နေပြည်တော် ဖေဖော်ဝါရီ ၉
ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့၌ ကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် (၂၀၂၆) တွင် အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာ စံနှုန်းဆုရရှိခဲ့သူများအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ Hotel Max ၌ ကျင်းပသည်။
အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဟိုတယ်ဇုန်အသီးသီးမှ ကိုယ်စားလှယ်များ၊ ၂၀၂၆ ခုနှစ် အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာ စံနှုန်းဆုရရှိခဲ့သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော်ဆောင်ရာတွင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သူအားလုံး ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်း ခိုင်မာလာစေရန် ရည်ရွယ်၍ အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများကို ၂၀၀၈ ခုနှစ်က စတင် သတ်မှတ်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်တွင် အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းဆု ၂၄ ဆုရရှိခဲ့ပြီး ဆုများ စတင်ပေးအပ်ချီးမြှင့်ခဲ့သည့် ၂၀၀၈ ခုနှစ်မှ ယနေ့အချိန်အထိ စုစုပေါင်းစံနှုန်းဆု ၁၅၈ ဆုကို နှစ်အလိုက် ရရှိထားပါကြောင်း။
အာဆီယံဒေသတွင်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် စုစုပေါင်း အရေအတွက်၏ ထက်ဝက်ခန့်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်လည်ပတ်မှုဖြစ်သည့်အတွက် Intra-ASEAN ခရီးသွားလုပ်ငန်းများ၏ အရေးပါမှုကို သတိပြုမိစေလိုပြီး မြန်မာနိုင်ငံအနေဖြင့် ယင်းခရီးသွား ဈေးကွက်ကို ရရှိနိုင်ရန်သာမက အာဆီယံ၏ မိတ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့မှ ခရီးသွားဈေးကွက်ကို ရရှိနိုင်အောင် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
အာဆီယံ ခရီးသွားလုပ်ငန်း စံနှုန်းဆုရရှိခဲ့သူများအနေဖြင့်လည်း မိမိတို့၏ ဝန်ဆောင်မှုစံနှုန်းများကို ဆက်လက်ထိန်းသိမ်းနိုင်ရေး ကြိုးစားကြရန်၊ စံနှုန်းပါ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်နှင့် အခြားသောစံနှုန်းဆုများကိုပါ ရရှိအောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းဆုရရှိခဲ့မှု မှတ်တမ်းဗီဒီယိုကို ပြသပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု ရရှိခဲ့သူများ အား ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရန်ဝင်းနှင့် အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းဆုရရှိသူများကိုယ်စား Max Myanmar Limited Managing Director ဦးဘိုချန်ထွန်း တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


