နေပြည်တော် မတ် ၂၁

“၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Beyond 2025: Challenges and Oppor-tunities in the Multipolar World) ကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) ၌ ကျင်းပသည်။

 

ဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကမ္ဘာကြီးသည် နိုင်ငံရေးစနစ်အမျိုးမျိုး၊ အိုက်ဒီအိုလော်ဂျီအမျိုးမျိုးကို ဖြတ်သန်း ခဲ့ကြရာတွင် အားနည်းသူများသည် အားကြီးသူများခင်းထားသည့် လမ်းအတိုင်း လျှောက်လှမ်းခဲ့ကြရသည် ဖြစ်ပါကြောင်း၊ ဖြတ်သန်းခဲ့ကြသည့် ကမ္ဘာ့အထိုင် (World Order) များကို ပြန်ကြည့်မည်ဆိုပါက ဒွိဝင်ရိုး ကမ္ဘာ့အထိုင်နှင့် ဧကဝင်ရိုး ကမ္ဘာ့အထိုင်စနစ်များပဲ ဖြစ်နေပါကြောင်း၊ ယခုအခါ ကမ္ဘာကြီးသည် အချိုး အကွေ့တစ်ခုကို ရောက်လာပြီး ဗဟုဝင်ရိုးကမ္ဘာ့အထိုင်နှင့် လည်ပတ်သည့်အချိန် ရောက်လာခဲ့ပြီဆိုသည့် အကောက်အယူများ ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့ပါပြီ ဖြစ်ပါကြောင်း။

           

လက်ဝါးကြီးအုပ်စိုးမှုများကို တွန်းလှန်နိုင်ရေး နည်းလမ်းရှာကြံရန်

ဗဟုဝင်ရိုးကမ္ဘာ့အထိုင် ပေါ်ပေါက်လာခြင်း၏ ထင်သာမြင်သာရှိသည့် အမှတ်သရုပ်ကိုပြပါဆိုလျှင် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ ဦးဆောင်ဖွဲ့စည်းခဲ့သည့် BRICS (ဘရစ်) အဖွဲ့ကြီးကိုပင် လက်ညှိုးထိုးပြ ရမည်ဖြစ်ပါကြောင်း၊ BRICS (ဘရစ်)အဖွဲ့ကြီး၏ မျှော်မှန်းချက်ကို ကြည့်မည် ဆိုပါကလည်း ဗဟုဝင်ရိုးကမ္ဘာ့အထိုင်ဆီ ဦးတည်ကြိုးပမ်းနေသည်ကို တွေ့နေရ ပါကြောင်း၊ အဖွဲ့ကြီး၏ မျှော်မှန်းချက်များ သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းများကို လေးစားလိုက်နာရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်နှင့် အချုပ်အခြာ အာဏာဆိုသည့် စည်းမျဉ်းများကို အခြေခံထားသည်ကို တွေ့ရပါကြောင်း၊ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုတွင် မတူကွဲပြားသည့် သဘော ထားမျိုးစုံစုစည်းနိုင်ရန်နှင့် အစဉ်အလာ ကဲ့သို့ဖြစ်နေသည့် လက်ဝါးကြီးအုပ်စိုး မှုများကို တွန်းလှန်နိုင်ရေး နည်းလမ်းရှာကြံရန်၊ အကြမ်းဖက်ဝါဒ၊ ဆိုက်ဘာ ရာဇဝတ်မှုနှင့် ရာသီဥတုနှင့် ဆက်နွှယ်သည့် အကျပ်အတည်းစသော ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှု များကို ဖြေရှင်းရန် ဖြစ်သည်ဆိုသည်ကို ဖော်ပြထားပါကြောင်း။

 

