ပျံချီ

 

၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ဆောင်ခရမ်ဟူသည့် ရေကစားပွဲတော်အား ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုလိုက်သဖြင့် ၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံ ဆောင်ခရမ်ပွဲတော်အား ဝှဲချီးကျင်းပကာ နာမည်ကျော်အနုပညာရှင်များဖြင့် promotion ဆင်းကာ ခရီးသွားလုပ်ငန်းတိုးတက်စေရေး လုပ်ဆောင်ခဲ့ကြပါသည်။ ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ထိုင်းတို့က ခိုးသွားသည်ဆိုသူဆို၊ အစိုးရအလုပ် မလုပ်ဘူးဆိုသူဆို၊ ဒီတိုင်းကြည့်နေရမှာလားဆိုသူဆို စသဖြင့် ဝေဖန်သံများစွာ ထွက်ပေါ်လာခဲ့ပါသည်။ ထိုင်းနိုင်ငံမှ ဆောင်ခရမ်အား ICH (Intangible Cultural Heritage) ဟူသည့် ဒြပ်မဲ့ယဉ်ကျေးမှု UNESCO သို့ တင်သွင်းရာတွင် ထိုင်းနိုင်ငံသားတို့ နှစ်စဉ်နှစ်တိုင်း ဆင်နွှဲသည့် ပွဲတော်တစ်ခုအနေဖြင့်သာ တင်ခဲ့ပြီး မြန်မာ့ရိုးရာအတာသင်္ကြန်၏မူရင်းပုံစံဖြင့် တင်ခွင့်မရရှိခဲ့သည်ကို သိရှိသူနည်းပါးလှသည်။ မြန်မာ့ရိုးရာအတာသင်္ကြန်ကိုလည်း ICH စာရင်းဝင်ရန်အတွက် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Myanmar Cultural Heritage Trust) ကဲ့သို့ NGO အဖွဲ့များ၊ Living Myanmar Media Group နှင့် Ko Hein’s Vlog ကဲ့သို့ မီဒီယာနှင့် ဆိုရှယ်မီဒီယာအဖွဲ့များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအား ချစ်မြတ်နိုးသည့် ပညာရှင်များနှင့် ပြည်သူများ ပူးပေါင်းကာ ၂၀၂၄ ခုနှစ်တွင် ကြိုးစား ဆောင်ရွက်ခဲ့ကြောင်း ကြားသိရပါသည်။

 

ICH ဟူသည့် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အား ယူနက်စကိုအဖွဲ့က ၂၀၀၉ ခုနှစ်တွင် စတင်သတ်မှတ်ကာ ကမ္ဘာ့နိုင်ငံများ အသီးသီးရှိ လူမျိုးများ၏ ရိုးရာဓလေ့များ၊ အစဉ်အလာများ၊ ပွဲတော်များနှင့် ပစ္စည်းများအား ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ထားပါသည်။ ရှေးဟောင်းမြို့တော်များ၊ သမိုင်းဝင်နေရာများအား ဒြပ်ရှိယဉ်ကျေးမှုအဖြစ် သတ်မှတ်ထားပြီးဖြစ်ရာ လူမျိုးတစ်ခုစီ၏ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုတို့အား ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အခန်းကဏ္ဍသစ်တစ်ရပ် တိုးချဲ့ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ တစ်နည်းဆိုရသော် Hard power နှင့် Soft power ကဲ့သို့ နိုင်ငံတစ်ခု၏ အင်အားကို ပြသရာတွင် ပုဂံ၊ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း နှင့် ညောင်ကန်ဒေသကဲ့သို့ အခိုင်အမာ ရှိပြီးဖြစ်သော မြန်မာတို့၏ သမိုင်းအမွေ အနှစ်များနှင့် ၁၂ လရာသီပွဲတော်၊ ဒေသအလိုက်ပွဲတော်များ၊ ဓလေ့များ သည် မြန်မာ့သမိုင်း၏ Soft Power များ ဖြစ်သည်။ ယူနက်စကိုက သတ်မှတ်ထား သော စံချိန်စံညွှန်းများနှင့် ကိုက်ညီသော ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုများအား နှစ်စဉ်ဒီဇင်ဘာလအတွင်း ပြုလုပ်သော ညီလာခံတွင် မဲခွဲဆုံးဖြတ်ကာ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ထည့်သွင်း အသိအမှတ်ပြုကြပါသည်။

 

