နိုင်ငံတကာရေးရာ သုတေသီတစ်ဦး

အခုဆို နိုင်ငံတကာ အကူအညီလောက အကျပ်ဆိုက်နေပါတယ်။ နိုင်ငံတကာအကူအညီဆိုတာ ရေရှည်ဖွံ့ဖြိုးရေးအကူအညီတွေရော ရေတို လူသားချင်းစာနာမှုအကူအညီတွေပါ အားလုံးပါဝင်ပါတယ်။  နိုင်ငံတကာ အကူအညီလောကဆိုတာ အဲဒီအကူအညီတွေကို ကြီးကြပ်ကိုင်တွယ်ဆောင်ရွက်နေတဲ့  ကုလသမဂ္ဂ (UN) တို့၊ အခြားအလှူရှင် နိုင်ငံတကာအဖွဲ့အစည်းကြီးတွေကို ဆိုလိုပါတယ်။

အကျပ်ဆိုက်တယ်ဆိုတာက  ရန်ပုံငွေအခက် အခဲပေါ့။ ရန်ပုံငွေလျော့နည်းလာတာပေါ့။ အလှူရှင် အစိုးရတွေက လူသားချင်းစာနာမှုအကူအညီတွေ ထက် စစ်ရေး၊ ကာကွယ်ရေး၊  လုံခြုံရေးကို  ပိုပြီး အာရုံပြုလာကြတယ်ပေါ့။ အခုဆို လာမယ့်လအနည်း ငယ်အတွင်း ကုလသမဂ္ဂမှာ ရန်ပုံငွေတွေကုန်ခန်း တော့မယ်၊ လစာပေးဖို့ အခက်အခဲဖြစ်မယ် စသည် ဖြင့် သတင်းတွေ  တက်လာပါတယ်။   နိုင်ငံတကာ အဖွဲ့အစည်းကြီး အတော်များများလည်း ရန်ပုံငွေတွေ လျော့နည်းလာပါတယ်။

အဲဒီလို    ရန်ပုံငွေအကျပ်အတည်းက  အခုမှ ရင်ဆိုင်ရတာမဟုတ်ပါဘူး။   ဟိုးအရင်နှစ်တွေကလည်း     အဲဒီလိုပဲ    ရန်ပုံငွေမလုံလောက်လို့ နိုင်ငံတကာအကူအညီတွေ၊   လူသားချင်းစာနာမှု အကူအညီတွေ ရပ်တန့်ရတော့မလို၊ အလုပ်တွေပဲ ပြုတ်တော့မလို၊ ရုံးတွေပဲ ပိတ်ရတော့မလို သတင်းတွေဖြစ်ခဲ့ပါတယ်။ အချိန်တန်တော့လည်း ရန်ပုံငွေပြန်ရကာ ပြန်ပြီးလည်ပတ်ကြတာပါပဲ။ နိုင်ငံတကာ အကူအညီနဲ့ပတ်သက်ရင် ပေးစရာ အဲဒီအဖွဲ့အစည်း တွေပဲရှိတာကိုး။ အများအမြင်မှာတော့ လုပ်ဇာတ်ကြီးတစ်ခု ကြည့်နေရသလိုပါပဲ။  ရန်ပုံငွေပြတ်တောက်တော့မယ် အော်လိုက်၊ ပြန်ရလိုက်၊ ပြန်အော်လိုက်၊ ပြန်ရလိုက်နဲ့ နိုင်ငံတကာလုပ်ထုံး လုပ်နည်းတစ်ခု လိုပါပဲ။ ဒါပေမယ့် အခု  ၂၀၂၅ ခုနှစ် နောက်ပိုင်းအခြေ အနေတွေကတော့ အရင်လို ဟုတ်ပုံမရတော့ ပါဘူး။  နိုင်ငံတကာအကူအညီနဲ့ ပတ်သက်ရင် အကြီးမားဆုံး အလှူရှင်ဖြစ်တဲ့  အမေရိကန်ဘက်က   သံယောဇဉ် ဖြတ်ပါပြီ။    အနည်းဆုံးတော့   ထရမ့်ရှိနေသမျှ    နောက်ထပ်လေးနှစ်ပေါ့။  ဥရောပကလည်း ယူကရိန်း ကိစ္စနဲ့ ကာကွယ်ရေးအသုံးစရိတ်တွေ တိုးမြှင့်ဖို့ရှိတော့ နိုင်ငံတကာ အကူအညီထပ်လျော့ဖို့ပဲ ရှိပါတယ်။

