မြောက်အမေရိကတိုက် ကနေဒါနိုင်ငံ (Canada) မှာ ၂၀၂၅ ခုနှစ် ဧပြီလ ၂၈ ရက်က ဗဟိုအစိုးရ ရွေးကောက်ပွဲများပြုလုပ်ခဲ့ပြီး နောက်တစ်နေ့ ဧပြီလ ၂၉ ရက်မှာ ရွေးကောက်ပွဲရလဒ် အများစုထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ထရမ့်ကို တောက်လျှောက် ဆန့်ကျင်ဝေဖန်ခဲ့တဲ့ လက်ရှိဝန်ကြီးချုပ် တာဝန်ယူ ထားသူ Mark Carney ဦးဆောင်တဲ့ လစ်ဘရယ်ပါတီ (The Liberal Party) ဟာ မဲဆန္ဒနယ်အများစုကို အနိုင်ရသွားပါတယ်။ အခုဆို Mark Carney ထံ ယူကရိန်းသမ္မတ ဇာလန်စကီးအပါအဝင် ကမ္ဘာ့နိုင်ငံခေါင်းဆောင် အများအပြားက ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေ ပေးပို့နေကြပါပြီ။
တစ်နည်း ၂၀၁၅ ခုနှစ်ကတည်းက ကနေဒါနိုင်ငံကို အုပ်ချုပ်နေတဲ့ လစ်ဘရယ်ပါတီဟာ နောက်ထပ်ငါးနှစ် ဆက်လက်အုပ်ချုပ်ခွင့်ရမယ့် သဘောဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်မီ တစ်နှစ်ခန့်က အနိုင်ရမယ်လို့ ရှေ့ပြေးနေခဲ့တဲ့ Pierre Poilievre ဦးဆောင်တဲ့ ကွန်ဆာဗေးတစ်ပါတီ (The Conservative Party) ကတော့ ဒုတိယနေရာနဲ့ပဲ နှစ်သိမ့်ခဲ့ရပါတယ်။ Pierre Poilievre ဟာ သူ့ပါတီ ရှုံးနိမ့်ရုံတင်မဟုတ်ဘဲ သူကိုယ်တိုင်ပါ သူ့မဲဆန္ဒနယ်မှာ ရှုံးနိမ့်ခဲ့တာဖြစ်လို့ Pierre Poilievre ရဲ့ နိုင်ငံရေး အနာဂတ်ပါ မသေချာမရေရာ ဖြစ်သွားခဲ့ပါတယ်။
ယခု ကနေဒါရွေးကောက်ပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အရိပ်က ကြီးမားစွာ လွှမ်းမိုးမှုရှိနေပါတယ်။ ထရမ့်က ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်အဖြစ် အလိုရှိ တယ်လို့ ၂၀၂၄ အမေရိကန် ရွေးကောက်ပွဲမတိုင်မီမှာကော ရွေးကောက်ပွဲနိုင်ပြီး နောက်ပိုင်းမှာပါ ပြောဆိုထားတာကြောင့် ကနေဒါနိုင်ငံတစ်ဝန်း အမေရိကန်ဆန့်ကျင်ရေး ပျံ့နှံ့ကြီးထွားနေချိန်မှာ အခုလို ရွေးကောက်ပွဲများ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ကနေဒါနိုင်ငံဟာ ကမ္ဘာမှာ ဧရိယာ နယ်နိမိတ် ဒုတိယအကြီးမားဆုံး နိုင်ငံဖြစ်ပြီး G-7 လို့ခေါ်တဲ့ ကမ္ဘာ့စက်မှု ထိပ်သီးနိုင်ငံများ စာရင်းဝင်လည်း ဖြစ်ပါတယ်။ နိုင်ငံတကာ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး အညွှန်းကိန်းများမှာလည်း