ထိုကဲ့သို့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းအတွက် အဆိုပြုတင်သွင်းရာတွင် ယူနက်စကိုအနေဖြင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသခံများ၏တင်ပြချက်များကိုသာ အဆုံးအဖြတ်ပေးခြင်းဖြစ်ကာ နိုင်ငံများ၏ အစိုးရများအနေဖြင့် ထိုလုပ်ငန်းစဉ်အား ကိုယ်တိုင် First person အနေဖြင့် လုပ်ဆောင်၍မရနိုင်ချေ။ အစိုးရအနေဖြင့် ထိုကဲ့သို့လုပ်ဆောင်နေသည့် အဖွဲ့အစည်းများအား သံတမန်ရေးရာ အကူအညီနှင့် နောက်ကွယ်မှ ကူညီပံ့ပိုးပေးခြင်း၊ ရုံးလုပ်ငန်းဆိုင်ရာ တရားဝင်နည်းလမ်းများအား ကူညီ ဆောင်ရွက်ခြင်းစသည့် ကူညီထောက်ပံ့သည့် နေရာတွင်သာနေကာ ဆောင်ရွက်နိုင်ပါသည်။ ထိုအချက်အား မြန်မာနိုင်ငံသားအများစုသိရှိခြင်း မရှိသည်ကို လွန်ခဲ့သောနှစ်တွင်တွေ့ရှိခဲ့ရသည်။ ထိုင်းနိုင်ငံ၏ ဆောင်ခရမ်အား ICH တင်စဉ်ကပင် ထိုင်းနိုင်ငံခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တင်ပြခြင်း မဟုတ်ဘဲ ဘန်ကောက်အခြေစိုက် လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာအဖွဲ့များက ၂၀၂၂ ခုနှစ်တွင် တင်ပြခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ၂၀၂၃ ခုနှစ်တွင် MCHT အဖွဲ့သည် Living Myanmar Media Group၊ Ko Hein’s Vlog စသည့် မီဒီယာများနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံအနှံ့ ဒေသအသီးသီးရှိ မြန်မာ့ယဉ်ကျေးမှုအား ထိန်းသိမ်းစောင့်ရှောက်လိုသည့် ပညာရှင်များ၊ ဒေသခံများဆီမှ ရိုးရာအတာသင်္ကြန်သည် မြန်မာနိုင်ငံသားများအားလုံး ပူးပေါင်းဆင်နွှဲလျက်ရှိသော မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုဖြစ်ပါသည်ဟူသည့် အချက်အလက်များဖြင့် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုနိုင်ရေး ယူနက်စကိုသို့ တင်သွင်းခဲ့ကြပါသည်။ ထိုသို့တင်ပြရာတွင် မြန်မာနိုင်ငံ၏ နေရာဒေသအသီးသီးတွင် ရိုးရာအတာသင်္ကြန်အားဆင်နွှဲနေကြသည့် ပုံရိပ်များ၊ ပညာရှင်များက မြန်မာ့ရိုးရာအတာသင်္ကြန်သည် မြန်မာတို့၏ မူပိုင်ရိုးရာအမွေအနှစ်ဖြစ်ကြောင်း ဟိန္ဒူအယူအဆမှ မဟုတ်ဘဲ ဗုဒ္ဓဘာသာ၏ ယဉ်ကျေးမှု အမွေအနှစ်အစစ်ဖြစ်ကြောင်း သမိုင်းဆိုင်ရာသုတေသန ပြုလုပ်ချက်များစသဖြင့် သက်သေ အထောက်အထားများအား ဗီဒီယိုများပြုလုပ်ကာ Footage အဖြစ် စာတမ်းနှင့်တကွ တင်ပြခဲ့ပါသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် မြန်မာ့ရိုးရာအတာသင်္ကြန်သည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု တစ်ခုအဖြစ် စာရင်းသွင်းရန် ဆန်ခါတင်အဆင့်သတ်မှတ်၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ပါရာဂွေး နိုင်ငံတွင်ကျင်းပမည့် ယူနက်စကို၏ (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ညီလာခံတွင် မြန်မာ့ရိုးရာအတာသင်္ကြန်အား မြန်မာတို့၏ ကိုယ်ပိုင်ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် အတည်ပြုမဲခွဲဆုံးဖြတ်ရန် စီစဉ်ထားပါသည်။

 