မတည်မြဲခြင်းဆိုသည့် လောကနိယာမအတိုင်း ဧကဝင်ရိုးကမ္ဘာ့အထိုင်သည် နိဂုံးချုပ်ချိန်ရောက် လာပြီဖြစ်သည့်အတွက် နိဂုံးချုပ်သွားခဲ့ရခြင်း ဖြစ်ပါကြောင်း၊ အဟောင်းနေရာတွင် အသစ်များ အစားထိုးမြဲအတိုင်း ဧကဝင်ရိုးကမ္ဘာ့ အထိုင်နေရာတွင် ဗဟုဝင်ရိုးကမ္ဘာ့အထိုင်သည် အစားထိုး ဝင်ရောက်လာခဲ့ပြီဖြစ်ပါကြောင်း၊ အပြောင်းအလဲနှင့်အတူ လိုက်ပါမပြောင်းလဲနိုင်ပါက မှေးမှိန် ကွယ်ပျောက် သွားရသည်ဆိုသည့် ကမ္ဘာ့နိယာမအတိုင်း မိမိတို့ ဖွံ့ဖြိုးဆဲနိုင်ငံလေးများသည် ကမ္ဘာ့ရေစီးကြောင်းနှင့်အတူ လိုက်ပါပြောင်းလဲရန် မဖြစ်မနေကြိုးစားရုန်းကန် ကြရမည်ဖြစ်ပါ ကြောင်း၊ ယခုလည်း ဧကဝင်ရိုး ကမ္ဘာ့အထိုင်နေရာတွင် အစားထိုးဝင်ရောက်လာသည့် ဗဟုဝင်ရိုး ကမ္ဘာ့ အထိုင်နှင့်အတူ လိုက်ပါပြောင်းလဲရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ မည်သို့ပင်ဖြစ်ဖြစ် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံငယ် လေးများအနေဖြင့် ဧကဝင်ရိုးကမ္ဘာ့အထိုင်တွင် ရွေးချယ်စရာမရှိသည့် အခြေအနေမှလွတ်မြောက်ပြီး ဗဟုဝင်ရိုးကမ္ဘာ့အထိုင်တွင် ရွေးချယ်စရာများ ပိုမိုများပြားလာ သည့်အတွက် အကောင်းဘက်ကို ဦးတည်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ဗဟုဝင်ရိုးကမ္ဘာသည်လည်း စတင်ထွက်ပေါ်လာ

ထို့နောက် University of Fudan၊ China Academy မှ Professor Mr.Zhang Wei က ဗဟုဝင်ရိုး ကမ္ဘာတွင် စီးပွားရေးပိတ်ဆို့မှုများ၊ ဒုံးကျည်လက်နက် ပိုင်ဆိုင်မှုများနှင့် ခွဲခြားဆက်ဆံမှုများကို စံနှုန်းအဖြစ် သတ်မှတ်ထားခြင်းမရှိသည့်အတွက် တစ်ဖက်စွန်းမူဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေပါ ကြောင်း၊ တရုတ်၊ ရုရှား နိုင်ငံတို့နှင့် the BRICS၊ the ASEAN အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်လာမှု နှင့်အတူ ဗဟုဝင်ရိုးကမ္ဘာသည်လည်း စတင်ထွက်ပေါ်လာပြီ ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသည် ၁၉၈၀ ပြည့်နှစ်မှစပြီး နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိ နေပြီဖြစ်ပြီး လက်ရှိတွင် စတုတ္ထစက်မှု တော်လှန်ရေးအတွက် Deepseek ကဲ့သို့ ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဦးဆောင်လျက်ရှိပါကြောင်း။

 

မိမိတို့အနေဖြင့် အနောက်နိုင်ငံများလက်ကိုင်ထားသည့် “ခွဲခြားအုပ်ချုပ်ရေး” ထက် “စည်းလုံးပြီး အကျိုးကျေးဇူးမျှဝေခံစား” ဟူသည့်ဆောင်ပုဒ်ကို လက်ကိုင်ထားရှိကြောင်း၊ တရုတ်နိုင်ငံသည် ၁၂ နှစ်အကြာက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ရပ်ဝန်းနှင့် ပိုးလမ်းမကို အကောင်အထည်ဖော်ရာတွင် အဆိုပါဆောင်ပုဒ်ကို လက်ကိုင်ကျင့်သုံးလျက်ရှိပြီး လက်ရှိတွင် နိုင်ငံပေါင်း ၁၅၀ ကျော်သည် ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာစီမံ ကိန်းပေါင်း ထောင်ပေါင်းများစွာကို ဖော်ဆောင်လျက်ရှိကြောင်း။

 

ထို့ကြောင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် လူသားသမိုင်းတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် မှုအတွက် ကောင်းမွန်သော စင်္ကြံတစ်ခုဖြစ်လာပါကြောင်း၊ အမေရိကန်နိုင်ငံသည် “အမေရိကန် သည်သာ ပထမ’’ဟူသည့် ဆောင်ပုဒ်ကို လက်ကိုင်ကျင့်သုံးမည်ဆိုပါက ကမ္ဘာ့နိုင်ငံများအတွက် သာမက အမေရိကန်နိုင်ငံအတွက်ပင်လျှင် ကောင်းမွန်သော ရလဒ်ကောင်းများ ပိုင်ဆိုင်နိုင်မည် မဟုတ်ပါကြောင်း၊ သမ္မတ ဒေါ်နယ်ထရမ့်သည် လက်ရှိတွင် အဆိုပါမူဝါဒ ကို လက်ကိုင်ကျင့်သုံးရန် ကြိုးပမ်းလျက် ရှိပါကြောင်း ပြောကြားသည်။