ထိပ်ဆုံးကအမြဲရှိနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စစ်အင်အားလည်း အတော်အသင့် ကြီးမားတဲ့ နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့အရေးအရာများမှာလည်း တက်တက်ကြွကြွ ပါဝင်လေ့ရှိပြီး အထူးသဖြင့် အနောက်နိုင်ငံများအနက် လစ်ဘရယ်အကျဆုံး နိုင်ငံတစ်နိုင်ငံအဖြစ်လည်း ထင်ရှားပါတယ်။ တစ်ခါတစ်ရံ ကနေဒါစစ်သင်္ဘောအချို့ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်ကျွန်းဘက်မှာ တွေ့မြင်ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာတတ်ပါတယ်။
ကနေဒါဟာ ဧရိယာနယ်နိမိတ် ကြီးမားပြီး စက်မှုထိပ်သီးနိုင်ငံ ဖြစ်ပေမယ့် လူဦးရေက သန်း ၄၀ သာသာရှိတာမို့ မဟာအင်အားကြီး စာရင်းအနေနဲ့တော့ သတ်မှတ်လို့မရပါဘူး။ သို့သော် လူ့အခွင့် အရေး၊ ဒီမိုကရေစီအရေးနဲ့ ပတ်သက်ရင် အသံကျယ်တယ်ပေါ့။ စွာတယ်ပေါ့။
မြန်မာအနေနဲ့ ကနေဒါက အဝေးကြီးဖြစ်ပါတယ်။ သို့သော် ကနေဒါဟာ ဟိုးအရင်ကတည်းက ပြည်ပထွက်လိုတဲ့ မြန်မာလူငယ်များအကြားမှာ ရေပန်းစားပါတယ်။ နိုင်ငံတကာ လူငယ်အများအပြား ရဲ့ပညာရေး အိပ်မက်ထဲမှာလည်း ကနေဒါက ထိပ်ဆုံးက ပါပါတယ်။ ကနေဒါမှာလည်း အာရှလူမှု အသိုင်းအဝိုင်းက ကြီးကြီးမားမား တည်ရှိနေပြီး ကနေဒါ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးက အာရှတိုက်သားများ ဖြစ်ပါတယ်။
အဲဒီထဲမှာ တရုတ်လူမျိုးက အများဆုံးဖြစ်ပြီး ကနေဒါမှာ အထူးသဖြင့် ကနေဒါမြို့ကြီး အချို့မှာ တရုတ်များလွန်းလို့ အချို့က ကနေဒါကို Chinada ဆိုပြီး နောက်ပြောင် ခေါ်ဝေါ်ကြပါတယ်။ အခု ရွေးကောက်ပွဲမှာလည်း နိုင်ငံရေးသမားအချို့က လူဝင်မှုကိစ္စတွေအပေါ် ထောက်ပြဝေဖန်မှုတွေ ရှိပါတယ်။ ကနေဒါမှာ အပြင်ကလူတွေ သိပ်များနေပြီပေါ့။ ကြာရင် ကနေဒါပုံရိပ်၊ ကနေဒါ အမှတ်အသားတွေ ပျောက်ကွယ်သွားမယ်ဆိုပြီး အမေရိကန်က ထရမ့်လိုမျိုး သူတို့ဆီမှာလည်း အမျိုးသားရေး နိုင်ငံရေးသမားတွေ ရှိပါတယ်။
ကြုံတိုင်းရေးရရင် အခုဧပြီလမှာ ပြုလုပ်တဲ့ ကနေဒါရွေးကောက်ပွဲနဲ့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ ပြုလုပ်ခဲ့တဲ့ ဂျာမနီရွေးကောက်ပွဲများမှာ တိုက်ဆိုင် တူညီမှုအချို့ရှိပါတယ်။ ရွေးကောက်ပွဲ မတိုင်မီ နှစ်ရက်အလိုမှာ ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့ (Vancouver) မှာ ဖိလစ်ပိုင် ရိုးရာပွဲတော်တစ်ခု ကျင်းပနေစဉ် ကားတစ်စီးက လူအုပ်ထဲအတင်း တိုးဝင်တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၁ ယောက် သေပြီး ဒါဇင်နဲ့ချီပြီး ဒဏ်ရာရသွားကြပါတယ်။ ကနေဒါသမိုင်းမှာ အဆိုးရွားဆုံး မှုခင်းတစ်ခုအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
ဂျာမနီမှာလည်း ရွေးကောက်ပွဲမတိုင်မီ ရက်အနည်းငယ်အလိုမှာ မြူးနစ်မြို့ (Munich) မှာ ကားနဲ့ လူအုပ်ထဲ ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့လို့ လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ အဲဒီလို တိုက်ခိုက်မှုတွေဟာ ရွေးကောက်ပွဲတွေနဲ့ ဆက်စပ်မှုရှိသလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာစေပါတယ်။ နောက်တိုက်ဆိုင်မှု တစ်ခုက ဂျာမနီမှာရော ကနေဒါမှာပါ အမျိုးသားရေး ပါတီတွေဟာ တစ်နည်း လက်ယာပါတီတွေဟာ အမေရိကန်သမ္မတ ထရမ့်တို့၊ ထရမ့်ရဲ့ လူရင်း အီလွန်မတ်တို့နဲ့ နီးစပ်မှုရှိပါတယ်။ အဲဒီလို နီးစပ်မှု၊ နီးစပ်တယ်လို့ ထင်မြင်မှုတွေကပဲ ရွေးကောက်ပွဲတွေ မှာ အမျိုးသားရေး ပါတီတွေကို ထိခိုက်သက်ရောက်မှု တစ်စုံတစ်ရာ ရှိတယ်လို့ သုံးသပ်ယူဆကြပါတယ်။
ဂျာမနီရွေးကောက်ပွဲမှာ အမျိုးသားရေး လက်ယာပါတီ AfD ဟာ ဒုတိယနေရာရခဲ့ပြီး သူတို့ မျှော်မှန်းသလောက် မဲအရေအတွက် မရခဲ့ပါဘူး။ အခု ကနေဒါရွေးကောက်ပွဲမှာလည်း အမျိုးသားရေး လက်ယာပါတီ The Conservative Party ဟာ ဒုတိယနေရာရခဲ့ပြီး သူတို့မျှော်မှန်းသလောက် မဲအရေအတွက် မရခဲ့ပါဘူး။
လိုရင်းဖြစ်တဲ့ ကနေဒါရွေးကောက်ပွဲကို သုံးသပ် ကြည့်ရအောင်ပါ။ အခု ကနေဒါရွေးကောက်ပွဲမှာ အဓိက ယှဉ်ပြိုင်တဲ့ ပါတီကြီး နှစ်ခုက လစ်ဘရယ် ပါတီ (The Liberal Party) နဲ့ ကွန်ဆာဗေးတစ်ပါတီ (The Conservative Party) တို့ပဲ ဖြစ်ပါတယ်။ လက်ရှိ ကနေဒါ ဝန်ကြီးချုပ်က Mark Carney ဖြစ်ပြီး လစ်ဘရယ်ပါတီ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်ကတော့ Pierre Poilievre ဖြစ်ပါတယ်။ အရင် လစ်ဘရယ်ပါတီခေါင်းဆောင်က ကနေဒါကို ၁၀ နှစ်နီးပါး အုပ်ချုပ်ခဲ့တဲ့ Justin Trudeau ဖြစ်ပြီး Mark Carney ဟာ Justin Trudeau နေရာကို ပြီးခဲ့တဲ့ မတ်လကမှ အစားထိုး တာဝန်ယူခဲ့သူ ဖြစ်ပါ တယ်။ အခုရွေးကောက်ပွဲမှာ လစ်ဘရယ်နဲ့ ကွန်ဆာဗေး တစ်ပါတီတွေအပြင် The Bloc Quebecois တို့၊ The New Democratic Party တို့လို အခြားအရေး ပါတဲ့ပါတီတွေလည်း ရှိပါသေးတယ်။
