နေပြည်တော် မတ် ၈

 

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၂၃) လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာသန်းစိုး နှင့်ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီတို့မှ ကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အမျိုးသမီး ကော်မတီ ဥက္ကဋ္ဌနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသမီးအဖွဲ့ အစည်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ် မှာ“တရားမျှတမှုနဲ့ အခွင့်အရေး များရရှိရေး အမျိုးသမီးများ အားလုံးအတွက် ဆောင်ရွက်ပေး” ဖြစ်ပါကြောင်း၊ ဆောင်ပုဒ်၏ ဆိုလိုချက်အရ အမျိုးသမီးများနှင့် ပတ်သက်ပြီး တန်းတူညီမျှမှုနှင့် တရားမျှတမှုရရှိစေရန်၊ ဥပဒေ ပြဋ္ဌာန်းချက်များကို သိရှိပြီး လေးစားလိုက်နာစေရန်၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် အတားအဆီးများကို ဖယ်ရှားစေပြီး အနာဂတ် တိုးတက် မြင့်မားစေရန်အတွက် လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း။

 

အကောင်အထည်ဖော်ဆောင်ရွက်

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်နှင့်အညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင် အမှတ်(၅)ဖြစ်သည့် ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများနှင့် အမျိုးသမီး ငယ်ရွယ်များ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရေး လုပ်ငန်းစဉ်များ၊ ကမ္ဘာ့အမျိုးသမီး ညီလာခံနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်း အစီအစဉ်များကို နိုင်ငံတော်၏ မူဝါဒနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ် ကမ္ဘာ့လူဦးရေသည် သန်း ၈၀၀၀ ကျော် ရှိသည့်အနက် အမျိုးသမီးဦးရေသည် ၄၉ ဒသမ ၇၄ ရာခိုင်နှုန်းရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် လူဦး ရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စု အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ၅၁ ဒသမ ၄ သန်းရှိပြီး အမျိုးသမီးဦးရေသည် ၅၃ ရာခိုင်နှုန်းရှိပါကြောင်း၊ မြန်မာအမျိုးသမီးများသည် ရှေးအစဉ်အလာကတည်းက အမျိုး သားများနည်းတူ သာတူညီမျှ လူ့အခွင့်အရေးများကို ယနေ့အထိ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ ခံစားနေကြရသည်ကို အားလုံးလည်း သိရှိပြီးဖြစ်ပါကြောင်း၊ ကျား၊ မ တန်းတူညီမျှမှု နှင့် အမျိုးသမီးများအားလုံး စွမ်းပကားမြင့်မားရေး ဆောင်ရွက်ချက်များကို ထိရောက်အောင်မြင်နိုင်ရန် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပုံစံ အားလုံးကို အဆုံးသတ်စေရေး လုပ်ငန်းစဉ် များသည်လည်း အဓိကအရေးပါကြောင်း။

 

အကြမ်းဖက်မှုကြုံတွေ့ရပါက လိုအပ်သည့် ဝန်ဆောင်မှုများ လက်လှမ်းမီ ရရှိနိုင်ရေးအတွက် သတင်းပို့တိုင်ကြားနိုင်ရန် Helpline ဖုန်း ၁၅၆၆ ဖြင့် ၂၄ နာရီ ဝန်ဆောင်မှု ပေးလျက်ရှိပါကြောင်း၊ မြန်မာအမျိုးသမီးထုကြီး အားလုံး၏ အခွင့်အရေးများ အပြည့်အဝ ရရှိခံစားနိုင်စေရေးနှင့် နိုင်ငံတကာနှင့် ထားရှိသည့် ကတိကဝတ်များ၊ စီမံချက်များကို အကောင်အထည် ဖော်နိုင်ရန် ဝန်ကြီးဌာနအသီးသီး နှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးက ဆောင်ရွက်လျက် ရှိသည့် စီမံကိန်းများအလိုက် လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျုဟာ စီမံကိန်း (NSPAW)ပါ နယ်ပယ်များနှင့် ချိတ်ဆက်ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာနှင့် မြန်မာနိုင်ငံ၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ မှတ်တမ်းဗီဒီယိုကို ပြသသည်။

 

ယင်းနောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်သူများသည် ခင်းကျင်းပြသထားသော အမျိုးသမီးကျောင်းများနှင့် အမျိုးသမီး အဖွဲ့အစည်းများ၏ ထုတ်ကုန် ပစ္စည်းများကို လှည့်လည်ကြည့်ရှု အားပေးကြကြောင်း သိရသည်။

 

သတင်းစဉ်