 

ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခိုင်အမာရရှိရန် ကြိုးပမ်းနေသည့် နိုင်ငံငယ်များ

ယင်းနောက် နီပေါဝန်ကြီးချုပ်ဟောင်း Mr.Madhav Kumar Nepal က အလယ်အလတ် အင်အားကြီးနိုင်ငံများနှင့် အနောက်မဟာမိတ်မဟုတ်သည့် မိတ်ဖက်နိုင်ငံများ ထွက်ပေါ်လာခြင်းက ပညာရှင်အချို့ ခေါ်ဆိုနေကြသည့် မမျှတသောဗဟုဝင်ရိုး ဖြစ်ပေါ်ခြင်းဖြစ်ပါကြောင်း၊ ပညာရှင် တချို့က BRICS လို စီးပွားရေးအင်အားကြီး အုပ်စုနိုင်ငံများက ဒေသတွင်းနိုင်ငံများတွင် အာဏာ လွှမ်းမိုးမှုများ တိုးတက်လာခြင်းကို ဦးစားပေးဖော်ပြခဲ့ပါကြောင်း၊ ထို့အပြင် ကမ္ဘာ့အဆင့်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အခိုင်အမာရရှိရန်ကြိုးပမ်းနေသည့် နိုင်ငံငယ်များကို ဗျူဟာမြောက် တွန်းလှန်နေသည့်အတွက် ဗဟုဝင်ရိုးကမ္ဘာကြီး ပေါ်ပေါက်ရန် လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်ပါကြောင်း။

 

တရုတ်နှင့် အမေရိကန်တို့ နည်းပညာနှင့်ကုန်သွယ်မှုများတွင် ပြိုင်ဘက်နိုင်ငံများဖြစ်လာသည့် အတွက် ဥရောပသမဂ္ဂ၊ အိန္ဒိယနှင့် စီးပွားရေးတိုးတက်လာသည့်နိုင်ငံများသည် ၎င်းတို့၏လွှမ်းမိုးမှုကို ကြုံတွေ့လာရသည့်အတွက် သံတမန်ရေးရာတွင်လည်းကောင်း၊ ကုန်သွယ်ရေးတွင်လည်းကောင်း၊ နည်းပညာပိုင်းတွင် လည်းကောင်း ဗဟုဝင်ရိုးကမ္ဘာကြီးအဖြစ် ဖြစ်ပေါ်စေရန် အကြောင်းတရားများ ဖန်တီးဖြစ်ပေါ်စေပါကြောင်း၊ အဆိုပါအရွေ့ကို အာရှတွင်ပိုမိုတွေ့မြင်နိုင်ပါကြောင်း၊ အာရှတိုက်သည် တစ်ဆင့်ခံ လက်ဝေခံမဟုတ်တော့ဘဲ ကမ္ဘာလုံးဆိုင်ရာ အာဏာပါဝါတွင် အဓိကနေရာမှ ပါဝင်လာပြီ ဖြစ်ပါကြောင်း၊ နီပေါနှင့်မြန်မာသည် အင်အားကြီးအိမ်နီးချင်းနိုင်ငံများကြားတွင် တည်ရှိနေပါ ကြောင်း။

 

ဂေါတမမြတ်စွာဘုရား၏ မွေးရပ်ဖြစ်သော နီပေါသည် ကမ္ဘာလုံးဆိုင်ရာ သံခင်းတမန်ခင်းတွင် soft power ကို ပေးစွမ်းလျက်ရှိပါကြောင်း၊ အိန္ဒိယနှင့် တရုတ်နိုင်ငံကြားတွင် တည်ရှိနေသော မြန်မာနှင့် နီပေါနိုင်ငံတို့အနက် နီပေါနိုင်ငံသည် ပထဝီဝင်နိုင်ငံရေး ကြားခံနိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ အရှေ့ တောင်အာရှတွင် မြန်မာနိုင်ငံသည် မဟာဗျူဟာမြောက် အင်အားအသင့်အတင့်ရှိသည့် နိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပထဝီဝင်နိုင်ငံရေးအရေးကြီးမှုအပေါ် လျှော့တွက်၍မရပါကြောင်း၊ အရှေ့တောင်အာရှ၏ တိုးတက်ပြောင်းလဲနေသော လုံခြုံရေးနှင့် စီးပွားရေးအခင်းအကျင်း တွင် မြန်မာ၏ရပ်တည်ချက်သည် သိသာထင်ရှားသောလွှမ်းမိုးမှုကို ပေးဆောင်လျက်ရှိပါကြောင်း ပြောကြားသည်။

 