ပညာတတ်တွေ အပိုင်စီးထားတဲ့လောကကြီး

လေ့လာသူအချို့အမြင်မှာ နိုင်ငံတကာအဖွဲ့ အစည်းလောကကြီးက ပြဇာတ်တစ်ပုဒ် ကြည့်နေရ သလိုပါပဲ။    ပညာတတ်တွေ     အပိုင်စီးထားတဲ့ လောကကြီးတစ်ခုပါပဲ။        ပြုပြင်ပြောင်းလဲရေးလုပ်မယ်   အကြိမ်ကြိမ်ပြောပြီး    ဘာမှလည်း ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲရေးမလုပ်နိုင်ပါဘူး။ ပိုလို့သာဆိုးလာပါတယ်။ အတွင်းထဲမှာလည်း အချင်းချင်း မပြောကြပါဘူး။  အမြင်မတော်တာ ရှိလည်း မသိချင်ယောင်ဘဲဆောင်ပါတယ်။ အဓိကက    အဖွဲ့အစည်းအတွင်း   စည်းလုံးညီညွတ်ဖို့ ဖြစ်ပါတယ်။ အပြင်ကို အသံမထွက်ဖို့ဖြစ်ပါတယ်။ ကျိတ်ပြီး   ဖြေရှင်းကြဖို့ဖြစ်ပါတယ်။   ဒါကြောင့် အဖွဲ့အစည်းတွေအတွင်းမှာ   ယိုပေါက်တွေရှိနေလည်း မပြောကြပါဘူး။ ငွေက အရာရာကိုနှုတ်ပိတ် စေပါတယ်။  အလုပ်နေရာတည်မြဲဖို့သာ  အဓိကဖြစ်ပါတယ်။    ရန်ပုံငွေရမှသာ   နောက်တစ်နှစ် အလုပ်ဆက်နိုင်မှာဖြစ်လို့    ရန်ပုံငွေရရှိရေးကိုပဲ အာရုံစိုက်လုပ်ဆောင်ကြပါတယ်။

နောက်ဆုံးအစီရင်ခံစာတွေကတစ်ဆင့် အလှူရှင်ရော  အလှူရှင်ငွေကို  အသုံးပြုတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေပါ ပူးပေါင်းညာစားတဲ့ အသိုက်အဝန်း ကြီးဖြစ်လာပါတယ်။ အလှူငွေတွေဆိုတာ     နိုင်ငံတကာပြည်သူတွေရဲ့ အခွန်ငွေကြေးတွေဖြစ်ပါတယ်။ တစ်နည်း  လူအချင်းချင်းခေါင်းပုံဖြတ်တဲ့သဘော ဖြစ်လာပါတယ်။ အခုတော့ အဲဒီပြဇာတ် ဇာတ်သိမ်းချိန်ရောက်ပြီ၊ ဒါမှမဟုတ်လည်း ဇာတ်ညွှန်းအသစ်နဲ့   ပြန်စဖို့သင့်ပြီဆိုပြီး အသံတွေ ထွက်လာပါတယ်။

