ရန်ကုန် မတ် ၂၂ 
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မတ် ၁၇ ရက်မှ စတင်ဖြေဆိုခဲ့ရာ ယနေ့တွင် ဇီဝဗေဒ/ ဘောဂဗေဒ နောက်ဆုံးဘာသာရပ်ကို ရန်ကုန်တိုင်းဒေသကြီးရှိ သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၉၁ ခု၌ ကျောင်းသား၊ ကျောင်းသူ ၃၉၂၆၃ ဦး ဖြေဆိုရန် စာရင်းပေးသွင်းခဲ့ပြီး ယနေ့ ဇီဝဗေဒ/ ဘောဂဗေဒဘာသာရပ် ဖြေဆိုသူ စုစုပေါင်း ၃၇၂၉၅ ဦးရှိကြောင်း သိရသည်။
“ကျောင်းသား၊ ကျောင်းသူတွေ ဖြေဆိုတဲ့ ဘာသာရပ်အလိုက် အဆင်ပြေချောမွေ့ အောင်မြင်စွာနဲ့ ဖြေဆိုနိုင်တဲ့အပေါ် ဝမ်းသာပီတိဖြစ်ရပါတယ်။ စာမေးပွဲပြီးဆုံးပြီဆိုပေမယ့် အချိန်ကို တန်ဖိုးရှိရှိ အသုံးချတဲ့အနေနဲ့ မိဘကိုကူညီပေးရင်း စာပေဖတ်ရှုတာ၊ သင်တန်းတွေ တက်‌ရောက်တာမျိုးတွေနဲ့ ဖြတ်သန်းစေလိုပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ အားလုံးတက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်လာတဲ့အခါမှာ ကိုယ်မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးက ပြောကြားသည်။
ယနေ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇီဝဗေဒဘာသာရပ်၌ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၁၈၈၈၁ ဦးနှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၁၈၄၁၄ ဦး ရှိကြောင်း သိရသည်။
ဓာတ်ပုံ-ကနူး
ညိမ်းသူ (သတင်းစဉ်)