မန္တလေး၊ မတ် ၁၁
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ နံနက် ၉ နာရီမှ စတင်၍ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်း၌လည်း သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဝင်ရောက် ဖြေဆိုခဲ့ကြသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် KG+12 စနစ်သစ်ပညာရေး၏ ပထမဆုံးသော စာမေးပွဲဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင် ၁၁ ခုနှင့် မြို့နယ် ၂၈ ခုရှိ စာစစ် ဌာန ၇၄ ခု၌ ဖြေဆိုရန် လျှောက်ထားသူ ၂၀၂၁၆ ဉီးအနက် ၁၉၄၄၂ ဉီးဝင်ရောက် ဖြေဆိုခဲ့ ကြကာ ဖြေဆိုမှုရာခိုင်နှုန်းအနေဖြင့် ၉၆ ဒဿမ ၁၇ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
ထို့ပြင် စာစစ်ဌာနတစ်ခုတွင် ကြီးကြပ်ရေးမှူးတစ်ဦးနှင့် လက်ထောက်ကြီးကြပ် ရေးမှူးများထားရှိ စောင့်ကြပ်စေပြီး စာဖြေခန်းတစ်ခုလျှင် ဖြေဆိုသူဦးရေ ၃၀ ထားရှိ ဖြေဆိုစေကြောင်းနှင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးနှင့် မန္တလေးဗဟို အကျဉ်းထောင်တို့တွင်လည်း စာစစ်ဌာနများ ဖွင့်လှစ်ဖြေဆိုခွင့်ပြုထားကြောင်း သိရှိရသည်။
အမှတ် (၂၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုဝေက “ကျွန်မက အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းမှာ ကြီးကြပ်ရေးမှူး တာဝန်ကျပါတယ်။ ဒီစာစစ်ဌာနမှာ ဖြေဆိုကြမယ့်ကျောင်းသား၊ ကျောင်းသူကတော့ ၄၅၄ ဉီးရှိပါတယ်။ ကလေးတွေ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရပါတယ်။ ဖြေဆိုခွင့်ကတ်တွေမှာပါတဲ့ နာမည်တွေ ကွဲလွဲမှုမရှိစေရေးကိုလည်း တိုက်ဆိုင်စစ်ဆေးခြင်းတွေ ဆောင်ရွက်ရပါတယ်။ ဒီစာစစ်ဌာနကျောင်းမှာ ကြီးကြပ်ရေးမှူးနဲ့အတူ လက်ထောက်ကြီးကြပ်ရေးမှူး ၅၄ ဉီး တာဝန်ထမ်းဆောင်ကြမှာဖြစ်ပါတယ်။ စာဖြေခန်း ၁၆ ခန်းပြင်ဆင်ထားပါတယ်။ ဒီနှစ်က Grade – 12 စနစ်သစ်ရဲ့စာမေးပွဲကို စတင်ဖြေဆိုတဲ့ နှစ်ဖြစ်ပါတယ်။ ဒါကြောင့်ကလေးတွေအနေနဲ့ စိတ်လှုပ်ရှားနေမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တစ်နှစ်လုံး လေ့ကျင့်ပြင်ဆင်ထားတဲ့အတွက် စာမေးပွဲဖြေဆိုရတာ အဆင်ပြေကြမယ်လို့ ထင်ပါတယ်” ဟုပြောသည်။

ကျောင်းသားမိဘတစ်ဉီးကလည်း “ကလေးစာမေးပွဲ သေချာဖြေဆိုနိုင်စေဖို့ ကျောင်းမှာသင်ကြားပေးတဲ့ စာတွေကို အိမ်ရောက်ရင်လည်း စနစ်တကျ စာကျက်နိုင်ဖို့ ဆောင်ရွက်ပေးပါတယ်။ ဒီနှစ်ကလည်း စနစ်သစ်ဖြစ်တဲ့အတွက် ကလေးကိုအများကြီး ပိုမိုဂရုစိုက်ပေးဖြစ်ပါတယ်။ မိဘတစ်ယောက်အနေနဲ့လည်း ကိုယ့်ကလေးစာမေးပွဲ မဖြေဆိုနိုင်မှာကို အရမ်းစိုးရိမ်မိတယ်။ စာတွေကလည်း အဆင့်မြင့်ပြီး များလာတာကို တွေ့ရပါတယ်။ ဒါကြောင့် ကလေးပိုင်ပိုင်နိုင်နိုင် ဖြေဆိုနိုင်စေဖို့ အများကြီး ပံ့ပိုးပေးနေပါ တယ်။ စာမေးပွဲ အောင်မြင်သွားရင်တော့ အတိုင်းမသိဝမ်းသာမိမှာပါ။ ကလေးအားလုံး စိတ်ချမ်းသာစွာနဲ့ ဖြေဆိုနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်” ဟုပြောသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၁၉ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်း၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အခြေခံပညာကျောင်းပေါင်း ၄၁၉၈ ကျောင်း၊ ကိုယ်ပိုင်ကျောင်းပေါင်း ၂၃၅ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ၃၁၁ ကျောင်း ရှိကြောင်း သိရသည်။
မောင်အေးချမ်း