အကူအညီတွေက ထိရောက်မှုရှိသလား

အခုတစ်လော   နိုင်ငံတကာအကူအညီတွေနဲ့ ပတ်သက်ပြီး ဆောင်းပါးအချို့   ထွက်ပေါ်လာပါတယ်။ အဲဒီဆောင်းပါးတွေနဲ့ ဆက်စပ်နေတဲ့ အများပြည်သူ မှတ်ချက်တွေမှာ နိုင်ငံတကာအကူအညီ တွေနဲ့ပတ်သက်ပြီး အကူအညီတွေက ထိရောက်မှု ရှိသလားပေါ့။ အနှစ်ချုပ်က နိုင်ငံတကာအကူအညီ တွေပေးလာခဲ့တာ နှစ်ပေါင်းများစွာရှိပြီ။ အကူအညီကြောင့်  တိုးတက်တယ်ဆိုတဲ့နိုင်ငံ မရှိသေးဘူး။ အကျင့်ပျက်ခြစားမှုတွေ၊ လူမှုအဖွဲ့အစည်းအတွင်း စိတ်ဝမ်းကွဲမှုတွေ၊  နိုင်ငံတကာအဖွဲ့အစည်းတွေ အမြင်မကြည်လင်မှုတွေသာ တိုးပွားလာတယ်ဆိုပြီး ထောက်ပြထားပါတယ်။

တိုးတက်သွားတာက အဲဒီအကူအညီတွေကို စီမံခန့်ခွဲနေတဲ့       အလှူရှင်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သူတို့ အထောက်အပံ့ ရနေတဲ့သူတွေဖြစ်တယ်ဆိုပြီး   ရေးသားထားပါတယ်။ နိုင်ငံတကာအကူအညီပေးရေး စနစ်ကြီးက ရှုပ်ထွေးကြီးမား ကျယ်ပြန့်တာကြောင့် အသေးစိတ်မြင်အောင် မကြည့်နိုင်ပေမယ့် ဒုတိယကမ္ဘာစစ်ကြီးပြီးကတည်းက အသွင်အမျိုးမျိုးနဲ့ ပေါ်ထွက်လာတဲ့ နိုင်ငံတကာအကူအညီတွေဟာ  အခုဆို  ဒုတိယ ကမ္ဘာစစ်ကြီးပြီးခဲ့တာပဲ  နှစ်ပေါင်း ၈၀ ရှိခဲ့ပြီ။ သူတို့ ရည်မှန်းချက်ဖြစ်တဲ့ ကမ္ဘာတစ်လွှား ဆင်းရဲမွဲတေမှု လျှော့ချရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုတာတွေ ဖြစ်မလာဘဲ   ကမ္ဘာတစ်လွှား   စစ်မက် ပဋိပက္ခတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေ၊ ဒုက္ခသည်တွေသာ တိုးလာတယ်ဆိုပြီး သုံးသပ်ထားပါတယ်။

နှစ်ပေါင်း ၈၀ နော်။ နည်းတဲ့နှစ်မဟုတ်ဘူး။ ကမ္ဘာကြီးကို ဆက်ညာနေဦးမလား၊ ကမ္ဘာကြီးက လည်း ဆက်အညာခံနေဦးမလားဆိုပြီး အမေးထုတ် ထားပါတယ်။       ကမ္ဘာမှာ    အတော်ဆုံးသူတွေနဲ့ စုဖွဲ့ထားတဲ့    ကုလသမဂ္ဂတို့၊    အခြားထိပ်သီး နိုင်ငံတကာအဖွဲ့အစည်းကြီးတွေဟာ နိုင်ငံတကာ အကူအညီ၊ လူသားချင်းစာနာမှုအကူအညီ ဗန်းပြပြီး ကမ္ဘာသူ ကမ္ဘာသားတွေကို အသိပညာ ခေါင်းပုံဖြတ်နေတဲ့သူတွေဖြစ်တယ်လို့လည်း ဝေဖန်ထားပါတယ်။