The Bloc Quebecois ပါတီဟာ ပြင်သစ်စကားပြော ကွီဘက်ပြည်နယ် (Quebec) ကနေဒါနိုင်ငံမှ ခွဲထွက်ဖို့ ကြိုးပမ်းတဲ့လှုပ်ရှားမှု (The Quebec Sovereignty Movement) ကို အားပေးထောက်ခံတဲ့ ပါတီတစ်ခုဖြစ်ပြီး ပါတီခေါင်းဆောင်က Yves-Francois Blanchet ဖြစ်ပါတယ်။ The New Democratic Party (NDP) ကတော့ ဆေးကုသခွင့်၊ အလုပ်သမားအခွင့်အရေး စတဲ့အရေးကိစ္စတွေမှာ လူသိများတဲ့ လက်ဝဲပါတီဖြစ်ပြီး ပါတီခေါင်းဆောင်က Jagmeet Singh ဖြစ်ပါတယ်။ ကနေဒါ ရွေးကောက်ပွဲစစ်တမ်းများမှာ လွန်ခဲ့တဲ့တစ်နှစ် လောက်က ကွန်ဆာဗေးတစ်ပါတီက ရှေ့က ပြေးနေခဲ့ပေမယ့် ၂၀၂၅ မှာ ထရမ့်တက်လာပြီး နောက်ပိုင်း ထရမ့်က ကနေဒါကို မျက်စောင်းထိုး လာတာကြောင့် ကနေဒါနိုင်ငံတစ်ဝန်း မျိုးချစ်စိတ်များထကြွကာ ထရမ့်နဲ့ နီးစပ်တယ်လို့ သတင်းဖြစ်တဲ့ ကွန်ဆာဗေးတစ်ပါတီဟာ ထောက်ခံမှု ကျဆင်းသွားပြီး ထရမ့်နဲ့ အဆင်မပြေတဲ့ လစ်ဘရယ်ပါတီက မဲစစ်တမ်းတွေမှာ ရှေ့ကိုသိသိသာသာ ပြန်ရောက် လာခဲ့ပါတယ်။ ဒါကြောင့် လေ့လာသူများက ရွေးကောက်ပွဲမှာ လစ်ဘရယ်ပါတီ အနိုင်ရမှာ သေချာတယ်။ မေးခွန်းက ၃၄၃ နေရာရှိတဲ့ ပါလီမန်မှာ လစ်ဘရယ်ပါတီက လွတ်လွတ်ကျွတ်ကျွတ်နိုင်မှာလား၊ ဒါမှမဟုတ် The Bloc Quebecois လို၊ NDP လို ပါတီအငယ်တွေနဲ့ ညွန့်ပေါင်းဖွဲ့ရမလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အခုဆို အများခန့်မှန်းခဲ့တဲ့အတိုင်း လစ်ဘရယ်ပါတီဟာ ရွေးကောက်ပွဲ အနိုင်ရသွားပါပြီ။
ရွေးကောက်ပွဲအနိုင်ရတဲ့ လစ်ဘရယ်ပါတီ ခေါင်းဆောင် Mark Carney က အမျိုးသား ညီညွတ်ရေးအတွက် နှိုးဆော်လိုက်ကာ ထရမ့်ဟာ ကနေဒါကို သွေးခွဲဖို့၊ အားနည်းစေဖို့ ကြိုးစားနေပြီး ကနေဒါအားနည်းမှသာ အမေရိကန်အနေနဲ့ ကနေဒါကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ဒါဟာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးဆိုပြီး ပါတီထောက်ခံသူတွေကို ပြောခဲ့ပါတယ်။ ရှုံးနိမ့်သွားတဲ့ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် Pierre Poilievre ကလည်း ရှေ့ဆက်ပြီး ကနေဒါနိုင်ငံ သန်မာအားကောင်းစေဖို့ လစ်ဘရယ်ပါတီနဲ့ ဆက်ပြီး အလုပ်လုပ်သွားမယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲမှာ မရှုမလှအရေးနိမ့်ခဲ့တဲ့ NDP ပါတီခေါင်းဆောင်က Jagmeet Singh ကတော့ ပါတီခေါင်းဆောင်ရာထူးက နုတ်ထွက်သွားပါပြီ။ Mark Carney က ကနေဒါရဲ့ တည်ရှိမှုမှာ ပြင်သစ်စာနဲ့ ယဉ်ကျေးမှုဟာ အခရာကျတယ်။ တိုရွန်တိုမှာ နေသည်ဖြစ်စေ၊ ကွီဘက်မှာ နေသည်ဖြစ်စေ၊ ကျွန်တော်တို့ အစိုးရသစ်အနေနဲ့ ကနေဒါနိုင်ငံသား အားလုံးအတွက် အလုပ်လုပ်သွားပါမယ်ဆိုပြီး ဆိုလိုက်ပါတယ်။ တစ်ချိန်တည်းမှာ လာမယ့်အနာဂတ် မှာ ကနေဒါနိုင်ငံအတွက် စိန်ခေါ်မှုတွေ ကြီးကြီးမားမားရှိနေတာကိုလည်း အသိအမှတ်ပြု သတိပေး လိုက်ပါတယ်။
အခုလို ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းအသစ်တွေ အစပြုနေချိန်၊ အိမ်နီးချင်း အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးတင်းမာနေချိန်မှာ ကနေဒါအစိုးရသစ်အတွက် စိန်ခေါ်မှုတွေက ဘာများဖြစ်ပါမလဲ။ ကနေဒါ အစိုးသစ်ဟာ အိမ်နီးချင်း အမေရိကန်သမ္မတ ထရမ့်နဲ့ ဆက်ဆံရေး တည်ဆောက်ရမှာဖြစ်သလို ဥရောပနဲ့လည်း ဆက်ဆံရေးထိန်းသိမ်းထားဖို့ လိုပါတယ်။ တရုတ်ကလည်း ကနေဒါကို ကမ်းလှမ်းနေပါတယ်။ အတူတူ အလုပ်လုပ်ကြရအောင်ပေါ့။ အမေရိကန်အနိုင်ကျင့်တာ မခံပါနဲ့ပေါ့။ ကနေဒါဟာ လစ်ဘရယ်နိုင်ငံစစ်စစ်ဖြစ်တာမို့ အမေရိကန် ရွေးမလား၊ တရုတ်ရွေးမလားဆိုတဲ့ မေးခွန်းကတော့ ဖြေစရာမဟုတ်ပါဘူး။ ကနေဒါဆိုတာ အမေရိကန်တို့၊ ဗြိတိန်တို့၊ သြစတြေးလျတို့၊ နယူးဇီလန်တို့နဲ့ သွေးချင်းစကားပြောတဲ့ အင်္ဂလိပ်စကားပြော မဟာမိတ်နိုင်ငံများ (The Anglosphere) ဖြစ်ပါ တယ်။ သူတို့အချင်းချင်း စိတ်ဆိုးလည်း ခဏပါ။ အမှန်က ကနေဒါက တရုတ်၊ အိန္ဒိယတို့နဲ့ အဆင်ပြေလှ တာမဟုတ်ပါဘူး။ ကနေဒါဟာ ထိုင်ဝမ်ကျွန်းနဲ့ နီးကပ်တဲ့ဆက်ဆံရေးထားရှိပြီး ၂၀၁၈ ခုနှစ်မှာ ကနေဒါက အမေရိကန်က အလိုရှိနေတဲ့ တရုတ်အကြီးတန်းဟွာဝေး စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကို ကနေဒါနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းလို့ တရုတ် နဲ့ သံတမန်ရေး တင်းမာခဲ့ရပါတယ်။
