နေပြည်တော် ဖေဖော်ဝါရီ ၅
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ်၊ ကာယပညာနှင့်အားကစား နည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လယ်ဝေးအားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပသည်။
အခမ်အနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားအဖွဲ့ချုပ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် သင်တန်းနည်းပြများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ ပညာရေးစနစ်ပါ ကာယပညာသင်ကြားရေး လုပ်ငန်းကို ကျွမ်းကျင်စွာသင်ကြားနိုင်စေရေး၊ ကျောင်းသားအားကစားလုပ်ငန်းများကို စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်သည့် အရည်အသွေးပြည့်ဝသော ကာယပညာ ဆရာ၊ ဆရာမများအဖြစ် နိုင်ငံ တော်အတွက် အားထားရမည့် မျိုးဆက်သစ် ကျောင်းသားအားကစားသမားများ မွေးထုတ်ပေးနိုင်ပြီး KG+12 ကာယပညာသင်ရိုးကို ပေါက်မြောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် မွမ်းမံသင်တန်းဖြစ်သည်နှင့်အညီ သက်ဆိုင်ရာအားကစားနည်းအလိုက် အမှန်တကယ် အသုံးပြုနိုင်မည့် နည်းပြများ ပေါ်ထွန်းလာပြီး အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန၏ အားကစားပြိုင်ပွဲများတွင် ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်သည့် ဒိုင်လူကြီးများလည်း ပေါ်ထွန်းလာမည်ဖြစ်သည့်အတွက် ဒိုင်သင်ခန်းစာများကိုလည်း ထည့်သွင်း ပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားပြီး "၂၀၂၅ ခုနှစ်၊ ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်း အမှတ်စဉ်(၂)” ကို ဖွင့်လှစ်ပေးကာ သင်တန်းသား၊ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။
ယနေ့ဖွင့်လှစ်သည့်သင်တန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသား၊ သင်တန်း သူ (၃၁၀)၊ သင်တန်းနည်းပြ (၄၀)၊ စုစုပေါင်း (၃၅၀)ဦးတို့ဖြင့် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်း များတွင် သင်ကြားနိုင်မည့် ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင် အားကစားနည်း (၇)နည်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အထိ အားကစားလေ့ကျင့်ရေးစခန်း (လယ်ဝေး)၌ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်