တစ်ဆက်တည်း အကျိုးစီးပွားဆိုတာတွေကို ထောက်ပြထားတယ်။ အဖွဲ့အစည်းတွေမှာ တာဝန် မရှိဘူး။ လူတွေမှာသာ တာဝန်ရှိတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ    ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလုပ်လုပ်နေတယ်ဆိုတာ အကြောင်းပြ ပြီး အဲဒီအဖွဲ့အစည်းကလူတွေဟာ သူတို့ အကျိုးစီးပွားအတွက် လစာတွေ ကောင်းကောင်းယူ၊ ခံစားခွင့်တွေ ကောင်းကောင်းယူ၊ ဥပဒေမူဘောင်တွေ တွင်တွင် ပြော၊ သူတို့အချင်းချင်းဆို လိုသလို အလျှော့အတင်းလုပ်၊   အလျဉ်းသင့်မယ့်သူတွေ လက်တစ်လုံးခြားခန့် ပြီး အဖွဲ့အစည်းအတွင်း တစ်ကျိတ်တည်း၊ တစ်ဉာဏ်တည်း၊ တစ်သံတည်းဖြစ်အောင်  လုပ်ယူထားတဲ့ အကျိုးစီးပွားအခြေခံတဲ့   လူတန်းစားတစ်ရပ်သာ ဖြစ်တယ်ဆိုပြီး ရေးသားထားပါတယ်။

တကယ်လို့   အဲဒီ   နိုင်ငံတကာလူသားချင်း စာနာမှုတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေသာ စိတ်ရင်းမှန်ရင် သူတို့လစာ တစ်ဝက်လျှော့၊   ခံစားခွင့်တွေလျှော့ပြီး   အလုပ်လုပ်ကြမလားဆိုရင် အသံတွေ တိတ်နေကြပါလိမ့်မယ်။   အဲဒီလို   လစာတစ်ဝက်လျှော့တယ်ဆိုရင်တောင် သာမန်နိုင်ငံသားတွေ လစာထက် ပိုနေပါသေးတယ်။ လစာတစ်ဝက်နဲ့  သူတို့မလုပ်လည်း လုပ်မယ့်သူတွေ အများကြီးရှိပါတယ်။ အလုပ်ခန့်တာကအစ  UN လို အဖွဲ့အစည်းကြီးတွေမှာ အတွင်းအဆက်အသွယ်က   အဓိကဖြစ်ပြီး   နောက်ဆုံး အလုပ်ရတဲ့သူတွေကလည်း  သူတို့အလုပ်တည်မြဲ ရေးပဲ  ဦးတည်သွားပြီး  အဖွဲ့ကြီးဟာ အတွင်းမှာ အချင်းချင်း    အပြန်အလှန်ပံ့ပိုးတဲ့   အသင်းအဖွဲ့ သဘောဖြစ်လာတယ်ဆိုပြီး ရေးသားထားပါတယ်။

အဖွဲ့အစည်းအတွင်းမှာ အားလုံးနဲ့ လိုက်လျော ညီထွေဖြစ်စေဖို့သာ အဓိကဖြစ်လို့ အဲဒီလို နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ လုပ်ကိုင်ဆောင်ရွက်သူအများစုဟာ    အသံတွေတိတ်လာတယ်။  ဖောက်ထွက် တင်ပြမှုတွေနည်းလာတယ်။          တသီးတသန့် လူတန်းစားတစ်ရပ်လို    ဖြစ်လာတယ်လို့လည်း ထောက်ပြထားပါတယ်။ တင်ပြတဲ့အခါမှာလည်း အဖွဲ့အစည်း မူဝါဒနဲ့၊ အထက်လူကြီးတွေနဲ့ သဘော ထားတူညီဖို့က  အရေးကြီးလို့ ဘယ်သူမှဆန့်ကျင်ပြီး  မတင်ပြကြဘဲ လိုက်လျောညီထွေရှိအောင်သာ တင်ပြကြရင်း   တစ်ဖက်ပိတ်သဘော  ဆန်လာတယ်လို့ ရေးသားထားပါတယ်။ နောက်ဆုံး နိုင်ငံတကာအဖွဲ့အစည်း အသိုင်းအဝိုင်းဟာ ကြီးကြပ်ထိန်းကွပ်မယ့်သူ မရှိတော့ဘဲ  အချင်းချင်းသာယာအောင်    မြှောက်ပင့် ပြောဆိုကြရင်း တသီးတသန့်ဆန်လာပြီး အချိန်တွေ သိပ်ကြာလာတဲ့အခါ   လူတွေက   နိုင်ငံတကာအဖွဲ့ အစည်းတွေကို  အဆိုးမြင်လာ၊  အခု  ဘယ်မှာမဆို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့   ထိရောက်မှုကို  မေးခွန်းထုတ်လာကြပါတယ်။

