၂၀၂၄ ခုနှစ်တွင် ပုဂံယဉ်ကျေးမှုဒေသနှင့် လိုက်ဖက်ညီသည့် လူထုအခြေပြု ခရီးသွားလုပ်ငန်းများ ဆွဲဆောင်မှုဖြင့်  ခရီးသွားပိုမိုဝင်ရောက်မည်ဟု ခန့်မှန်းထား

ရန်ကုန် မေ ၁၉

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တို့ စုဝေးရာ ပုဂံယဉ်ကျေးမှုဒေသ၌ ၂၀၂၄ ခုနှစ်တွင် ပုဂံယဉ်ကျေးမှုဒေသနှင့် လိုက်ဖက်ညီသည့် လူထုအခြေပြု ခရီးသွားလုပ်ငန်းများ၏ ဆွဲဆောင်မှုဖြင့် ၂၀၂၃ ခုနှစ်ထက် ခရီးသွားပိုမိုဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

ပုဂံယဉ်ကျေးမှု‌နယ်မြေရှိ ဟိုတယ်နှင့်တည်းခိုခန်းများ၌ ဧပြီလအတွင်း တည်းခိုခဲ့သည့် ပြည်တွင်းခရီးသွား ၅၄၈၅၃ ဦး၊ ပြည်ပခရီးသွား ၉၉၃ ဦးဖြင့် ထိုလတွင် ခရီးသွား ၅၅၈၄၆ ဦး ဝင်ရောက်တည်းခိုခဲ့ပြီး နေချင်းပြန် ပြည်တွင်း၊ ပြည်ပခရီးသွားများလည်း ဝင်ရောက်ခဲ့သည်။ အဆိုပါဧပြီလတွင် ရွှေစည်းခုံစေတီတော်သို့ ပြည်တွင်းခရီးသွား ၃၅၂,၇၁၂ ဦး၊ ဗူးဘုရားသို့ ၁၉၈,၉၀၀၊ လောကနန္ဒာဘုရားသို့ ၃၉၄၈၃ ဦးနှင့် ပုပ္ပါးတောင်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွား ၃၂၀၃၁ ဦးဝင်ရောက်ခဲ့သည်။ ခရီးသွားအများဆုံးဝင်ရောက်ရာ ရွှေစည်းခုံစေတီတော်သို့ ၂၀၂၂ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွား ၁ ဒသမ ၀၈ သန်း ဝင်‌ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၂ ဒသမ ၄၇ သန်းဝင်ရောက်ခဲ့၍ ပုဂံယဉ်ကျေးမှုဒေသသည် မြန်မာနိုင်ငံတွင် ခရီးသွားအများဆုံး ဝင်ရောက်ရာ ဒေသတစ်ခုအဖြစ် ယနေ့တိုင်ရပ်တည်လျက်ရှိရာ ယခုနှစ်ခရီးသွားရာသီတွင် ပုဂံဒေသသို့ ထိုင်း၊ တရုတ်၊ ရုရှားနှင့် အမေရိကန်ခရီးသွားတို့ အများဆုံးဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

mdn

 

“ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်တဲ့ ပုဂံဒေသမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည့် ပိုမိုဝင်ရောက်ပြီး ဆွဲဆောင်မှုရှိတဲ့ ခရီးစဉ်ဒေသတွေကိုလည်း ဖော်ဆောင်ထားတာရှိပါတယ်။ ပုဂံဝန်းကျင်မှာရှိတဲ့ ကျောက်မျက်‌မှော်ဘုရားနဲ့ ကျောက်ရေကန်ဆိုရင်လည်း ခရီးသွားမပြတ် လည်ပတ်နေပါတယ်။ နှစ်ပေါင်း ၉၀၀ ကျော်က ပန်းချီလက်ရာတွေရှိတဲ့ ဇီးဖိုလှကျေးရွာ၊ သျှောင်ပေစူး ဆံရစ်ထုံးဖွဲ့မှုရှိတဲ့ စက်စက်ယိုကျေးရွာနဲ့ လူထုအခြေပြု ခရီးသွားလုပ်ငန်း ပြင်ဆင်ထားတဲ့ သဲပြင်တောကျေးရွာကို ပြည်တွင်း၊ ပြည်ပခရီးသွားမပြတ် လည်ပတ်နေပါတယ်။ နိုင်ငံခြားခရီးသွားတွေ သဲပြင်တောကျေးရွာကို သဘောကျတာက ရွှေနတ်တောင်စေတီကနေ နေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစားနိုင်လို့ပါ။ ပြီးတော့ နှစ်ပေါင်း ၂၀၀ ခန့်ရှိပြီဖြစ်တဲ့ ‌ရှေးဟောင်းရုပ်စုံ‌ကျောင်းနဲ့ အဲ့ဒီကျောင်းကြီးပေါ်မှာရှိတဲ့ ရှေးဟောင်းပစ္စည်းမျိုးစုံကိုလည်း စိတ်ဝင်တစား ကြည့်ရှုလေ့လာလေ့ရှိပါတယ်။

“တစ်ဆက်တည်းပဲ ထန်းတောင်သူတို့ရဲ့ဘဝကိုလည်း လေ့လာနိုင်ပါတယ်။ လူထု အခြေပြု ခရီးသွားလုပ်ငန်းရှိတဲ့ ကျေးရွာဖြစ်တာကြောင့် နိုင်ငံခြားခရီးသွားတွေမကပဲ ပြည်တွင်းခရီးသွား အများဆုံးလည်ပတ်တဲ့ နေရာတစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒီနှစ်နွေရာသီမှာ ပိုပြီးပူပေမယ့် ခရီးသွားမပြတ်ခဲ့ပါဘူး။ အပူရှိန်သာမပြင်းခဲ့ရင် ခရီးသွားဝင်ရောက်မယ့်သဘောပါ။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တို့စုဝေးနေတဲ့ ပုဂံယဉ်ကျေးမှုဒေသဟာ ကျွန်တော်တို့ နိုင်ငံအတွက် ဂုဏ်ယူလို့မဆုံးနိုင်တဲ့ ယဉ်ကျေးမှုဒေသတစ်ခုလည်းဖြစ်ပါတယ်။ ပြီးတော့ ရှေးဟောင်းစေတီ၊ ထန်းပင်စုစုနဲ့ ရှေးဟောင်းရေကန်တို့ဟာ ပုဂံဒေသနဲ့ လိုက်ဖက်တဲ့ ရှေးဟောင်းအမွေအနှစ် တစ်ခုပါပဲ။ အထူးသဖြင့် နိုင်ငံခြားခရီးသွားတွေ ပိုပြီးနှစ်သက်ကြမှာပါ၊ ဒါကြောင့် မနှစ်ကထက်ဒီနှစ်မှာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ခရီးသွားပိုပြီးဝင်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင် က ပြောသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ၂၀၂၃ ခုနှစ်ထက် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင်  ခရီးသွားမပြတ် ဝင်ရောက်ခဲ့ပြီး သင်္ကြန်ကာလ ဧပြီလ၌ အများဆုံးဝင်ရောက်ခဲ့သည်။ အပူရှိန်ပြင်းထန်ချိန်သည့် မေလတွင် တစ်ရက်လျင်ခရီးသွား ၇၀၀ မှ ၈၀၀ ခန့်နှင့် ရုံးပိတ်ရက်များတွင် ၁၀၀၀ ခန့်အထိ ခရီးသွားပြတ်လပ်မှုမရှိပဲ ဝင်ရောက်ခဲ့သည်။  

ဓာတ်ပုံ - ပုဂံရုံးခွဲ

ညိမ်းသူ(သတင်းစဉ်)