ရန်ကုန်      မတ်     ၁၉

 

၂၀၂၆-၂၀၂၇    ဘဏ္ဍာနှစ်တွင်    ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်‌ပေါင်း ခြောက်မြို့နယ်၌ ဈေးကွက်ရှိပြီးဖြစ်သည့်   ရိုဘက်စတာကော်ဖီကို ဧက ၁၀၀၀ တွင်  တစ်ဧကလျှင် ၄၃၅ ပင်နှုန်းဖြင့် မိုးရာသီမှစတင်၍ နှစ်အလိုက်လျာထားမှုနှင့်အညီ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း       ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ရိုဘက်စတာကော်ဖီမျိုးစေ့ကို   မိုးရာသီတွင် စတင်စိုက်ပျိုးရန် ပျိုးထောင်ထားရှိပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်    တိုက်ကြီးမြို့နယ်၌    ဧက   ၂၈၀၊ လှည်းကူးမြို့နယ်၌  ဧက  ၅၀၀၊  မှော်ဘီမြို့နယ်၌ ဧက  ၁၀၀၊  တွံတေးမြို့နယ်၌  ဧက ၄၀၊  ကော့မှူး မြို့နယ်၌   ဧက  ၆၀  နှင့်   ကွမ်းခြံကုန်းမြို့နယ်၌ ဧက ၂၀ တို့ဖြင့် စုစုပေါင်း ဧက ၁၀၀၀ တွင် ကနဦး စိုက်ပျိုး၍ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ စိုက်ပျိုးသွားမည်ဖြစ်သည်။

 

“ကော်ဖီဟာ ရာသီဥတုနဲ့ကိုက်ညီမှု မရှိရင် စိုက်ပျိုးလို့မရပါဘူး။ မြေနိမ့်ပိုင်း ကော်ဖီမျိုးဖြစ်တဲ့အတွက် လာမယ့် မိုးရာသီမှာ ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ်ခြောက်မြို့နယ်က ရော်ဘာ၊ သီဟိုဠ် နဲ့ မန်ဂျန်ရှားစိုက်ခင်း ၄၈၇၀၇ ဧက ကျော်မှာ နှစ်ရှည်သီးညှပ်သီးနှံအဖြစ် လျာထားချက်နဲ့အညီ အပင်ပေါင်း ၂၀၀၀၀ ကျော် စိုက်ပျိုးသွားမှာပါ။ ငါးနှစ်စိုက်ပျိုးဖို့ အစီအစဉ်ရှိတာကြောင့် တောင်သူတွေအတွက် ဝင်ငွေပိုရစေမယ့် သီးနှံဖြစ်တဲ့ အပြင် တိုးချဲ့စိုက်ပျိုးလိုတဲ့ တောင်သူတွေ အတွက် အကျိုးစီးပွားဖြစ်ထွန်းစေမယ့် နှစ်ရှည်ပင်လည်းဖြစ်ပါတယ်”ဟု တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်လှကြည်က ပြောသည်။

 

နှစ်ရှည်သီးနှံဖြစ်ပြီး သီးညှပ်စိုက်ပျိုး သွားမည့် ရိုဘက်စတာမြေနိမ့်ကော်ဖီကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီ၊ တွံတေး၊‌ ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်တို့ရှိ နှစ်ရှည်ပင်များကြား၌ မိုးရာသီမှစတင်၍ နှစ်အလိုက် စိုက်ပျိုးသွားမည်ဖြစ်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဧက ၁၀၀၀၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် ဧက ၂၅၀၀၊ ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင် ဧက ၄၀၀၀၊ ၂၀၂၉-၂၀၃၀ ဘဏ္ဍာနှစ်တွင် ဧက ၅၅၀၀၊ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်တွင် ဧက ၇၃၉၀ ဖြင့် ဧက ၂၀၃၉၀ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဈေးကွက်ရရှိထားသော ရိုဘက် စတာကော်ဖီကို ရန်ကုန်တိုင်းဒေသကြီး အတွင်း တိုးချဲ့သီးနှံတစ်ခုအနေဖြင့် စိုက်ပျိုးခြင်းဖြစ်ပြီး တောင်သူများ ကော်ဖီစိုက်ပျိုးမှု စိတ်ဝင်စားမှုများလာပါက ပျိုးပင်များကို ဆက်လက်ဖြန့်ဖြူးပေး သွားမည်ဖြစ်ကြောင်း၊ ကော်ဖီပျိုးပင်ရရှိရန် ခြောက်လမှ ၁၂ လအထိ ပျိုးထောင်လေ့ရှိပြီး စတင်စိုက်ပျိုးချိန်မှ သုံးနှစ်၊ လေး နှစ်အကြာတွင် အသီးသီးကာ ခူးဆွတ် အခြောက်ခံ၍ ကော်ဖီစေ့ကို တိုက်ရိုက် ရောင်းချခြင်း၊ စက်ရုံသို့ပို့ဆောင်ရောင်းချခြင်းနှင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် ရောင်းချခြင်းတို့ဖြင့် ပြည်တွင်း၊ ပြည်ပ ဈေးကွက်သို့ ရိုဘက်စတာကော်ဖီများ ဖြန့်ချိလျက်ရှိသည်။ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ ကော်ဖီခြံများ ဖြစ်ထွန်းလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၌ လာမည့်မိုးရာသီတွင် သီးနှံအသစ် တစ်ခုအနေဖြင့် တိုးချဲ့စိုက်ပျိုးမည်ဖြစ်သည်။

 

ရိုဘက်စတာ ကော်ဖီပင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၅၀၀ အောက် မြေနိမ့်ပိုင်းတွင် စိုက်ပျိုးနိုင်သောသီးနှံဖြစ်ပြီး ပိုးမွှားရောဂါ ဒဏ်ခံနိုင်ရည်ရှိကာ အထွက်နှုန်းကောင်းသော မျိုးစိတ်ဖြစ်သည်။ အခါးဓာတ်နှင့် ကဖိန်းဓာတ်မြင့်မားမှုကြောင့် ကမ္ဘာ့ ကော်ဖီဈေးကွက်၌ လူကြိုက်များသော အမျိုးအစားဖြစ်ပြီး ကမ္ဘာ့ဝယ်လိုအား‌ ကောင်းမွန်မှုကြောင့် ၂၀၂၆ ခုနှစ်တွင် ဝယ်လိုအား နှစ်ဆတိုးလာမည်ဟု နိုင်ငံတကာကော်ဖီဈေးကွက်မှ ကျွမ်း ကျင်သူများက ခန့်မှန်းထားကြောင်း သိရသည်။

 

ဥဿ၊ ဓာတ်ပုံ- ကိုလွင်