ဘင်္ဂလားပင်လယ်အော်အခြေအနေ
၁။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါသည်။
မိုးအခြေအနေနှင့် မိုးရွာရက်
၂။ မိုးရွာသွန်းမှုအခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
၃။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ၃ ရက်မှ ၅ ရက်ခန့်နှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် ၁ ရက်မှ ၂ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
ညအပူချိန်
၄။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက်ပိုနိုင်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ဖေဖော်ဝါရီလပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။
မြူအခြေအနေ
၅။ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် ၄ ရက်မှ ၇ ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ၁ ရက်မှ ၃ ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ပါသည်။
မြစ်ရေအခြေအနေ
၆။ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် ပေဝက်မှ ၁ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၃ လက်မမှ ပေဝက်ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ပေဝက်ခန့်စီ လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။
၇။ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်ခန့်စီ လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါ သည်။
၈။ ဒုဋ္ဌဝတီမြစ်ရေသည် ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်ခန့်စီ၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ပေဝက်ခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၃ လက်မခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့တွင် ၃ လက်မခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၁ ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ပေဝက်ခန့်နှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၃ လက်မခန့်၊ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၃ လက်မခန့်၊ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ၃ လက်မခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ၁ ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့တို့တွင် ပေဝက်ခန့်စီနှင့် ပုသိမ်မြို့တွင် ၂ ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။
Crd> မိုး/ဇလ