နေပြည်တော် မတ် ၁၂

 

၂၀၂၆ ခုနှစ်  တက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပခဲ့ရာ  ယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ  ဝင်ရောက်ဖြေဆို လျက်ရှိကြသည်။

 

ဦးစွာ  စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများအား စာမေးပွဲ ဖြေဆိုခွင့်ကတ်များ  မှန်/မမှန် စစ်ဆေးခြင်းများနှင့်  လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။

 

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ် စာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ်ဌာနတို့၌ ဒုတိယနေ့  အင်္ဂလိပ်စာဘာသာရပ်ကို  ဖြေဆိုရန်  စာရင်းသွင်း အရေအတွက်မှာ  ခရိုင်ပေါင်း ၁၀၅ ခရိုင်၊ မြို့နယ်ပေါင်း ၂၆၆ မြို့နယ်၊ စာစစ်ဌာနပေါင်း  ၈၈၇ ဌာနတို့၌ ကျောင်းသား ၁၁၂၁၉၁  ဦး၊ ကျောင်းသူ ၁၅၆၅၆၂ ဦး စုစုပေါင်း ၂၆၈၇၅၃  ဦးဖြစ်ပြီး ဖြေဆိုမှု အနေဖြင့်  ကျောင်းသား ၁၀၄၀၅၁ ဦး၊ ကျောင်းသူ ၁၅၀၈၉၅ ဦး စုစုပေါင်း ၂၅၄၉၄၆ ဦး ဖြစ်သဖြင့် ဝင်ရောက်  ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ ရာခိုင်နှုန်း မှာ ၉၄ ဒသမ ၈၆  ရာခိုင်နှုန်းဖြစ် ကြောင်း၊ အလားတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး  တက္ကသိုလ်ဝင်စာမွေးပွဲ ဒုတိယနေ့  အင်္ဂလိပ်စာဘာသာရပ် ကို ဖြေဆိုရန်  စာရင်းသွင်း အရေအတွက်မှာ  ခရိုင်ပေါင်း  ၄၁  ခရိုင်၊ မြို့နယ်ပေါင်း ၅၀၊ စာစစ်ဌာနပေါင်း  ၅၃  ဌာနတို့၌ ကျောင်းသား ၂၀၀၅ ဦး၊ ကျောင်းသူ ၁၃၈၁ ဦး စုစုပေါင်း ၃၃၈၆ ဦးဖြစ်ပြီး ဖြေဆိုမှုအနေဖြင့် ကျောင်းသား ၁၉၉၂ ဦး၊ ကျောင်းသူ ၁၃၇၂ ဦး စုစုပေါင်း ၃၃၆၄ ဦးဖြစ် သဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ ရာခိုင်နှုန်း မှာ ၉၉ ဒသမ ၃၅  ရာခိုင်နှုန်းဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

ယင်းသို့ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့်  ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ  လုံခြုံရေးအဖွဲ့ဝင်များ၊  ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်  ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များက  စနစ်တကျ စောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိသည်။

 

ထိုသို့ ကျောင်းသား ကျောင်းသူများ  ၂၀၂၆ ခုနှစ်  တက္ကသိုလ်ဝင် စာမေးပွဲ  ဖြေဆိုနေမှုများကို ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ချောချောစိန်၊  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ ကြသည်။

 

အဆိုပါ ၂၀၂၆ ခုနှစ်  တက္ကသိုလ် ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ပြီး မတ် ၁၂ ရက် ယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်းနှင့်  မတ် ၁၃ ရက် (သောကြာနေ့)တွင် သင်္ချာဘာသာရပ်၊ မတ် ၁၄ ရက် (စနေနေ့) တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်၊  မတ် ၁၆ ရက်  (တနင်္လာနေ့)တွင်  ရူပဗေဒဘာသာရပ်နှင့်  သမိုင်းဘာသာရပ်၊ မတ် ၁၇ ရက် (အင်္ဂါနေ့)တွင်ဇီဝဗေဒ  ဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို  ဖြေဆိုကြရမည်ဖြစ်ပြီး မတ် ၁၅ ရက် (တနင်္ဂနွေနေ့) ကို ပိတ်ရက်အဖြစ်  သတ်မှတ်ကြောင်း သိရသည်။

 

အလားတူ  စက်မှု၊  စိုက်ပျိုး၊ မွေးမြူ‌ရေး  တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁  ရက်မှ  စတင်ဖြေဆို လျက်ရှိပြီး  မတ် ၁၈ ရက်အထိ  ဆက်လက်  ဖြေဆိုကြမည်ဖြစ်ကာ မတ် ၁၅ ရက် (တနင်္ဂနွေနေ့)ကို ပိတ်ရက်အဖြစ်  သတ်မှတ်ကြောင်း သိရသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲ  ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် စတင် ဖြေဆိုမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများ၏  စကားသံများကိုလည်း အခုလိုကြားသိရပါတယ်-

၁။ ၂၀၂၆ တက္ကသိုလ်ဝင် စာမေးပွဲမှာ ကြီးကြပ်ရေးမှူး တာဝန်အဖြစ် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း စမ်းချောင်းမှာ  လာပြီးတော့ တာဝန်ထမ်းဆောင်နေပါတယ်။ စာဖြေသူပေါင်း ၃၅၀  ရှိပါတယ်။ ဇီဝဗေဒအတွဲမှာတော့ ခုံနံပါတ် ၁ ကနေ ၂၄၁ အထိ  ၂၄၁ ယောက်ရှိပါတယ်။  ဘောဂဗေဒအတွဲမှာတော့ ၉၈ ယောက်ရှိပါတယ်။ ပထဝီ၊ သမိုင်း၊ ဘောဂကတော့ ၁၁ ယောက် ရှိပါတယ်၊ အားလုံးစုစုပေါင်း စာဖြေသူ ၃၅၀  ရှိပါတယ်။ အေးအေးချမ်းချမ်းနဲ့ ဖြေကြားနိုင်ရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း ကျွန်မတို့ ပြုလုပ်ထားပါတယ်။ အားလုံးဖြေနိုင်ပါစေ။ ဂုဏ်ထူးတွေလည်း အများကြီးရပါစေလို့ ဆုတောင်း ပေးပါတယ်။

 

၂။ ကြိုးစားတာကတော့ တစ်နေ့စာတစ်နေ့ကို ပုံမှန်လုပ်ပြီး စာမေးပွဲဖြေဆိုခါနီး ကျောင်းပိတ် ရပ်တွေမှာ  ပြန်နွှေးပြီးတော့ ပုံမှန်လေးတော့ ကျက်ဖြစ်ပါတယ်။  ဒီဘာသာက  ညီမတို့အတွက် နည်းနည်းစိမ်းတဲ့အတွက် ဆရာမတွေသင်ပြတဲ့ အချိန်မှာ သေချာလိုက်မှတ်တယ်။  ပြီးတော့ လေ့လာတယ်၊ အများအားဖြင့်တော့ ဖတ်တာတွေ၊  ပြင်ပဗဟုသုတတွေ ကြည့်ပြီးတော့  အားထုတ်ပါတယ်။ ကျွန်မတို့နိုင်ငံကလည်း  စိုက်ပျိုးရေးအဓိက ထားတယ်ဆိုတော့ အဲဒါကြောင့်  ပိုပြီးတော့ ဒီထက် တိုးတက်အောင် လုပ်ချင်တဲ့ အတွက်ကြောင့်  စိုက်ပျိုးရေးကို ယူတယ်။  အသစ်အသစ်တွေကို လေ့လာတယ်။

သတင်းစဉ်