နိုင်ငံတကာအကူအညီဆိုတာ

အကူအညီဆိုတဲ့ သဘောတရားက မှီခိုတာ ပါပဲ။ ဒီနေရာကို အကူအညီပေးသွားတယ်။ နောက် တစ်နေရာက      မရဘူးဆိုရင်   မရတဲ့နေရာက မကျေနပ်ပါဘူး။ ဒီသင်တန်းမှာ လာတဲ့သူတွေကို တစ်နေ့   ငွေကျပ်   ၅၀၀၀  ပေးတယ်၊    ၆၀၀၀  ပေးတယ်ဆိုရင် နောက်တစ်ခါ သင်တန်းမှာ ပိုက်ဆံ မပေးရင် အယုံအကြည်မရှိတော့ပါဘူး။ နိုင်ငံတကာ အကူအညီဆိုတာ အားလုံးက ငွေလမ်းခင်းနေတာပါပဲ။ ဒါကြောင့်  သူတို့  (နိုင်ငံတကာအဖွဲ့အစည်းတွေ) မရှိတော့ဘူးဆိုရင် အဲဒီနိုင်ငံတကာအကူအညီ ရခဲ့တဲ့နေရာတွေက သက်ဆိုင်ရာအစိုးရကပေးတဲ့ အကူအညီကို    မလိုချင်တော့ပါဘူး။အစိုးရက   နိုင်ငံတကာလောက်တော့      ဘယ်ပေးနိုင်မလဲ။ ဟိုကတော့ နိုင်ငံတကာငွေကြေးနဲ့ဆိုတော့ ကောင်းကောင်းပေးနိုင်တာပေါ့။ 

သို့သော် နိုင်ငံတကာအဖွဲ့အစည်းတွေဆိုတာ နိုင်ငံတစ်နိုင်ငံမှာ တစ်သက်လုံးရှိနေမှာ မဟုတ်ဘူး လေ။ အစိုးရတွေက တစ်သက်လုံးရှိနေမှာဖြစ်တယ်။ ဒါကြောင့်  လူထုက  နိုင်ငံတကာအကူအညီတွေ မျှော်၊ အကူအညီအပေါ်   မှီခိုရင်း    ဆင်းရဲမွဲတေမှုက  ကြီးမား၊ အစိုးရတွေက နိုင်ငံတကာအဖွဲ့အစည်းတွေကို  တင်းကျပ်လာရင်  နိုင်ငံတကာ အဖွဲ့အစည်းတွေက လူထုနဲ့ အစိုးရကို  ပါးပါးလေး ရန်တိုက်ပေး၊ ပြီးရင် သူတို့က ပြန်ထွက်သွား၊ လူထုနဲ့ အစိုးရကြား မပြေလည်မှုက   ကျန်ခဲ့၊     ဒီလိုနဲ့   အာဖရိကနိုင်ငံအချို့     နိုင်ငံတကာအကူအညီအောက်မှာ   ဘာဖွံ့ဖြိုးမှုမှမလုပ်နိုင်ဘဲ        အကူအညီမျှော်ရင်း   နှစ်ပေါင်းများစွာ         ဆင်းရဲသံသရာလည်နေတာ အခုထိပဲ။

