နေပြည်တော် ဇန်နဝါရီ ၁၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၌ ၂၀၂၅ခုနှစ် မျိုးစေ့ပြပွဲ ကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ မျိုးစေ့ပြပွဲသို့ ဝါစိုက်တောင်သူများအပါအဝင် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး ပြည်နယ်များမှ စိတ်ပါဝင်စားသူ တောင်သူများ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်း ဆောင်ရွက်သူ လုပ်ငန်းရှင်များအားလုံးကို ဖိတ်ကြားပြီး စိုက်ပျိုးပညာပေး လုပ်ငန်းများ၊ နည်းပညာဖြန့်ဝေမှုလုပ်ငန်းများအား ဆောင်ရွက်သွားမည် ဖြစ်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အစေ့ထုတ်ပြောင်းနှင့် နေကြာသီးနှံများကို နည်းစနစ်ကျ ပုံစံကျစိုက်ပျိုး ထားရှိမှု၊ နိုင်ငံခြားဝါမျိုးများဖြစ်သော RAKA 66 ၊ B31 နှင့် KTK မျိုး(၃)မျိုး၊ ပြည်တွင်းဝါမျိုးများဖြစ်သော ရွှေတောင်(၈)၊ ရွှေတောင်(၁၀)နှင့် ငွေချည်(၁၁) မျိုး(၃)မျိုး စုစုပေါင်း မျိုး(၆)မျိုး ယှဉ်ပြိုင်စမ်းသပ် စိုက်ပျိုး ထားရှိမှုတို့ကို အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
မွေးမြူရေး သိပ္ပံကျောင်း၌ ယှဉ်ပြိုင်စမ်းသပ် စိုက်ပျိုးထားသော ဝါမျိုးများသည်ရေရှိပါက ရာသီမရွေး စိုက်ပျိုးဖြစ်ထွန်းမှု အထွက်နှုန်း ကောင်းမွန်သည့်အတွက် ဝါတစ်သီးသာ စိုက်ပျိုးသည့် အချို့ဒေသများတွင် ရေရရှိရေး ဆောင်ရွက်ပေးခြင်းဖြင့် သီးထပ် စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ စိုက်ပျိုးပြသခြင်း ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းသား ကျောင်းသူများ၏ မွေးမြူရေးဘာသာရပ်အတွက် သင်ကြားမှုအထောက်အကူပြု ဆိတ်၊ နွားနှင့် ဒေသကြက်မွေးမြူရေးခြံများ၊ လက်တွေ့လေ့ကျင့်စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် သုတေသနပြု စမ်းသပ်စိုက်ခင်း များကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးထွက်ရှိသော ဟင်းသီးဟင်းရွက် အသီးအနှံများကို ကျောင်းသား ကျောင်းသူများ၏ စားရိပ်သာနှင့် ဝန်ထမ်းများအတွက် သက်သာသောဈေးနှုန်းဖြင့် ပိုမိုရောင်းချပေးနိုင်ရေးကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဇေယျာသီရိ မြို့နယ်၌ စက်မှုလယ်ယာ စနစ်ကျလယ်မြေ ၂၆၀ ဒသမ ၇၀ ဧက ဖော်ထုတ်ခြင်စီမံကိန်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စီမံကိန်းလုပ်ငန်းများ သတ်မှတ် ကာလပြီးစီးရေးနှင့် ရာသီချိန်မီစိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