ဤကဲ့သို့သော အောင်မြင်မှု၏ နောက်ကွယ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပါအဝင် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ကူညီမှုများ၊ မြန်မာနိုင်ငံသားများ၏ ဝိုင်းဝန်းကူညီအားပေးမှုများ ရှိနေခဲ့ပါသည်။ အစိုးရက မည်မျှထောက်ပံ့စေကာမူ ဒေသခံပြည်သူများ၏ အားပေးမှုမရလျှင်သော်လည်းကောင်း၊ ပြည်သူတို့က မည်မျှအားပေး ကူညီစေကာမှု သံတမန်ရေးရာနယ်ပယ်နှင့် ရုံးပိုင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများတွင် အစိုးရ၏ကူညီထောက်ပံ့မှု မရလျှင်သော်လည်းကောင်း မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် အောင်မြင်မှု ရရှိမည်မဟုတ်ပေ။ နိုင်ငံတော်အစိုးရနှင့် ပြည်သူနှစ်ဦးနှစ်ဖက်ညီညွတ်စွာ ဝိုင်းဝန်းလုပ်ဆောင်သည့် စည်းလုံးခြင်း၏ ရလဒ်အနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံသားများသည် ရိုးရာအတာသင်္ကြန် ပွဲတော်အား ကမ္ဘာကအသိအမှတ်ပြုသည့် ကိုယ်ပိုင်ရိုးရာပွဲတော်အဖြစ် ဂုဏ်ယူကာကျင်းပနိုင်တော့မည် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံတွင် ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် အမွေအနှစ်စာရင်းဝင်ရန် ၁၂ လ ရာသီပွဲတော်များဖြစ်သည့် သီတင်းကျွတ် ပွဲတော်၊ တန်ဆောင်တိုင်ပွဲတော်ကဲ့သို့ ပွဲတော်များ၊ ပုန်းမကြည်ပွဲကဲ့သို့ ကျေးလက်ရိုးရာပွဲများ၊ မနောပွဲ၊ ဒုံးယိမ်းပွဲနှင့် ကောက်သစ်စားပွဲကဲ့သို့ တိုင်းရင်းသား အသီးသီး၏ ပွဲတော်များ၊ တောင်ပြုန်း နှင့် ပခန်းရှိ ရိုးရာနတ်ပွဲများအပြင် မြန်မာ့သနပ်ခါး၊ ချိတ်လုံချည်၊ ငှက်ကြီး တောင်ဓား၊ ရုပ်သေးပညာ၊ ယွန်းပညာ၊ ဆိုင်းဝိုင်း၊ မြန်မာ့လက်ဝှေ့၊ ဗန်တိုဗန်ရှည် စသဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် သတ်မှတ်နိုင်သော အမျိုးအစားပေါင်း ၂၀၀၀ ကျော် ပိုင်ဆိုင်ထားရှိပါသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ သည် မိမိတို့အား ဘိုးဘေးတို့က အမွေ ပေးခဲ့ခြင်းဖြစ်ရာ နောင်လာနောက်သား မျိုးဆက်သစ်များအတွက် ရိုးရာအမွေ အနှစ်မှသည် ကမ္ဘာ့အမွေအနှစ်အဖြစ် တင်သွင်းနိုင်သည်အထိ လက်ဆင့်ကမ်း ပေးနိုင်ရန်လိုအပ်လှပါသည်။ ယနေ့ခေတ် ကမ္ဘာတွင် Multicultural အဖြစ် ယဉ်ကျေးမှုများ ရောနှောဆက်သွယ်ရာ တွင် နိုင်ငံအသီးသီးသည် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုအား နည်းလမ်း အမျိုးမျိုးဖြင့် ထိုးဖောက်လွှမ်းမိုးနိုင်ရန် ကြိုးစားလျက်ရှိသည်။ မိမိတို့သည် နဂိုယဉ်ကျေးမှု ကိုယ်ခံအားနည်းပါးပါက အခြားသော ယဉ်ကျေးမှုများ အလွယ်တကူလွှမ်းမိုးခံရကာ ကိုယ်ပိုင်ပုံရိပ်နှင့် အနှစ်သာရရှိသည့် ရိုးရာယဉ်ကျေးမှုများ ပျောက်ကွယ်သွားနိုင်မည့် အန္တရာယ် ရှိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသား များအနေဖြင့် ရိုးရာအတာသင်္ကြန်ပွဲတောကဲ့သို့ပင် အခြားသောမိမိတို့၏ ကိုယ်ပိုင် ရိုးရာဓလေ့များ၊ ပွဲတော်များနှင့်အခြား အမွေအနှစ်များအား ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု စာရင်းဝင်သည်အထိ ထိန်းသိမ်းဆောင်ရွက်နိုင်ရန် NGO အဖွဲ့အစည်းများ၊ မီဒီယာများ၊ ဒေသခံများ ပူးပေါင်းကာဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ရင်း ၂၀၂၅ ခုနှစ်တွင် မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုအဖြစ် ကမ္ဘာက အသိအမှတ်ပြုခံရ တော့မည်ဖြစ်သည့် ရိုးရာအတာသင်္ကြန်ပွဲတော်အား စည်ကားပျော်ရွှင်စွာ ဆင်နွှဲကျင်းပနိုင်ရန် သတင်းစကားပါးလိုက်ပါသည်။