စတစ်ခု ဖြစ်ခဲ့ပါပြီ။ ရှေ့ဆက်ပြီးလည်း ဂီတနဲ့ ပတ်သက်တာတွေ အများကြီး ကြိုးစားဆောင်ရွက်သွားပါမယ်။
အောင်မျိုးမြတ်၊ မောင်ရဲဝင်း (အကောင်းဆုံးရုပ်ရှင်အသံဆု)
အခုလို အသံဆုရရှိအောင် နှစ်ယောက် အတွဲညီညီ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားတိုင်းမှာ သူ့အခက် အခဲနဲ့သူရှိပါတယ်။ ဒါပေမဲ့ဒီအခက်အခဲတွေကို ကြိုးစားပြီး သေချာပြင်ဆင် ကျော်ဖြတ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခုလိုပညာရှင်ဆု ရရှိတဲ့အတွက် အင်မတန်ကိုပျော်ရွှင်မိပါတယ်။ ဒီဆုရရှိခဲ့တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ ကျေးဇူးတင်ရမယ့်သူတွေများပါတယ်။ ကျွန်တော်တို့ချည်း တော်လို့မဟုတ်ပါဘူး။ မင်းသား၊ မင်းသမီးတွေနဲ့ အဖွဲ့သားတွေ အားလုံးရဲ့ အကောင်းဆုံးပူးပေါင်း ဆောင်ရွက်မှုကြောင့် ဆုရရှိခဲ့တာ ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်လို့ ပြောလိုပါတယ်။
အာကာကျော် (အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု)
အခုလို အကယ်ဒမီဆုကြီးကို ရရှိတဲ့အတွက် အင်မတန်ဝမ်းသာ မိပါတယ်။ ကျွန်တော်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ ကြိုးစားရကျိုးနပ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီကားကအင်းလေးမှာ သွားရိုက်ထားတာဖြစ်ပါတယ်။ အမှတ်တရတွေလည်း အများကြီး ပါ။ အနုပညာရှင်တွေအားလုံးက တော်ကြပါတယ်။ ကံရယ်၊ အကြောင်းတရားတွေ ပေါင်းစပ်သွားရင် ဆုရရှိသွားတာဖြစ်ပါတယ်။ ဒီဆုရရှိတဲ့အတွက် ကိုယ်တိုင်လည်း ပိုပြီးယုံကြည်မှုရှိသွားပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
အေးသီရိကို (အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆု)
အခုလို ဆုရရှိမယ်လို့ မမျှော် လင့်ထားပါဘူး။ ဒီဇာတ်ကားကို ပရိသတ်ကလည်း အားပေးကြတယ်။ ကျွန်မကိုယ်တိုင် ကြိုက်တဲ့ဇာတ်ညွှန်းလည်း ဖြစ်ပါတယ်။ အခုဆုရရှိတဲ့ တိမ်ပန်းချီ ဇာတ်ကားမှာ ကျွန်မအနေနဲ့ အများကြီးကြိုးစားခဲ့ပါတယ်။ အခုလိုကြိုးစားမှု အရာထင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဇာတ်ညွှန်းတိုင်းကိုလည်း ကိုယ်တိုင်ခံစားပြီး ရေးသားပါတယ်။ တိမ်ပန်းချီရုပ်ရှင် ဇာတ်လမ်းကို စတင်ရေးဖို့ လက်ခံလိုက်ကတည်းက အမျိုးသမီးတွေရဲ့ အချစ်နဲ့မေတ္တာတရားတွေကို ပြသမယ့်ဇာတ်လို့ တွေးပြီးရေးသားခဲ့တာ ဖြစ်ပါတယ်။ ကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိသတ် တွေအားလုံးကို ကျေးဇူးတင်ရှိပါ တယ်။
TAURUS V ရုပ်ရှင်ထုတ်လုပ်ရေး (အကောင်းဆုံးရုပ်ရှင်ဇာတ်ကား ဆု)