မြန်မာ့ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းအားထုတ်မှုများ

ဆက်လက်၍ အိန္ဒိယနိုင်ငံ Viveka-nanda International Foundation (VIF) မှ အကြီးတန်း သုတေသီ Mr. Vinod Kumar Anand က အိန္ဒိယနိုင်ငံရှုထောင့် မှကြည့်လျှင် မြန်မာနိုင်ငံသည် အရင်း အမြစ်ကြွယ်ဝပြီး မဟာဗျူဟာအရ အရေးပါသောနိုင်ငံဖြစ်ပါကြောင်း၊ အိန္ဒိယ၏ Act East Policy ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်နိုင်ရန် ပထဝီမြေအနေအထားအရ အရေးပါသည့် အိမ်နီးချင်းနိုင်ငံလည်း ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံသည် နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ် IIT ထူထောင်ရေး စက်မှုလေ့ကျင့်ရေးစင်တာ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ နှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးများပံ့ပိုးမှုများကို မြန်မာနိုင်ငံအား ပံ့ပိုးကူညီပေး လျက်ရှိပါကြောင်း၊ မြန်မာ့ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းအားထုတ်မှုများသည် အနောက်နိုင်ငံ များနှင့် အမေရိကန်နိုင်ငံတို့ကြား အပြုသဘောဆောင်သော ပဲ့တင်ထပ်မှုများကို ဖန်တီးပေးနိုင်ခဲ့ ပါကြောင်း။

 

မြန်မာနိုင်ငံသည် ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် ရေခံမြေခံ ကောင်းမွန်သောနိုင်ငံလည်း ဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲတစ်ရပ်ကျင်းပရန် ကြိုးပမ်းဆောင်ရွက်မှုကို အိန္ဒိယနိုင်ငံအနေဖြင့် ကြိုဆိုပါကြောင်း၊ တိုးတက်ပြောင်းလဲနေသော ဘက်စုံကမ္ဘာစနစ်၏ ပင်မရေစီးကြောင်းတွင် ပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံသည် ၎င်း၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားဖွံ့ဖြိုတိုးတက်ရေးအတွက် နည်းလမ်းကောင်းများစွာဖြင့် ယခု ဘက်စုံ ကမ္ဘာစနစ် သစ်တွင် ပေးအပ်န သော အခွင့်အလမ်းများကို ရရှိခံစားနိုင် မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း

ထို့နောက် ထိုင်းနိုင်ငံခြားရေး ဒုတိယဝန်ကြီးဟောင်း Mr. Sihasak Phuang-ketkeow က ယခုလက်ရှိ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းသည် အမှန်စင်စစ်ခိုင်မာသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးဆိုသည်မှာ ပြုစုပျိုးထောင်ရ သည်မျိုးဖြစ်ပါကြောင်း၊ ပထဝီဝင်နိုင်ငံရေး ငြင်းခုံပြိုင်ဆိုင်မှုများ ပြင်းထန်လာသည်နှင့်အမျှ ပထဝီစီးပွားရေးနှင့် ပထဝီနည်းပညာပြိုင်ပွဲများ၏ ပြိုင်ဆိုင်မှုများသည်လည်း ဆက်လက်ပြင်းထန် လာနေပါကြောင်း၊ ဂလိုဘယ်လိုက်ဇေးရှင်းတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ကျောထောက် နောက်ခံပြုထားသည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စည်းမျဉ်းများနှင့် အဖွဲ့အစည်း ပေါင်းစုံ၏ ပြင်းထန်သောတုံ့ပြန်မှုကို ရင်ဆိုင်နေရပါကြောင်း၊ တစ်ချိန်တည်းတွင် တစ်ဖက်သတ်ဝါဒ၊ အစွန်းရောက် အမျိုးသားရေးဝါဒ၊ လူကြိုက်များရေး ဝါဒထွန်းကားလာမှုကို မိမိတို့အားလုံး တွေ့မြင် နေကြရပါကြောင်း။

 

အမေရိကန်အစိုးရသစ်၏ တာဝန်ယူမှုကလည်း အုပ်ချုပ်မှုအခြေခံသည့် နိုင်ငံတကာ လိုလားချက် ဖြစ်သည့် အဓိကဗဟိုချက်ကို ယိမ်းယိုင်သွားသည်မှာ မိမိတို့မျက်မြင်ကိုယ်တွေ့ ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှု၊ ကပ်ရောဂါနှင့် ရွှေ့ပြောင်းနေထိုင်မှုစသည့် ကမ္ဘာလုံး ဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ရန် နိုင်ငံပေါင်းစုံနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုလိုအပ်နေပါကြောင်း။

 