၂၀၂၃ ခုနှစ်မှာ ကနေဒါမှာ ကနေဒါနိုင်ငံသား အိန္ဒိယ ဆစ်ခ် ခွဲထွက်ရေး ခေါင်းဆောင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ သံတမန်ရေး တင်းမာခဲ့ပြန်ပါတယ်။ မည်သို့ဆိုစေ၊ ကမ္ဘာ့အခင်းအကျင်းသစ်မှာ အမေရိကန်နဲ့ ခပ်တန်းတန်းဖြစ်နေတဲ့ ကနေဒါဟာ အခြားမိတ်ဖက် နိုင်ငံများကို ရှာဖွေရမှာဖြစ်လို့ အထူးသဖြင့် အာဏာပိုင် တရုတ်နဲ့ ဆက်ဆံရေးဟာ လစ်ဘရယ် ကနေဒါအစိုးရအတွက် စိန်ခေါ်မှုဖြစ်လာနိုင်ပါတယ်။
အရင် ကနေဒါဝန်ကြီးချုပ် ထရူးဒိုးဟာ ပြင်သစ်က သမ္မတမက်ခရွန်နဲ့အတူ အနောက်တိုင်းရဲ့ လစ်ဘရယ်မင်းသားများအဖြစ် ထင်ရှားပါတယ်။ ထင်ရှားတယ်ဆိုတာ ငယ်တယ်၊ ရုပ်ရည်ချောမော တယ်၊ ပညာတတ်တယ်၊ အထူးသဖြင့် လူ့အခွင့်အရေးကိစ္စတွေမှာ စွာတယ်ပေါ့။ အဲဒါကြောင့်လည်း ကနေဒါဟာ သူ့အိမ်နီးချင်း အမေရိကန် အဘိုးကြီး ထရမ့်နဲ့ အဆင်မပြေတာ ဖြစ်ပါတယ်။ အမှန်က ကနေဒါမှာ ပြဿနာတွေအများကြီး ရှိပါတယ်။ အခု တစ်နိုင်ငံလုံး လစ်ဘရယ်နေတယ်ဆိုပေမယ့် နိုင်ငံရေး ဆိုတာ နေ့မြင်ညပျောက် ဖြစ်တတ်ပါတယ်။ အခု တက်လာတဲ့ ကနေဒါခေါင်းဆောင်ဟာ အကိုင်အတွယ် မတတ်ရင် ကနေဒါဟာ နိုင်ငံမပျောက်တောင် အစိတ်အပိုင်းတွေ ကွဲထွက်သွားနိုင်ပါတယ်။ ကနေဒါရဲ့ ကွီဘက်ပြည်နယ်ဟာ ကနေဒါနိုင်ငံက ခွဲထွက်ဖို့ ၁၉၈၀ ပြည့်နှစ်နဲ့ ၁၉၉၅ ခုနှစ်တွေမှာ လူထုဆန္ဒခံယူပွဲကတစ်ဆင့် ကြိုးစားခဲ့ဖူးပါတယ်။ မအောင်မြင်ခဲ့ပါဘူး။ ကနေဒါမှာ ကွီဘက်ကိစ္စဟာ နိုင်ငံရေးအရ အထိမခံတဲ့ကိစ္စဖြစ်ပါတယ်။ နောက်ပြီး ကနေဒါမှာ လူဝင်မှုအဆမတန် များပြားနေတာဖြစ်ပါ တယ်။ အခုအချိန် ထရမ့် ရန်ကြောင့် ကျောကပ်နေရပေမယ့် တစ်ချိန်မှာ ပေါက်ကွဲလာနိုင်ပါတယ်။
အခုက ပြင်ပက ဝင်ရောက်သူတွေဟာ အမေရိကန်ဆီ ပြည်ဝင်ဖို့ မလွယ်တော့ ကနေဒါကို ရတဲ့ပုံစံနဲ့ ဝင်ရောက်လာနေကြပါတယ်။ အချို့လည်း ကနေဒါကတစ်ဆင့် အမေရိကန်ကို ကူးချင် ကြတာပါ။ ဟောင်ကောင်မှာလည်း တရုတ်အစိုးရက ဟောင်ကောင်လစ်ဘရယ်ပါတီကို တားဆီးပိတ်ပင်မှု အချို့ပြုလာတာကြောင့် ဟောင်ကောင်သားအချို့ ကနေဒါဘက်ကို ထွက်ကြတယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြပါတယ်။ ထိုင်ဝမ်(ကျွန်း)မှာလည်း ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံဆက်ဆံရေးက အကဲဆတ်လှတာကြောင့် ထိုင်ဝမ်သားအချို့ ကနေဒါဘက် ရွှေ့ပြောင်း ကြတယ်လို့ဆိုပါတယ်။ တရုတ်ပြည်မကြီးက ငွေကြေးချမ်းသာသူတွေ ပြည်ပမှာ အိမ်ဝယ်ရင် ကနေဒါမှာ အများဆုံးဝယ်တယ်လို့ သိရပါတယ်။ အိန္ဒိယမှာလည်း နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် နိုင်ငံသားအများအပြားဟာ ကနေဒါကို ဦးတည် ထွက်ခွာမှုတွေရှိနေပါတယ်။ ကနေဒါရွေးကောက်ပွဲမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီစတဲ့ လစ်ဘရယ် တန်ဖိုးတွေ အလေးထားတဲ့ လစ်ဘရယ်ပါတီ အနိုင်ရခဲ့တာဟာ ကမ္ဘာတစ်လွှား ပြောင်းရွှေ့နေထိုင်လိုသူတွေအတွက် သတင်းကောင်းဖြစ်ပြီး အခုသူတို့ ကနေဒါကို ချီတက်ဖို့ မောင်းတင်နေကြပါပြီ။
နောက်ထပ် စိန်ခေါ်မှုတစ်ခုက ကနေဒါပြည်တွင်းကပဲဖြစ်ပါတယ်။ အဲဒါက ဌာနေတိုင်းရင်းသား (Indigenous groups in Canada) အရေးကိစ္စပါ။ ၂၀၀၁ ခုနှစ်မှာ ကနေဒါကျောင်းတစ်ခုမှာ ရာနဲ့ချီတဲ့ ဌာနေတိုင်းရင်းသားကလေးငယ် သင်္ချိုင်းဂူတွေ ရှာဖွေတွေ့ရှိခဲ့ပြီး ဒါဟာ ၁၈၈၀ ပြည့်လွန်နှစ်များနဲ့ ၁၉၀၀ ပြည့်လွန်နှစ်များကာလ ကနေဒါမှာ ဌာနေ တိုင်းရင်းသားကလေးသူငယ် ၁၅၀၀၀၀ ကျော်ဟာ အတင်းအဓမ္မ သူတို့ရပ်ရွာ အသိုင်းအဝိုင်းများမှ ခေါ်ဆောင်ခြင်းခံရပြီး အစိုးရနဲ့ ခရစ်ယာန်ဘာသာရေး ကျောင်းတွေက ကြီးကြပ်တဲ့ကျောင်းတွေမှာ စာသင်ရတယ်၊ ခရစ်ယာန်ဘာသာကို သွတ်သွင်းခံရတယ်၊ သူတို့ရိုးရာ အစဉ်အလာတွေ အဖယ်ရှားခံရတယ်၊ ဒီကလေးငယ်အများအပြားဟာ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အစော်ကားခံခဲ့ကြရတယ်၊ အဲဒီကာလ ကလေးငယ် ၆၀၀၀ ကျော် သေဆုံးခဲ့တယ်၊ အခုအမှတ်အသားမရှိတဲ့ ကလေးအုတ်ဂူတွေဟာ အဲဒီတုန်းက ပျောက်ဆုံးသွားတဲ့ အချို့ကလေးတွေဖြစ်တယ်ဆိုပြီး လူ့အခွင့်အရေးအစီရင်ခံစာတွေမှာ ဖော်ပြကြပါတယ်။
ဌာနေတိုင်းရင်းသား ထောက်ခံသူတွေက လည်း ကနေဒါအစိုးရကို တရားစွဲတာ၊ ချီတက်ဆန္ဒပြ ကြတာ၊ နောက်ဆုံး ကနေဒါကို တည်ထောင်တဲ့ အမှတ်အသားတွေ ဖျက်ဆီးတာ၊ ကနေဒါမှာရှိတဲ့ ဗစ်တိုးရီးယားဘုရင်မကြီးရုပ်တု (Statue of Queen Victoria) နဲ့ အယ်လိဇဘက် ဘုရင်မကြီး (၂ ) ရုပ်တု (Statue of Queen Elizabeth II ) တွေကို စီးနင်းဖြိုချ ပစ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ လူ့အခွင့်အရေး ဦးစားပေးမယ့် အခုလစ်ဘရယ်အစိုးရသစ်ဟာ မပြီးပြတ်သေးဘဲ အရိုးတွန်နေတဲ့ ဌာနေတိုင်းရင်းသား ကလေးငယ်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးကို ဘယ်လိုကိုင်တွယ် ကုစားမလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။
