နေပြည်တော် မတ် ၁၀    

၂၀၂၅ ခုနှစ်၊ မတ် ၁၅ ရက်တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်- ၃ ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် ဦးကျော်ရွှေထွန်း၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဉီးစွာ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) အထိမ်းအမှတ် အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။    

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုနှစ်အတွက်အပြည်ပြည်ဆိုင်ရာ စားသုံးသူအဖွဲ့အစည်း က သတ်မှတ်ပေးသော ဆောင်ပုဒ်မှာ “လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့” (A Just Transition to Sustainable Lifestyles) ဖြစ်ပါကြောင်း၊ အရည်အသွေး ပြည့်မီသော ထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်ပါက လူနေမှုဘဝ မျှတစွာအသွင်ကူးပြောင်း နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်က MSMEs ကဏ္ဍကို အားပေးမြှင့်တင် ဆောင်ရွက်ပေးနေ ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံစားသုံး သူကာကွယ်ရေးကော်မတီတွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ အာဆီယံစားသုံးသူကာကွယ်ရေး မဟာဗျူဟာလုပ်ငန်း စီမံချက် (၂၀၁၆-၂၀၂၅)ကို အာဆီယံနိုင်ငံများနှင့်အတူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေး အတွက် အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများ စိစစ်ခြင်းတို့ကိုဆောင်ရွက်လျက် ရှိပါကြောင်း၊ “လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင် ကူးပြောင်းစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လူနေမှုဘဝရေရှည်တည်တံ့စေရန် စားသုံးသူများ အတွက် ပိုမိုကောင်းမွန်သည့် အကာအကွယ်၊ ကျန်းမာသောရွေးချယ်မှု၊ ကောင်းမွန်သော ပတ်ဝန်းကျင်ရရှိစေရန် ဝန်ထမ်းများက သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားသည်။ 

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး Video Clip ပြသခြင်း၊ ဂုဏ်ပြုသီချင်းတေးသရုပ်ဖော်နှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း သရုပ်ဖော်တို့ကို တင်ဆက်ကပြကြကာ  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်