အထူးသဖြင့် ဒစ်ဂျစ်တယ်နှင့် AI နည်းပညာတိုးတက်မှုများက အသိပညာနှင့် စီးပွားရေးတိုးတက် မှု၏ နယ်ပယ်အသစ်များကို မမြင်ဖူးမကြုံဖူးသည့် အရှိန်အဟုန်နှင့် အတိုင်းအတာတစ်ခု အထိ တိုးတက်လာနေပါကြောင်း၊ တစ်ဖက်တွင်လည်းနည်းပညာများကို ထင်မှတ်မထားသည့် ထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်စေရန် အသုံးပြုလာကြပါကြောင်း၊ ဒုတိယကမ္ဘာစစ်အပြီး ပေါ်ပေါက်လာသည့် လစ်ဘရယ်ကမ္ဘာက ကမ္ဘာကြီး၏အင်အားကြီးမှုကို လျော့ကျစေပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဝင်ရိုးသစ်နှင့် ဒေသတွင်းအင်အားများက တည်ရှိနေသည့်နိုင်ငံများ၏ အင်အားလွှမ်းမိုးမှုကို စိန်ခေါ် ခြိမ်းခြောက်မှု ဖြစ်စေပါကြောင်း၊ ထို့ကြောင့် ဝင်ရိုးသစ်ကမ္ဘာနှင့် ကမ္ဘာလုံးဆိုင်ရာစည်းမျည်းများ ချမှတ်ခြင်းနှင့် နိုင်ငံပေါင်းစုံ အဖွဲ့အစည်းပေါင်းစုံ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပြောဆို လာရသည်များ တည်ရှိလာပါကြောင်း။

 

အလုံးစုံသော လုံခြုံရေးကို ကိုယ်တိုင်တည်ဆောက်နိုင်သည့်နိုင်ငံဟူ၍ မရှိသေးပါကြောင်း၊ တစ်ဖက် သတ်ဝါဒ (Unila-teralism)က မိမိတို့၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ရင်ဆိုင်နေရသည့် ဖိအားများနှင့် ဘက်ပေါင်းစုံက ခြိမ်းခြောက်မှုများကို သေချာပေါက်ဖြေရှင်းနိုင်မည် မဟုတ်ပါကြောင်း၊ မိမိတို့အနေဖြင့် အားကောင်းသည့် မိတ်ဖက်များနှင့် ဆက်ဆံရေးထူထောင်ရန်နှင့် ကမ္ဘာလုံး ဆိုင်ရာ အသိုက်အဝန်းတစ်ခုဖြစ်ရန် စုပေါင်းတည်ဆောက်ကြရန် လိုပါကြောင်း၊ မိမိတို့အနေဖြင့် ခေါင်းဆောင်မှုနှင့်တူညီသည့် မျှော်မှန်းချက်များနှင့် မျှော်မှန်းချက်များကို မျှဝေပေးရန်လိုပါ ကြောင်း၊ ကမ္ဘာ့အသိုက်အဝန်းတစ်ရပ် ဖြစ်အောင် စဉ်းစားဆင်ခြင် ဖော်ဆောင် ခြင်းဖြင့် မိမိတို့၏ ဘုံစိန်ခေါ်မှု များကို ရင်ဆိုင်နိုင်ပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် အားလုံးအတွက် ပိုမိုသာယာဝ ပြောရေး အခွင့်အလမ်းများကို ဆုပ်ကိုင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

အနောက်ဝင်ရိုး နှစ်ပိုင်း ကွဲသွားနိုင်သည်ကို မြင်တွေ့နေရ

ယင်းနောက် ရုရှားနိုင်ငံမှ ပါမောက္ခ Mr. Alexander Dugin က အွန်လိုင်းမှ ပြောကြားရာတွင် အနောက်ဝင်ရိုး နှစ်ပိုင်း ကွဲသွားနိုင်သည်ကို မြင်တွေ့နေရပါ ကြောင်း၊ ဂရင်းလန်း၊ ကနေဒါအပါအဝင် အမေရိကန်နိုင်ငံတို့သည် လွတ်လပ်သည့် ဝင်ရိုးတစ်ခုဖြစ်သည့် အမေရိကန်ဝင်ရိုး နှင့် အီးယူတို့ကို ကိုယ်စားပြုနိုင်သည်ဟု အမေရိကန်များက ပြောနေကြပါကြောင်း၊ သမ္မတဒေါ်နယ်ထရမ့်သည် အီးယူလို ဝင်ရိုး တစ်ခုလည်း ဖန်တီးနိုင်ပါကြောင်း၊ civilizational state တစ်ခုမှာ North American Civilization နှင့် မတူသည့် အီးယူ Civilization ဖြစ်ပါကြောင်း။

 

ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် အင်အားကြီးနိုင်ငံများ ဦးဆောင်သည့် ဗဟုဝင်ရိုး ကမ္ဘာမြင်ကွင်းနှင့် အမေရိကန်များ ရှုမြင်သည့် ကမ္ဘာအထိုင် အနည်းငယ်ကွဲပြားနိုင်ပါကြောင်း၊ အရေးကြီးသည်မှာ အမေရိကသည် အမေရိကကိုအောင်ပွဲခံခဲ့ပြီး ဖျက်ဆီးသွားမလားဆိုတာပင် ဖြစ်ပါကြောင်း၊ ထိုအရာသည် အနောက်၏ လွှမ်းမိုးမှုအတွက် အခြားရွေးချယ်စရာ ဖြစ်ပါကြောင်း၊ ဗဟုဝင်ရိုးကမ္ဘာ ဖြစ်ပေါ်လာမှုကို အချက်အလက်အနေဖြင့် လက်ခံကြပါကြောင်း၊ မိမိတို့သည် ဗဟုဝင်ရိုးကမ္ဘာထဲတွင် ရှင်သန်နေထိုင်ကြ ပါကြောင်း၊ ဧကဝင်ရိုးကမ္ဘာ ပြီးဆုံးသွားပြီ ဆိုသည်ကို အသေအချာပြောနိုင်ပါ ကြောင်း၊ ကမ္ဘာကြီး၏ အဓိကဦးတည်ရာအဖြစ် ဂလိုဘယ်လစ်အာဂျင်ဒါလည်း ထပ်ပြီး မရှိတော့ပါ ကြောင်း၊ ဗဟုဝင်ရိုး ကမ္ဘာဖြစ်လာသည်ကို မိမိတို့ကြိုဆိုပါကြောင်း။

 

မိမိအနေဖြင့် အလေးပေးပြောကြားလိုသည့်အချက်မှာ ဗုဒ္ဓဘာသာယဉ်ကျေးမှုထွန်းကားသည့် မြန်မာနိုင်ငံအကြောင်းပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဒေသတွင်းအင်အားကြီး နိုင်ငံတစ်နိုင်ငံ အနေဖြင့် ကိုယ်ပိုင်အမှတ်သရုပ်၊ ယဉ်ကျေးမှုဆိုင်ရာ အမှတ်သရုပ်တို့နှင့် ပတ်သက်၍ စဉ်းစားသင့် ပါကြောင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံကြား ဟန်ချက်ညှိမှုလည်းဖြစ်ပါကြောင်း၊ ကိုယ်ပိုင်ဒိုင်မန်းရှင်း တစ်ခုဖန်တီးထိန်းသိမ်းခြင်းလည်းဖြစ်ပါကြောင်း၊ ထိုအရာသည် အခွင့်အလမ်းတံခါးပေါက် ဖြစ်သကဲ့သို့ အချုပ်အခြာအာဏာကို ပိုမိုခိုင်မာစေမှုလည်း ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုက ယခုဖိုရမ်သည် ဆွေးနွေးပြောဆိုမှု များအတွက် ပလက်ဖောင်းတစ်ခုအဖြစ်သာမက သိသာမြင်သာသော တိုးတက်မှုဆီသို့ ဦးတည် သည့် ခြေလှမ်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အားလုံးပါဝင်မှု၊ ရေရှည်တည်တံ့မှုနှင့် ကြံ့ကြံ့ခံနိုင်မှုများကို ဦးစားပေးသည့် မျှော်မှန်းချက်တစ်ရပ် ကို ဖန်တီးမှုအပေါ်တွင် အာရုံစိုက်ကြ ရမည်ဖြစ်ပါကြောင်း၊ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မိတ်ဖက်များအကြား နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့်၊ မိမိတို့အနေဖြင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်မှုအတွက် အခြေခံများကို တည်ဆောက်ပေးနိုင်ပါကြောင်း၊ ယခု ဆွေးနွေးမှုများတွင် ပညာရှင်များ၏ တက်ကြွစွာပါဝင်မှုနှင့် ကတိကဝတ်များက မြန်မာနိုင်ငံသား အားလုံးအတွက် အကျိုးကျေးဇူး ဖြစ်ထွန်း စေမည့်မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ပုံဖော်ရာတွင် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်ပါကြောင်း။

 