ကျွန်မတို့အားလုံး ကြိုးစားထားကြတဲ့ ချစ်သူသာပန်းတစ်ပွင့် ဖြစ်ခဲ့လျှင် ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှုအားပေးကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ဒီဇာတ်ကားရိုက်ကူးခဲ့တဲ့နေရာက မြေပေါ်မှာမဟုတ်ဘဲ အင်းလေးရေပြင်ပေါ် ရိုက်ကူးခဲ့တာဖြစ်တဲ့အတွက် အခက်အခဲတော့ရှိခဲ့ပါတယ်။ အားလုံးကိုယ့်တာဝန်ကိုယ်ယူပြီး အကောင်းဆုံးရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ထပ်လည်း ရသမြောက် ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ရိုက်ကူးသွားဖို့ရှိပါတယ်။ ဆုချီးမြှင့်ပေးတဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူး တင်ပါတယ်။
လုံလုံ(လင်္ကာဒီပ)( အထူးဆု)
အခုလိုမျိုး မိတ်ကပ်ပညာကို လိမ်းခြယ်ပြသခွင့်ရအောင် အခွင့်အရေးပေးခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ ယုံကြည်စွာ အပ်နှံခဲ့တဲ့သူတွေကို ကျေးဇူးတင်ရှိပါတယ်။ ဒီဆုဟာ ရုပ်ရှင်သမိုင်း မှာ ပထမဆုံးဆုလည်းဖြစ်ပါတယ်။ ရုပ်ရှင်အတတ်ပညာရှင်အနေနဲ့ အသိအမှတ်ပြုပေးတဲ့အတွက် ဂုဏ်ယူရပါတယ်။ မိတ်ကပ်လိမ်းတာဟာ တာဝန်ကြီးပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားခဲ့တဲ့အတွက် ဒီဆုကိုရရှိခဲ့ခြင်းဖြစ်ပါတယ်။ အကယ်ဒမီဆုရရှိခဲ့တဲ့အတွက် တာဝန်ပိုကြီးသွားပါပြီ။ ဒီထက်ပိုပြီး ကြိုးစားသွားပါမယ်။ ကျွန်မရဲ့ကြိုးစားမှုကို အသိအမှတ်ပြုပေးတဲ့ ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက် အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
ဝင်းလွင်ထက်(အကောင်းဆုံးဒါရိုက်တာဆု)
ကျွန်တော် အိပ်မက်ကာရန် ရုပ်ရှင်ဇာတ်ကားကို အများကြီးပြင်ဆင်ခဲ့ပါတယ်။ ဒီကားက တခြားကားတွေနဲ့ မတူပါဘူး။ ဒီကားက Musical ကားတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အစမ်း လေ့ကျင့်မှုတွေ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ရပါတယ်။ ကျွန်တော်ဘယ်လိုဇာတ်ကားပဲ ရိုက်ရိုက် ပရိသတ်တွေအတွက် အကောင်းဆုံးလုပ်မယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ ဆောင်ရွက်ပါတယ်။ အခုလို ဒါရိုက်တာဆုရရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကားကိုစပြီးအကောင်အထည်ဖော်တာက နီနီခင်ဇော် ဖြစ်ပါတယ်။ သူ့ရဲ့ အိပ်မက်အတိုင်း ဒီကားကြီးဟာ ပရိသတ်ရင်ထဲ ရောက်တဲ့အပြင် အကယ်ဒမီဆုတွေလည်း ရရှိခဲ့ပါပြီ။
ခြူးလေး(အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု)
အခုအချိန်မှာတော့ အင်မတန်ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။ ကိုယ့်နာမည်ကို ကြေညာလိုက်တဲ့ အချိန်မှာ ရင်ခုန်သံတွေ ရပ်တန့်သွားမလိုတောင် ဖြစ်ခဲ့ပါတယ်။ ကိုယ့်ကြိုးစားမှု အပေါ်မှာတော့ ဒီအကယ်ဒမီဆုကို အနည်းငယ်တော့ မျှော်လင့်ခဲ့ပါတယ်။ အခုတော့ ကိုယ့်ရဲ့မျှော်လင့်ချက်လေး ပြည့်ဝသွားတယ်လို့ ပြောလို့ရပါတယ်။ ဒီဆုဟာ အနုပညာသက်တမ်း တစ်လျှောက်မှာ တကယ်ကို အဓိပ္ပာယ်ရှိတဲ့ဆု တစ်ဆုပဲဖြစ်ပါတယ်။ ဒီလိုမှတ်တိုင်တစ်ခုရရှိအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ရှိခဲ့ပါတယ်။ ဒါကြောင့် တဖြည်းဖြည်း ကြိုးစားလာခဲ့တာပါ။ အားပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ရှိပါတယ်။
အေးချမ်းမောင်(အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု)
လက်ရှိ ခံစားချက်ကတော့ မမျှော်လင့်ထားဘဲ အကယ်ဒမီဆုကြီး ရရှိခဲ့တဲ့အပေါ်မှာ ပိုပြီးတော့ ဝမ်းသာမိပါတယ်။ ကိုယ့်နာမည် ကြေညာလိုက်တဲ့ အချိန်မှာတော့ အံ့ဩဝမ်းသာခဲ့ရပါတယ်။ ကိုယ့်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတဲ့ အတွက် ဂုဏ်ယူမိပါတယ်။ ဆုပေးပွဲ မစတင်မီကတည်းက ပရိသတ် တွေကခန့်မှန်းပေးကြတာရှိခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားကောင်းတွေနဲ့ သရုပ်ဆောင်ကောင်းတွေလည်း များတဲ့အတွက် ခန့်မှန်းချက်တွေလည်း အများကြီးရှိပါတယ်။ အခုလို ဆုရရှိတာကလည်း ပရိသတ်တွေ အားပေးမှုကြောင့် ဖြစ်ပါတယ်။ ကျေးဇူးတင်ထိုက်သူအားလုံး ကို ကျေးဇူးအထူးတင်ရှိပါတယ်။
ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည် (အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု)
အခုလို အကယ်ဒမီဆုရရှိတဲ့ အပေါ်မှာဝမ်းသာမိပါတယ်။ ကျွန်မကိုအားပေးနေကြတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ဒီလိုဆုရရှိတဲအတွက် ပရိသတ်တွေအားလုံးလည်း ပျော်နေကြမယ်လို့ ထင်မိပါတယ်။ ကျွန်မနာမည်ကို ကြေညာလိုက်တဲ့အချိန်မှာ ရင်ခုန်မိပါတယ်။ စိတ်လည်း လှုပ်ရှားတယ်။ ကျွန်မကို အကယ်ဒမီဆုရစေချင်တဲ့ ပရိသတ်တွေ အများကြီး ရှိပါတယ်။ သူတို့ရဲ့ ဆန္ဒတွေလည်း ပြည့်ဝသွားတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
ထပ်ဆင့်အကယ်ဒမီနေတိုး (အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု)
ကျွန်တော့်အနေနဲ့ အခုလို အကယ်ဒမီဆုကြီးကို ရရှိတဲ့အတွက် ဝမ်းသာပျော်ရွှင်မိပါတယ်။ ဒီအကယ်ဒမီရုပ်တုဟာ ကျွန်တော့်အတွက် လေးဆုမြောက် ဆုတံဆိပ်ဖြစ်ပါတယ်။ နှောင်ရုပ်ရှင် ဇာတ်ကားဟာ ကျွန်တော့်အတွက် အမှတ်တရတွေ အများကြီးရှိခဲ့ပါတယ်။ အများကြီးကြိုးစားခဲ့တဲ့ အတွက်ကြောင့် ဒီဆုတံဆိပ်ကို ရရှိခဲ့တာဖြစ်တယ်လို့ ထင်မိပါတယ်။ ကျွန်တော့်အတွက် ရင်ခုန်စွာနဲ့ အားပေးနေကြတဲ့ ပရိသတ်တွေ ကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီနေ့ကတော့ ပရိသတ်ရဲ့ ဆန္ဒနဲ့ ထပ်တူကျသွားတယ်လို့ ပြောလို့ရပါတယ်။ သူတို့ရစေချင်တဲ့ ဇာတ်ရုပ်နဲ့ဆုရရှိခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ နောင်လည်းဒီထက်ပိုမို ကြိုးစားသွားပါမယ်လို့ ပြောကြားလိုပါတယ်။ ပရိသတ် တွေနဲ့ လုပ်ဖော်ကိုင်ဖက်အားလုံး ကို ကျေးဇူးတင်ရှိပါတယ်။