နေပြည်တော် ဖေဖော်ဝါရီ ၈

၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရင်ပြင်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME အေဂျင်စီ ဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အသင်းအဖွဲ့များနှင့် ပြခန်းတာဝန်ခံများ၊ တိုင်းရင်းသား ယဉ်ကျေးမှု အကအဖွဲ့များ၊ အထူး ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အခမ်းအနား ကျင်းပမည့်နေရာသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စု အဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားကို ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဒေါက်တာကံဇော်၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ ဦးချစ်ဆွေ နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနား မုခ်ဦးအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အခမ်းအနားတက် ရောက်လာကြသူများသည် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စု နေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနား ဂုဏ်ပြုတေးသီချင်းဖြစ်သည့် “စက်မှုကုန်စည်ပြပွဲဆီ” သီချင်းနှင့်အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၏ ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှု အားပေးကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်၌ ပါဝင်ခင်းကျင်းပြသထားသည့် ပြည်ထောင်စုဝန်ကြီးဌာန ပြခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် ဒေသထွက်ကုန် ပစ္စည်းများပြခန်းနှင့် အရောင်းပြခန်းများ၊ MSME လုပ်ငန်းရှင်များ၏ MSME ထုတ်ကုန်ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာ ရင်းရင်းနှီးနှီး လိုက်လံကြည့်ရှုလေ့လာကြပြီး ပြခန်းတာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

အဆိုပါ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် အဓိက ကျောရိုးဖြစ်သည့် MSME များကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမှ ကုန်ကြမ်းများကိုအခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန် ပစ္စည်းများ ထုတ်လုပ်လာနိုင်စေရန်၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်းဖြင့် ပြည်တွင်း စီးပွားရေးကို အားပေးမြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များကို လျှော့ချရေးနှင့် သွင်းကုန်အစားထိုးထုတ်လုပ်လာနိုင်စေရန်၊ ပြည်တွင်းစီးပွားရေး ကောင်းမွန်လာစေပြီး အလုပ် အကိုင် အခွင့်အလမ်းပေါများလာစေရန်၊ ဒေသအလိုက်ဒေသတစ်ခု ထုတ်ကုန်တစ်ခု(OROP) အစီအစဉ်များ အောင်မြင်ရေးအတွက် အားပေးမြှင့်တင်ရန်၊ MSME များ နှင့် ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံသူများ ပိုမိုချိတ်ဆက် ပူးပေါင်းဆောင်ရွက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးမှု သက်သက်သာမက ဒေသအသီးသီးမှ လုပ်ငန်းရှင်အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ ရိုင်းပင်းကူညီမှု၊ ရိုးရာဓလေ့ ယဉ်ကျေးမှုများ၊ ဗဟုသုတများ ဖလှယ်ရရှိမှု၊ ဈေးကွက် ချိတ်ဆက်နိုင်မှု၊ ပြည်တွင်း ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တိုးတက်ထုတ်လုပ်နိုင်ခြင်းအားဖြင့် ပြည်ပဈေးကွက်သို့ ချိတ်ဆက် နိုင်မည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း။

လေ့လာဝယ်ယူနိုင်

ယခု ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် MSME ထုတ်ကုန်ပြခန်းများ၊ တိုင်းရင်းသား ရိုးရာအစားအစာ ရောင်းချသည့် ဆိုင်ခန်းများ၊ လုပ်ငန်း/စီးပွား ချိတ်ဆက်မှုများ (Business Matching)၊ နည်းပညာပြခန်းများ၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊Solar Farm များ၊ SKD ဦးစားပေး လျှပ်စစ်သုံး မော်တော်ယာဉ်/ မော်တော် ဆိုင်ကယ်/သုံးဘီးဆိုင်ကယ် ပြခန်းများ၊ အထည်ချုပ်ပြခန်းများ၊ ကုမ္ပဏီပြခန်းများ အပါအဝင် စုစုပေါင်းပြခန်းပေါင်း ၁၂၀ ကျော်ကို ပြသရောင်းချလျက်ရှိကြောင်း နှင့် ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၁၃ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး ဈေးရောင်းပွဲတော် ကာလအတွင်း နိုင်ငံကျော် အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အများပြည်သူများအနေဖြင့် လွတ်လပ်စွာ လာရောက်လေ့လာ ဝယ်ယူနိုင်ကြောင်း သိရသည်။

 သတင်းစဉ်