ယခုဖိုရမ်၏ အောင်မြင်မှုသည် အဓိပ္ပာယ်ရှိပြီး အဖြေကိုဗဟိုပြုသည့် ဆွေးနွေးမှုများကို လုပ်ဆောင် ကြသော မိမိတို့၏ စုပေါင်းအားထုတ်မှုများအပေါ် မူတည်မည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင် ဆန်းသစ်မှုများနှင့် တိုးတက်မှုများကိုထွေးပွေ့ရင်း မြန်မာနိုင်ငံ၏ ကြွယ်ဝသည့် ယဉ်ကျေးမှု အမွေအနှစ်ကို တန်ဖိုးထားနိုင်မည့် အနာဂတ်လမ်းကြောင်းတစ်ခုကို ချမှတ်နိုင်ရန်အတွက် ယခုအခွင့်အရေး များကို မိမိတို့ရယူကြရမည်ဖြစ်ပါကြောင်း၊ အတူတကွလုပ်ဆောင်ခြင်းအားဖြင့် မိမိတို့သည် ချမ်းသာကြွယ်ဝမှု သာမကဘဲ ခြုံငုံပါဝင်ပြီးကြံ့ကြံ့ခံနိုင်သည့် အနာဂတ်တစ်ခုအတွက် အခြေခံများကိုပါ ချမှတ်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ရည်မှန်းချက်ကြီးများအတွက် ပညာရှင် ကြီးများ၏ ကြိုးပမ်းအားထုတ်မှုများကို ကျေးဇူးအထူးတင်ပါကြောင်း၊ မြန်မာ နိုင်ငံပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့အားလုံး လက်တွဲလုပ်ဆောင်ကြပါဟု တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် သုံးသပ်ဆွေးနွေးပွဲ အစီအစဉ်များစတင်ကျင်းပရာ “ပြောင်းလဲနေသော ဗဟုဝင်ရိုး ကမ္ဘာတွင် မြန်မာနှင့်အာရှ၏ အခန်းကဏ္ဍ”၊ “၂၀၂၅ အလွန် ဗဟုဝင်ရိုး ကာလတွင် မြန်မာနိုင်ငံ ကြုံတွေ့ရမည့် ပထဝီစီးပွားရေးစိန်ခေါ်မှုများနှင့် ရရှိနိုင်သည့် အခွင့်အလမ်းများ”၊ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံ ကြုံတွေ့ရမည့် ပထဝီနိုင်ငံရေး စိန်ခေါ်မှု များနှင့် ရရှိနိုင်သည့် အခွင့်အလမ်းများ” စသည့် ခေါင်းစဉ်သုံးခုကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အီတလီ၊ နီပေါနိုင်ငံ တို့မှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်းမှ ပညာရှင်များ ပါဝင်ဆွေးနွေးကြသည်။

 

“ပြောင်းလဲနေသော ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနှင့်အာရှ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင် မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့ ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက သဘာပတိအဖြစ် ဆောင်ရွက် ပြီး University of Fudan၊ China Academy မှ Professor Mr. Zhang Wei၊ နီပေါဝန်ကြီးချုပ်ဟောင်း Mr. Madhav Kumar Nepal၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေး ဒေါက်တာဆလိုင်းငွန်ကျုံးလျန်နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ (MISIS) မှ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ဇော်တို့က ဆွေးနွေးကြသည်။

 

ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့အတွက် ဆက်သွယ်ရေး ဗဟိုချက်အဖြစ်တည်ရှိနေမှု၊ စည်းလုံးညီညွတ်မှုအင်အားဖြင့် ကုန်သွယ်ရေး ကဏ္ဍမြှင့်တင်ရေး၊ ပဋိပက္ခဖြစ်ပွားမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

ထို့နောက် “၂၀၂၅ အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံ ကြုံတွေ့ရမည့် ပထဝီစီးပွားရေး စိန်ခေါ်မှုများနှင့် ရရှိနိုင်သည့်အခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင် မြန်မာ့ပုံရိပ်ဖော် ညွှန်းရေးအဖွဲ့မှ ဒါရိုက်တာ ဒေါက်တာခင်မောင်လွင် က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ကမ္ဘာ့ရေးရာအိန္ဒိယကောင်စီမှ သုတေ သန လက်ထောက် Dr. Mehdi Hussain၊ Distance Private University School မှ Professor Mr. Lorenzo Pacini၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒါရိုက်တာ ဒေါက်တာ ဇော်ဦးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI) အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် တို့က ဆွေးနွေးကြသည်။

 

