နေပြည်တော် ဒီဇင်ဘာ ၂၉

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အပန်းပြေပျော်ရွှင်စေရန်နှင့် ၂၀၂၅ ခုနှစ် နှစ်သစ်ကို သာယာပျော်ရွှင်ချမ်းမြေ့စွာ ကြိုဆိုနိုင်ရန် နိုင်ငံတော်၏ သာယာတည်ငြိမ်အေးချမ်းမှုတို့ကိုဖော်ပြရန် ရည်ရွယ်၍ ကျင်းပသည့် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအား ကစားလေ့ကျင့်ရေးကွင်းအမှတ် ၁ နှင့် ၂ ၌ ကျင်းပရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

 

ယနေ့သည် အများပြည်သူရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ မွန်းလွဲပိုင်းမှ စတင်၍ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများသည် ဂီတဖျော်ဖြေပွဲကျင်းပမည့် ဝဏ္ဏသိဒ္ဓိ အားကစား လေ့ကျင့်ရေးကွင်းများအတွင်းသို့ မိသားစုအလိုက်၊ မိတ်ဆွေသူငယ်ချင်းအစုအဖွဲ့အလိုက် ပါဝင်ဆင်နွှဲရန် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် တစ်ဖွဲဖွဲ လာရောက်ကြသည်ကိုတွေ့ မြင်ရသည်။

 

ထိုသို့ တေးဂီတဖျော်ဖြေပွဲသို့ လာရောက်ပါဝင်ဆင်နွဲကြသူများကို လုံခြုံစိတ်ချစွာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်စေရန်အတွက် ကွင်းအတွင်းသို့ ဝင်ရောက်စဉ် တာဝန်ရှိသူများက ဝင်ပေါက် ဂိတ်များတွင် လုံခြုံရေးအရလိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ပြီး ဖျော်ဖြေပွဲဝန်းကျင် နေရာများ၌လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ သေချာကြည့်ရှုစောင့်ကြပ်လျက်ရှိသည်ကိုလည်း တွေ့ရသည်။

 

တေးဂီတဖျော်ဖြေပွဲသို့ ဝင်ရောက်ရသည့် ဂိတ် (၁) နှင့် (၄) အဝင်ဝမှ ဖျော်ဖြေပွဲကျင်းပမည့် စတိတ်စင်အထိ လျှောက်လမ်းများတွင် ရောင်စုံအလှမီးများ လှပဝေဆာစွာ ဆင်ယင် ထွန်းညှိထားသည့်အပြင် ပွဲတော်ရက်အတွင်း လာရောက်အပန်းဖြေ လည်ပတ်ကြမည့် ကလေး/ လူကြီးများ စိတ်အပန်းပြေ ပျော်ရွှင်စေရန်အတွက် ပွဲတော်အတွင်းရှိနေရာများ၌ နီယွန် အလှမီးများဖြင့် ထွန်းညှိအလှဆင်ထားပြီး အလှဓာတ်ပုံရိုက်ရန် Photo Booth များ၊ အပျော်တမ်း ဂိမ်းကစားနည်းများ၊ ချားရဟတ်နှင့် ကလေးကစားကွင်းများကို ထည့်သွင်းထားရာ လူများစိတ်ပါဝင်စားသည့် အစီအစဉ်တစ်ခုလည်း ဖြစ်သည်။

 

တေးဂီတဖျော်ဖြေပွဲတွင် နိုင်ငံကျော်တေးသံရှင်များ၊ Dancer များက DJ ပညာရှင်များ၊ Music Band များဖြင့် တွဲဖက်၍ ပရိသတ်အကြိုက် တေးသီချင်းများဖြင့်လည်းကောင်း၊ ထိုင်းနိုင်ငံမှ Copy Show အဖွဲ့က “The Gang Of Popular Copy Show” ဖြင့် လည်းကောင်း ကပြသီဆိုဖျော် ဖြေတင်ဆက်ကြရာ ပရိတ်သတ်များ အားပါတရလိုက်ပါသီဆို၍ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

 

ထို့ပြင် လာရောက်လည်ပတ်ကြသူများ စာရေးသောက်ရေး အဆင်ပြေစွာ ဝယ်ယူ စားသောက်နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များ အပါအဝင် ဆိုင်ခန်းပေါင်း ၅၀ ကျော် ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ ဝယ်ယူစားသောက်ကြ သူများဖြင့် စည်ကားလျက်ရှိပြီး ပျော်ရွှင်မှုများနှင့်အတူ သန့်ရှင်းစွာစည်းကမ်းရှိသည့် ပွဲတော်ဖြစ်စေရေးအတွက် အမှိုက်များ စနစ်တကျစွန့်ပစ်ရန် အမှိုက်ပုံးများအပြင် Mobile Toilet များထား ရှိသည်ကိုလည်း တွေ့ရသည်။

 

၂၀၂၅ ခုနှစ် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲကို လာရောက်အပန်းဖြေလည်ပတ် ဆင်နွှဲကြမည့် သူများအတွက် ဒီဇင်ဘာ ၃၀ ရက်တွင် မွန်းလွဲ ၃ နာရီ မှ စတင်၍ ည ၁၀ နာရီအထိ ဖျော်ဖြေရေးအစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ့ရိုးရာဇာတ်သဘင်အဖွဲ့၏ “သဘင်အကနှင့် လှမည့်ည” ဖျော်ဖြေမှုအပါအဝင် ဖျော်ဖြေရေးအစီအစဉ်များကို ညနေ ၅ နာရီမှ စတင်၍ ည ၁၀ နာရီအထိ ဖျော်ဖြေတင်ဆက်သွားကြမည်ဖြစ်ကာ ဒီဇင်ဘာ ၃၁ ရက်တွင် Coundtdown ရေတွက်မည့် အစီအစဉ်အပါအဝင် ဖျော်ဖြေရေးအစီအစဉ်များကို ညနေ ၅ နာရီမှ စတင်၍ ည ၁ နာရီအထိ သီဆိုကပြဖျော်ဖြေတင်ဆက် သွားကြမည်ဖြစ်သည်။ ဝင်ကြေးကို အခမဲ့သတ်မှတ်ထားပြီး ပွဲတော်သို့ လာရောက်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ခရီးစဉ်သုံးခု သတ်မှတ်၍ မော်တော်ယာဉ်ကိုးစီးဖြင့် အခမဲ့အသွားအပြန် ပို့ဆောင်ပေးသွားမည် ဖြစ်သဖြင့် မည်သူမဆို လာရောက်လည်ပတ်ပါဝင်ဆင်နွှဲနိုင် ကြောင်း သိရသည်။

 

သတင်း- လုလင်ပျို/ ဓာတ်ပုံ - အေးပြည့်စုံ