အပြစ်မဲ့တဲ့ပြည်သူတွေ သေတဲ့သူကသေ

အချို့ဆို       နိုင်ငံတကာ   အကူအညီတင် မဟုတ်ဘူး။ နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်တွေအထိ မျှော်ကြတာပေါ့။ UN ကို အလွန် အထင်ကြီးတာပေါ့။ နိုင်ငံတကာကို အတော်လေး အထင်ကြီးတာပေါ့။        ရဝမ်ဒါ (Rwanda) တို့၊ ဘော့စနီးယား (Bosnia)  တို့မှာ UN တပ်တွေ (နိုင်ငံတကာငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်တွေ) ရှိနေတဲ့တိုင်        ပြည်တွင်းပဋိပက္ခတွေအတွင်း အပြစ်မဲ့ပြည်သူတွေ အတုံးအရုံး အသတ်ခံခဲ့ကြ ရတာ   မဝေးတဲ့အတိတ်ကာလမှာ  ရှိခဲ့ပါတယ်။ နောက်ဆုံးတော့   နိုင်ငံတကာအသိုက်အဝန်းက ပြန်လည်သုံးသပ်မှုတွေ၊         ပြစ်တင်ဝေဖန်မှုတွေ ပြုခဲ့ပေမယ့်  အပြစ်မဲ့တဲ့ပြည်သူတွေ   သေတဲ့သူက တော့ သေခဲ့ကြပါပြီ။   နိုင်ငံတကာအသိုက်အဝန်း ဆိုတာ အချိန်တန်ရင်ထွက်သွားတာ၊ နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်တွေဆိုတာ အချိန်တန်ရင် ထွက်သွားတာပါပဲ။

သူတို့က အပြင်လူတွေ၊ တကယ် နောက်ဆုံးခံခဲ့ရတာက အတွင်းကလူတွေဖြစ်ပါတယ်။ နိုင်ငံတကာ အကူအညီ မျှော်တဲ့သူတွေ၊ နောက်ဆုံးကိုယ့်ကိစ္စ ကိုယ်ပဲရှင်းရတာပါပဲ။   ရဝမ်ဒါဆိုရင် ၁၉၉၄ ခုနှစ်  ဧပြီလကနေ   ဇွန်လအထိ   ရက် ၁၀၀ အတွင်းမှာ လူ ၈၀၀၀၀၀ လောက်အထိ  အသက်ဆုံးရှုံးခဲ့တာ နော်။ အစွန်းရောက်   ဟူတူ (လူမျိုး) (Hutu) တွေက တွက်ဆီ   (လူမျိုး)   (Tutsi) တွေနဲ့    သဘောထား ပျော့ပျောင်းတဲ့ ဟူတူတွေကိုတွေ့တဲ့နေရာ သတ်တာ ပဲ။ ဘာ UN မှ၊ ဘယ်နိုင်ငံတကာ အသိုင်းအဝိုင်းမှ ကြားမဝင်ခဲ့ပါဘူး။ လက်ပိုက်ကြည့်နေခဲ့ရပါတယ်။

အရေးအကြောင်းဆို ကယ်မဲ့သူမရှိ

နိုင်ငံတကာကို   အားကိုးခဲ့ကြတဲ့   ရဝမ်ဒါ ပြည်သူတွေ      ဘယ်လောက်ဝမ်းနည်းကြေကွဲဖို့ ကောင်းလိုက်သလဲ။   ငါတို့ဆီမှာ   UN တပ်တွေ ရှိနေပြီ၊    လုံခြုံပြီလို့   ထင်ခဲ့တဲ့သူတွေ အရေး အကြောင်းဆို ကယ်မယ့်သူမရှိ။ မည်သို့ပင် သမိုင်း ဖြစ်စဉ်တွေရှိနေပါစေ၊ သက်ဆိုင်ရာအစိုးရတွေကို နာကြည်းမုန်းတီးနေတဲ့ အတိုက်အခံတွေ၊ အစုအဖွဲ့ တွေကတော့  UN  လာပါ၊  နိုင်ငံတကာငြိမ်းချမ်း ရေး ထိန်းသိမ်းရေးတပ်တွေလာပါ  တောင်းခံနေကြ မှာပါပဲ။ UN တို့၊ နိုင်ငံတကာအသိုင်းအဝိုင်းတို့က ကူညီချင်တောင်      သိပ်ဆိုးရွားပြင်းထန်နေတဲ့ အခြေအနေမှာ    သူတို့လည်း    များများစားစား မလုပ်နိုင်ပါဘူး။ ပြဿနာက  အဲဒီလိုအခြေအနေ မျိုးတွေ မဆိုးရွား၊ မပြင်းထန်အောင် UN တပ်တွေ ချထားခဲ့တယ်။ အနည်းဆုံး သက်ဆိုင်ရာပြည်သူ လူထုကို ကာကွယ်ဖို့ပဲပေါ့။   မဟုတ်ရင်   ဘာလို့ ဒီလောက် ကုန်ကျစရိတ်ကြီးမားတဲ့ UN တပ်တွေ ပို့ထားမှာလဲ။  ဒါပေမယ့်  အမှန်တကယ် ထိန်းမနိုင် သိမ်းမရ   ဆိုးရွားပြင်းထန်လာတဲ့အခါ ဘယ်သူမှ မကယ်နိုင်ပါဘူး။ နောက်ဆုံးကြားထဲက ပြည်သူ လူထုခမျာ ကူရာမဲ့တော့တာပါပဲ။