လေ့လာသူတွေက အရင်ကနေဒါဝန်ကြီးချုပ် ထရူးဒိုးဟာ ကနေဒါကို ၁၀ နှစ်နီးပါး အုပ်ချုပ်သွားပေမယ့် ပြည်တွင်းရေးမှာ ဒီလောက်မစွံဘူး။ သို့သော် ကနေဒါပုံရိပ်ကို နိုင်ငံတကာမှာ မြှင့်တင်တဲ့နေရာမှာ တော်တယ်။ ယူကရိန်းကိစ္စမှာလည်း ယူကရိန်း ဘက်က တက်တက်ကြွကြွပါခဲ့တယ်။ တရုတ်နဲ့ ကိစ္စမှာလည်း မဟာအင်အားကြီး တရုတ်ကို အာခံပြ တယ်ပေါ့။ အိန္ဒိယနဲ့ကိစ္စမှာလည်း ကိုယ့်နိုင်ငံသားကို အကာအကွယ်ပေးတယ်ပေါ့။ နောက်ဆုံး ထရမ့်ကို တောင် ဦးမညွှတ်ဘူးပေါ့။ တစ်ဖက်မှာတော့ နိုင်ငံတွင်းမှာ တရားမဝင်လူဝင်မှုတွေ များလာတယ်။ ရာဇဝတ်မှုခင်းတွေ များလာတယ်။ နယ်စပ်ဖြတ်ကျော်မှုတွေ မတားဆီးနိုင်ဘူး။ အိမ်ရာနေထိုင်ခတွေ မြင့်တက်လာတယ်။ ကနေဒါစီးပွားရေးကို လူမျိုးခြား တွေက လွှမ်းမိုးလာတယ် စသဖြင့် ဝေဖန်ကြပါတယ်။
အခုရွေးကောက်ပွဲနိုင်တဲ့ လစ်ဘရယ်ပါတီ ခေါင်းဆောင် Mark Carney ဟာ အရင်က ကနေဒါဘဏ် (Bank of Canada) နဲ့ အင်္ဂလန်ဘဏ် (Bank of England) တို့မှာ ဥက္ကဋ္ဌအဖြစ် ကာလတာရှည် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ သူ့မှာ စီးပွားရေးအတွေ့အကြုံတွေ အများကြီးရှိပါတယ်။ အခုကနေဒါနိုင်ငံ အဓိကရင်ဆိုင်နေရတာ နိုင်ငံရေး၊ စီးပွားရေး ရောယှက်နေတဲ့ အခြေအနေတွေပဲဖြစ်ပါတယ်။ အမေရိကန်ဘက်က အခွန်အကောက်တိုးမြှင့် တဲ့ကိစ္စ၊ ပြည်တွင်းစီးပွားရေး မသေချာမှုစတဲ့ စီးပွားရေး ပြဿနာတွေအပြင် အမေရိကန်ဘက်က အချုပ်အခြာ အာဏာကို ခြိမ်းခြောက်လာမှု၊ အမေရိကန်၊ ဥရောပနဲ့ တရုတ်အကြား နိုင်ငံခြားရေးမူဝါဒစတဲ့ နိုင်ငံရေး ပြဿနာတွေ ဖြစ်ပါတယ်။ တစ်နည်း နိုင်ငံတကာ ဆက်ဆံရေးစကားနဲ့ပြောရင် နိုင်ငံရေးဘောဂဗေဒ (Political Economy)နဲ့ အများကြီးသက်ဆိုင်ပါတယ်။
ဘာပဲပြောပြော အရင်ကနေဒါဝန်ကြီးချုပ် ထရူးဒိုးကတော့ ကနေဒါ ပါလီမန်မှာရှိတဲ့ သူ့ထိုင်ခုံကို သူကိုယ်တိုင် သယ်မရင်း မျက်စိတစ်ဖက်ပိတ် လျှာထုတ်ပြလို့ စပ်ဖြဲဖြဲနဲ့ ကနေဒါနိုင်ငံရေးက ထွက်သွားပါပြီ။ အခုရွေးကောက်ပွဲနိုင်တဲ့ ဝန်ကြီးချုပ်အသစ် Mark Carney ကော ဘယ်လိုရှိပါမလဲ။ လျှာပဲ ထုတ်ပြနိုင်မလား၊ လျှာပဲထွက်ကျမလား၊ မကြာသောကာလများမှာ အဖြေပေးပါလိမ့်မယ်။ ။