ဇလွန် စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများ၊ သင်ကြားပြသခဲ့သော ဆရာ ဆရာမ များနှင့် မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် အထက(၁) ကျောင်းသား ကျောင်းသူလေးများက ပညာရည်ချွန်ဆုနှင်းသဘင် သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပြသခဲ့သည့် ဆရာ ဆရာမများ၊ ရာနှုန်းပြည့် အောင်မြင်သော ကျောင်းများနှင့် မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုရကျောင်းများနှင့် ၂၀၂၅ ခုနှစ် သဘာဝဘေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရသည့် ဒေသများရှိ ရဟန်းသံဃာ၊ ပြည်သူများအတွက် အလှူငွေလှူဒါန်းမှုအား ဂုဏ်ပြု မှတ်တမ်းလွှာများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ဆုများနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား ကျောင်းသူများက ပညာ့ပန်းခင်းသီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဇလွန်(ပြန်/ဆက်)