ထိုသို့ဆွေးနွေးရာတွင် ၂၀၂၅ ခုနှစ် အလွန် မြန်မာနိုင်ငံကြုံတွေ့ရမည့် စီးပွားရေးစိန်ခေါ်မှုများနှင့် ပြောင်းလဲ ဖော်ဆောင်နိုင်မည့် အခွင့်အလမ်းများ၊ မြန်မာနိုင်ငံ၏ ၂၀၂၄ ခုနှစ် GDP တန်ဖိုးနှင့် စီးပွားရေး၊ ငွေကြေးဖောင်းပွမှု လျှော့ချနိုင်ခဲ့မှု၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး တိုးတက်မှုနှုန်း ပိုမိုရရှိရန်ဖော်ဆောင်ရမည့် အကြောင်းအရာများ၊ လက်ရှိ ရင်ဆိုင်နေရသည့် ပထဝီစီးပွားရေး စိန်ခေါ်မှုများ၊ နယ်စပ်ဒေသကုန်သွယ်မှု၊ ရေနက်ဆိပ်ကမ်းများ ဖော်ဆောင်နေမှု၊ ပင်လယ်ရေကြောင်းကုန်သွယ်မှု၊ မြန်မာ-အိန္ဒိယ အရှေ့မြောက်ဒေသရှိ စီးပွားရေး ဆက်နွှယ်မှုတို့နှင့် စပ်လျဉ်း၍ အသေးစိတ် ဆွေးနွေးကြသည်။

 

ယင်းနောက် “၂၀၂၅ အလွန် ဗဟု ဝင်ရိုးကာလတွင် မြန်မာနိုင်ငံကြုံတွေ့ ရမည့် ပထဝီနိုင်ငံရေး စိန်ခေါ်မှုများနှင့် ရရှိနိုင်သည့် အခွင့်အလမ်းများ” ခေါင်းစဉ် ဖြင့် ဆွေးနွေးမှုတွင် မြန်မာ့ပုံရိပ်ဖော်ညွှန်း ရေးအဖွဲ့မှ ဒါရိုက်တာ ဦးကျော်လင်းဦးက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အိန္ဒိယနိုင်ငံ မဟာဗျူဟာ ရေးရာလေ့လာသုံးသပ် သူ Mr. Atul Aneja၊ ဂျပန်နိုင်ငံ Chiba University မှ Ms. Suzuka YOSHIDA၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့၏ အကြံပေးပုဂ္ဂိုလ် ဦးညိုအုန်းမြင့်နှင့်နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ အကြံ ပေးအဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ်တို့က ဆွေးနွေးကြသည်။

 

ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ၊ လက်ရှိ တည်ရှိနေသည့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ဆက်ဆံမှု၊ သံတမန်အခင်းအကျင်း၊ လူမျိုးစု ပေါင်းစုံတည်ရှိနေမှုနှင့် ပေါင်းစု အား လိုအပ်နေမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

ထိုသို့ ခေါင်းစဉ်အလိုက် ဆွေးနွေးသုံးသပ်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲ တက်ရောက်လာ ကြသည့် နိုင်ငံတကာမှ လေ့လာသုံးသပ်သူများ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ ပြည်တွင်းမှ နိုင်ငံရေး သုတေသီများ၊ မြန်မာနိုင်ငံအရေး စိတ်ဝင်စားကြသူများ၊ တက်ရောက်လာကြသူများ က သိရှိလိုသည်များ မေးမြန်းဆွေးနွေး ကြရာ နိုင်ငံတကာ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် များနှင့် ပြည်တွင်းမှ ပညာရှင်များက ပြန်လည်ရှင်းလင်းဖြေကြားပေးကြသည်။

 

သုံးသပ်ဆွေးနွေးချက်များကို အနှစ်ချုပ် စုစည်းဆွေးနွေး

ယင်းနောက် ဆွေးနွေးပွဲ သဘာပတိများက ဆွေးနွေးပွဲတစ်ခုလုံး၏ သုံးသပ်ဆွေးနွေးချက်များကို အနှစ်ချုပ် စုစည်း ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

 

သုံးသပ်ဆွေးနွေးပွဲကို ပြန်ကြားရေး ဝန်ကြီးဌာနကကြီးမှူး၍ မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့က စီစဉ်ကျင်းပခြင်း ဖြစ်ပြီး နိုင်ငံရေးအပြောင်းအလဲနှင့်အတူ နိုင်ငံတော်၏ အခြေအနေမှန်ကို ကမ္ဘာက သိရှိစေပြီး မြန်မာနိုင်ငံအပေါ်နားလည်မှု၊ စာနာမှုများဖြင့် ပူးပေါင်းဆောင်ရွက်လာစေရန်၊ မဟုတ်မမှန် စွပ်စွဲပြောဆိုမှုများ ကို တန်ပြန်ချေဖျက်၍ နိုင်ငံပုံရိပ် မြှင့်တင် ရန်နှင့် ၂၀၂၅ ခုနှစ်အလွန် ပြောင်းလဲလာနေသည့် ကမ္ဘာ့အခင်းအကျင်းဖြစ်သော ဗဟုဝင်ရိုးကမ္ဘာတွင် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအားသိရှိပြီး ကြိုတင်ပြင်ဆင်နိုင်မည့် နည်းလမ်းများရရှိစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်