၂၀၂၅ တွင် တိုယိုတာကား မော်ဒယ်အားလုံးကို လျှပ်စစ်ဖြင့် မောင်းနှင်နိုင်မည်

တိုကျို ၁၈ ဒီဇင်ဘာ


တဖြည်းဖြည်း ကြီးထွားလျှက်ရှိတဲ့ စွမ်းအင်ချွေတာရေး ဦးစားပေး စက်ပစ္စည်း ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့အတွက် ၂၀၂၅ ခုနှစ် အရောက်မှာ တိုယိုတာ ကားမော်ဒယ်အားလုံးကို လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်နိုင်ဖို့ ဆောင်ရွက်နေကြောင်း တိုယိုတာ ကော်ပိုရေးရှင်း က ယနေ့ ကြေညာလိုက်ပါတယ်။


၂၀၂၀ ခုနှစ်မှာ တရုတ်နိုင်ငံ ကားဈေးကွက်အတွင်း လျှပ်စစ်ကားတွေကို ရောင်းချနိုင်ဖို့အပြင် ဂျပန်အပါအဝင် အိန္ဒိယနဲ့ အမေရိကန် အထိ ဈေးကွက်ချဲ့ထွင်နိုင်ဖို့ စီစဉ်နေတဲ့ ဂျပန် အဓိက ကားထုတ်လုပ်သူ တိုယိုတာက ၂၀၂၀ ကျော်နှစ်များ အစောပိုင်းမှာ  လျှပ်စစ်ကား အရေအတွက်ဟာ ယခုထက် ၁၀ ဆခန့် ပိုလာမယ်လို့ ခန့်မှန်း ပြောကြားထားပါတယ်။ တစ်ချိန်တည်းမှာ ကုမ္ပဏီအနေနဲ့ စွမ်းအင်နှစ်မျိုးသုံး  hybrid နည်းပညာသုံး ကားတွေနဲ့ ဟိုက်ဒရိုဂျင် လောင်စာသုံး ကားတွေကိုလည်း တိုးမြှင့်ထုတ်လုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။


ယခု ကြေညာချက်ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က တိုယိုတာနဲ့ ပန်နာဆိုးနစ် ကော်ပိုရေးရှင်းတို့ လျှပ်စစ်ဓာတ်အားသွင်းစနစ်ဖြင့် ပြန်အသုံးပြုနိုင်တဲ့ စွမ်းအင်မြင့် ကားဘက်ထရီ ပူးပေါင်း အကောင်အထည်ဖော်ရေး ဆွေးနွေးပြီးနောက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၀၃၀ ခုနှစ်မှာ လျှပ်စစ်ကား ၅ ဒဿမ ၅ သန်းရောင်းချဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ ဒီပမာဏဟာ ကမ္ဘာ့ကားရောင်းအား တစ်ဝက်ကျော်နဲ့ ညီမျှပါတယ်။


ယခုနောက်ပိုင်း တင်းကြပ်လာတဲ့ စည်းမျဉ်းတွေအရ ကားထုတ်လုပ်သူတွေကို သဘာဝပတ်ဝန်းကျင်နဲ့ လျော်ညီတဲ့ ကားတွေ၊ အထူးသဖြင့် စွမ်းအင်ချွေတာတဲ့ လျှပ်စစ်ကား မော်ဒယ်တွေကို ပြောင်းလဲထုတ်လုပ်ဖို့ တွန်းအားပေးလျှက် ရှိပါတယ်။


ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံတွေက ၂၀၄၀ ခုနှစ်မှာ ဓာတ်ငွေ့၊ ဒီဇယ် သုံးကားတွေကို တားမြစ်သွားဖို့ စီစဉ်နေပြီး ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်တဲ့ တရုတ်ကလည်း အလားတူ တားမြစ်သွားဖို့ ရှိနေကြောင်း သိရပါတယ်။


ဘာသာပြန်- မိုးမမ

ကိုးကား-တိုကျို