နိုင်ငံတကာအကူအညီနဲ့ပတ်သက်ရင် စစ်တမ်းတွေ၊      ဆောင်းပါးတွေက   အလျဉ်းသင့်သလို ထွက်လာနေတာပါပဲ။   သို့သော်   ဂုဏ်သတင်း အင်မတန်ကြီးကျယ်ပြီး ရည်ရွယ်ချက်တွေ မွန်မြတ်လှတဲ့  နိုင်ငံတကာ အဖွဲ့အစည်းတွေကို  ပြစ်တင် ဝေဖန်တဲ့ဆောင်းပါးတွေ        ပေါ်ထွက်လာလည်း ခဏပါပဲ။        အကူအညီပေးရေးသတင်းတွေ၊ လူသားချင်းစာနာမှုသတင်းတွေ    အောက်မှာပဲ ရေကန်ထဲ လှိုင်းလေး တဒင်္ဂပွက်သလို ပျောက်ကွယ် သွားတာပါပဲ။    အခုကတော့    ၂၀၂၅ အစမှာ အကြီးမားဆုံး ကမ္ဘာ့အလှူရှင်ဖြစ်တဲ့ အမေရိကန် နိုင်ငံမှာ နိုင်ငံတကာအကူအညီတွေအပေါ် အကောင်း မမြင်တဲ့ ဒေါ်နယ်ထရမ့် အာဏာရလာခြင်းက လှိုင်း လေး   တဒင်္ဂပွက်သလိုမဟုတ်ဘဲ   ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သလိုဖြစ်လာပါတယ်။

အခုဆို   အရှေ့အလယ်ပိုင်း အရေးအခင်းက ပိုပြီးဆိုးလာနေပါတယ်။ ရုရှား-ယူကရိန်း စစ်ပွဲကလည်း ဆက်ပြီးသွားနေမယ့် သဘောမှာရှိပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယ တင်းမာမှု၊   ထိုင်ဝမ် (ကျွန်း) အကျပ်အတည်းတွေကလည်း ဆက်လက်မြင့်တက် နေပါတယ်။   အချုပ်ဆိုရရင်   လက်ရှိနိုင်ငံတကာ အခြေအနေတွေက နိုင်ငံတကာအကူအညီတွေကို သိပ်မျက်နှာသာမပေးပါဘူး။   တင်းမာမှုတွေဟာ အချိန်မရွေး         ပေါက်ကွဲထွက်လာနိုင်ပါတယ်။ တစ်နည်းပြောရရင် ၂၀၂၅ ခုနှစ်နဲ့ လာမယ့်နှစ်တွေဟာ နိုင်ငံတကာအဖွဲ့အစည်းတွေအတွက်   စိန်ခေါ်မှု အထူးကြီးမားပြင်းထန်တဲ့   နှစ်များဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။            ။