နေပြည်တော်၊ မတ် ၁၀

 

၂၀၂၅ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၊ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊  အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 

အစည်းအဝေးသို့ မဟာသင်္ကြန်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ မဟာသင်္ကြန်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌက  မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းအဖြစ် အတည်ပြု သတ်မှတ်ပြီးဖြစ်သည့်အတွက် ယခုနှစ်တွင် ကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို နေပြည်တော်တွင် ယခင်နှစ်များထက်ပိုမို၍ ခမ်းခမ်းနားနား ကျင်းပသွားမည်ဖြစ်ပါကြောင်း၊  ဖွဲ့စည်းထားသည့် ဆပ်ကော်မတီများအလိုက် မိမိတို့ဆောင်ရွက်ရမည့် အသေးစိတ် လုပ်ငန်းအစီအမံများကို ဆပ်ကော်မတီအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ချိတ်ဆက်ပြီး အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုမပျက် ယဉ်ကျေးပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပြီး အများပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်စေရန်အတွက် မဟာသင်္ကြန်ပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာ ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ သင်္ကြန်ပွဲတော်အတွင်း အန္တရာယ်ကင်းရှင်းပြီး လုံခြုံရေး လစ်ဟင်းမှုမရှိစေရေးကိုလည်း အလေးထားဆောင်ရွက်ကြရန်နှင့် ယခင်နှစ်က ကျင်းပခဲ့သည့် အတွေ့အကြုံများအရ အားသာချက်၊ အားနည်းချက်၊ အကြံပြုချက်များကိုလည်း ပြည့်ပြည့်စုံစုံ ဖြည့်စွက်ရှင်းလင်း တင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် မဟာသင်္ကြန်ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးဇော်မြင့်ဦးက ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် လုံခြုံရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး၊ ရေရရှိရေးနှင့် ရေပက်ကစားရေး ဆပ်ကော်မတီ၊ ဖျော်ဖြေရေးနှင့် ပြန်ကြားရေးဆပ်ကော်မတီ၊ ကျန်းမာရေးနှင့် သန့်ရှင်းရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊ ဘဏ္ဍာရေး ဆပ်ကော်မတီနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက ယခင်နှစ်မဟာသင်္ကြန်ပွဲတော် ကျင်းပဆောင်ရွက်ခဲ့မှုအပေါ် တွေ့ကြုံခဲ့ရသည့် အားသာချက်၊ အားနည်းချက်များ၊ ယခုနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး မဟာသင်္ကြန်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်