နေပြည်တော် နိုဝင်ဘာ ၂၀

၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသ ထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။ 

ထို့နောက် ယနေ့ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲအမှတ်(၁၄၁)မှ အတွဲအမှတ် (၂၈၀)အထိ ပုလဲအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်း တင်သွင်းလွှာများကိုသက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ 

ယင်းနောက် ပုလဲအတွဲအမှတ်(၁၄၁)မှ အတွဲအမှတ်(၂၈၀)အထိ  တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲ ပေါင်း (၁၀၀) တွဲ ရောင်းချရကြောင်း ကြေညာသည်။

ယနေ့ ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ ပုလဲအတွဲများ တင်ဒါ ဖွင့်ဖောက်စစ်ဆေးမှုနှင့် တင်ဒါအောင်သည့် ပုလဲအရောင်းစာရင်းများထုတ်ပြန်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း (၁၆၀)ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါကျောက်မျက်အတွဲများအတွက်  အခြေခံ ဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားကာ ဝယ်ယူခွင့်ရရှိသည့် ပြည်ပရတနာ ကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များအနေဖြင့် နိုင်ငံခြားငွေ သို့မဟုတ် ကျပ်ငွေဖြင့် လည်းကောင်း ပေးချေဝယ်ယူနိုင်မည်ဖြစ်သည်။ 

အလားတူ အုပ်စု(အေ၊ဘီ၊စီ)အဖြစ် (၃)အုပ်စုခွဲခြားထားသည့် ကျောက်စိမ်း အတွဲပေါင်း(၄၈၀၀)တွဲ အနက် အုပ်စု(အေ)နှင့် အုပ်စု(ဘီ)မှ ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ (၂၂) ရက်မှ (၂၄) ရက်အထိလည်းကောင်း၊ အုပ်စု(စီ)မှ ကျောက်စိမ်း အတွဲများ ကို နိုဝင်ဘာ(၂၅) ရက်မှ (၂၇)ရက်အထိလည်းကောင်း အိတ်ဖွင့်တင်ဒါ စနစ်ဖြင့်ရောင်းချပေး သွားမည်ဖြစ်သည်။ 

ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့်လက်ဝတ် ရတနာအရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။ 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် မြန်မာ့ ကျောက်မျက်ရတနာကဏ္ဍနှင့် မြန်မာ့ပုလဲရတနာကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိပြီး ယခုကျင်းပသည့် ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပေးလျက်ရှိကြောင်း သိရသည်။ 

သတင်း-အေးအေးသန့်
ဓာတ်ပုံ-ဖိုးပြည့်စုံ