ရန်ကုန် မတ် ၁၁

 

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့နံနက် ၉ နာရီမှစတင်၍ ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် စာဖြေကျောင်းသား ‌ကျောင်းသူ ၄၉၂၅၆ ဦး ဖြေဆိုခဲ့ပြီး သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ကျောင်းသား ကျောင်သူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြသည်။

 

၂၀၂၅-၂၀၂၆ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန ၁၁၁ ခု ဖွင့်လှစ်ထားပြီး ယနေ့မြန်မာစာ ဘာသာဖြေဆိုသူ ကျောင်းသား ၂၂၂၃၁ ဦး၊ ကျောင်းသူ ၂၇၀၂၅ ဦး စုစုပေါင်း ၄၉၂၅၆ ဦးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရသည်။

 

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းမှာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုဖို့ စာစစ်ဌာန ၁၁၁ ခုရှိပါတယ်။ အဲဒီအထဲမှာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးက ကျောင်းသား ကျောင်းသူတွေလည်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမှာပါ။ ကျောင်းသားတွေ အဆင်ပြေ ချောမွေ့စွာဖြေဆိုနိုင်အောင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်မှုနဲ့ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးကအစ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ဆောင်ရွက်ထားပါတယ် ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။

 

စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်၊ မမှန် စစ်ဆေး၍ လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ပြီး ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်း စွာဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

 

ကျွန်မ အခု အထက(၂)ဗဟန်းစာစစ်ဌာနမှာ ကြီးကြပ်ရေးမှူးတာဝန်ကို ထမ်းဆောင်နေပါတယ်။ ကျွန်မတို့စာစစ်ဌာနမှာ ဗဟန်းအထက(၁)နဲ့ အထက (၂)၊ အစိုးရကျောင်း နှစ်ကျောင်း၊ ကိုယ်ပိုင်ကျောင်း နှစ်ကျောင်းပါပါတယ်။ ပြင်ပဖြေဆိုသူလည်းရှိပါတယ်။ အထက(၂)ဗဟန်းမှာ ကျွန်မအပါအဝင် လက်ထောက်ကြီးကြပ်ရေးမှူး ၆၄ ဦးက စာဖြေခန်း ၁၇ ခန်းကို ကြီးကြပ်မှာဖြစ်ပါတယ်။ ဒီနေ့ မြန်မာစာဘာသာရပ် စတင်ဖြေဆိုတဲ့နေ့မှာ ပျက်ကွက်က ၃၂ ဦး ရှိပါတယ်။ စာဖြေသူဦးရေ ၄၅၄ ဦးရှိပါတယ်။ စာမေးပွဲဖြေဆိုသူရာခိုင်နှုန်းကတော့ ၉၃ ဒသမ ၁၄ ရာခိုင်နှုန်းရှိပါတယ်။ စာဖြေသူတွေ အေးအေးချမ်းချမ်းနဲ့ စိတ်အေးသက်သာစွာ၊ ကောင်းမွန်စွာဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ထားရှိပါတယ် ဟု အထက(၁)ဒဂုံ ကျောင်းအုပ်ကြီး ဒေါက်တာစန္ဒာမြငြိမ်းက ပြောသည်။

 

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှုခံယူနေကြသော ကျောင်းသား ကျောင်းသူ (လူနာ)များအတွက်လည်း ဆေးရုံဖြေစာစစ်ဌာနများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ဒီနှစ်စာမေးပွဲမှာလည်း ကျောင်းသား ကျောင်းသူတွေ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်အောင် ကျောင်းတွင်းသန့်ရှင်းသာယာရေးနဲ့ ထိုင်ခုံတွေ သက်သောင့်သက်သာရှိအောင် ကျောင်းအုပ်ကြီးတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ စာမေးပွဲ မတိုင်မီကတည်းက ဆောင်ရွက်ခဲ့ပါတယ်။ မနှစ်ကထက် ဖြေဆိုသူတိုးလာပြီး နေရပ်စွန့်ခွာကလေးတွေလည်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ အထူးသဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ သွားလာရေးအဆင်ပြေ ချောမွေ့စေခဲ့တာကြောင့် စာဖြေကျောင်းသားတွေ ပြုံးရွှင်နေတာကို မြင်တွေ့နေရတဲ့အတွက် ကြည်နူး ဝမ်းသာရပါတယ်ဟု ဗိုလ်တထောင်ခရိုင် ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်က ပြောသည်။

 

ထို့ပြင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲများ ကျင်းပနေသည့်ကာလအတွင်း ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ စာမေးပွဲတာဝန်ရှိသူများ၊ ကျောင်းသားမိဘများသွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မော်တော်ယာဉ် အသုံးပြုခွင့်ဆိုင်ရာအစီအမံများဖြစ်သည့် “စာမေးပွဲတာဝန် သို့မဟုတ် “Car Pass” ကတ်ပြားများကို ကားရှေ့မှန်တွင်ကပ်၍ အသုံးပြုခွင့်ပြုခြင်း၊ စာမေးပွဲ တာဝန်ခံယာဉ်များနှင့် ကျောင်းသား ကြို၊ ပို့ယာဉ်များကို စုံ/မအက္ခရာ ခွဲခြားခြင်းမရှိဘဲ သွားလာခွင့်ပြုခြင်း၊ ပြင်ပဖြေကျောင်းသားများအနေဖြင့် မိမိတို့၏ “စာမေးပွဲဖြေဆိုခွင့်ကတ်ပြားပြသ၍ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ မောင်းနှင်ခြင်းတို့ကို သက်ဆိုင်ရာခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။

 

ကျွန်တော်တို့ခရိုင်က မြို့နယ်ငါးမြို့နယ်မှာ စာစစ်ဌာနရှစ်ခုရှိပါတယ်။ မြို့ထဲမှာဖြစ်တဲ့အတွက် ယာဉ်ကြောကျပ်တတ်ပါတယ်။ ဒီနှစ်မှာ ကျောင်းသား ကျောင်းသူတွေ အေးချမ်းစွာဖြေဆိုနိုင်အောင်နဲ့ သွားလာရေးအဆင်ပြေချောမွေ့အောင် မော်တော်ယာဉ်တွေကို စုံ/မ ခွဲပြီး ရက်အလိုက် ဆောင်ရွက်ထားပေမယ့် စာမေးပွဲဖြေဆိုသူတွေအတွက် စုံ/မ ခွဲခြားထားတာ မရှိဘဲ အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ် ဟု ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်က ပြောသည်။

 

၂၀၂၅- ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ နှစ်သိန်းခြောက်သောင်းကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

သတင်း- ညိမ်းသူ(သတင်းစဉ်)/သီဟ

ဓာတ်ပုံ -ဇော်မင်းလတ် /ကနူး