နေပြည်တော် ဒီဇင်ဘာ ၅
၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေး ဆပ်ကော်မတီမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် လုပ်ငန်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဉီးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးဆုံး ဖြတ်ချက်များနှင့် လမ်းညွှန်ချက်များအပေါ် ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းအဖွဲ့များမှ တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန်လိုအပ်ပြီး အခြားသောဆပ်ကော်မတီများနှင့်လည်း အချိန်မီကြိုတင်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ဆပ်ကော်မတီမှတဆင့် ဗဟိုကော်မတီသို့ အချိန်မီ တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့ အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်၍ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြည်သူများအနေဖြင့် လွတ်လပ်ရေး၏ အနှစ်သာရနှင့် လွတ်လပ်ရေး၏တန်ဖိုးကို သိရှိနိုင်အောင် ခမ်းခမ်းနားနားနှင့် စည်စည်ကားကား ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီနှင့် လုပ်ငန်းအဖွဲ့များမှ တာဝန်ရှိသူများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုအပ်ပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ အားနည်းချက်များနှင့် လစ်ဟာမှုများမဖြစ်ပေါ်စေရေး၊ လုံခြုံရေးနှင့် ကျန်းမာရေးစသည်တို့ကိုလည်း ပြည့်ပြည့်စုံစုံဆောင်ရွက်ထားရန်နှင့် လုပ်ငန်းများကို စနစ်တကျဖြင့် စီမံဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် ဆပ်ကော်မတီမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များမှ တာဝန်ရှိသူများက မိမိတို့ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်