ဖနွမ်ပင် ၁၂ အောက်တိုဘာ
ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၅ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၁၀ သန်းနှင့် ၂၀၃၀ ခုနှစ်တွင် ၁၅ သန်းထိ လာရောက်မည်ဟု မျှော်မှန်းထားကြောင်း ခရီးသွားလုပ်ငန်း ဝန်ကြီးသောင်ခွန်က အောက်တိုဘာလ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ခရီးသွားပြပွဲတစ်ခု၌ မိန့်ခွန်း ပြောကြားရာတွင် သောင်ခွန်က ကမ္ဘောဒီးယားနိုင်ငံသည် ပြီးခဲ့သည့်နှစ်က ကမ္ဘာလှည့်ခရီးသွား ၅ ဒသမ ၆ သန်း လာရောက်လည်ပတ်ခဲ့ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ရရှိခဲ့ကာ ယင်းပမာဏမှာ တိုင်းပြည်ဂျီဒီပီ၏ ၁၂ ရာခိုင်နှုန်းရှိကြောင်း ပြောကြားသည်။
၂၀၁၈ ခုနှစ် ပထမ ရှစ်လအတွင်း ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ပြည်ပခရီးသွား ၃ ဒသမ ၉ သန်း လာရောက်လည်ပတ်ခဲ့ပြီး ပြီးခဲ့သည့် နှစ်ကလည်း အလားတူ ကာလထက် ၁၁ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ၄င်းက ပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံသို့ အများဆုံးလာရောက်သော ပြည်ပခရီးသွားများမှာ တရုတ်၊ ဗီယက်နမ်၊ လာအို၊ တောင်ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့မှဖြစ်ကြောင်း ခရီးသွားဝန်ကြီးဌာနမှ အချက်အလက်များအရ သိရသည်။
ကမ္ဘောဒီးယားနိုင်ငံက ယခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား ၆ ဒသမ ၂ သန်း၊ ၂၀၂၀ ခုနှစ်တွင် ၇ သန်းကျော်၊ ၂၀၂၅ ခုနှစ်တွင် ၁၀ သန်းနှင့် ၂၀၃၀ ခုနှစ်တွင် ၁၅ သန်း လက်ခံရရှိရန် မျှော်လင့်ကြောင်း သောင်ခွန်က ဆိုသည်။
ခရီးသွားလုပ်ငန်းအနေဖြင့် တိုက်ရိုက်အလုပ်အကိုင်ပေါင်း ၆၂၀,ဝ၀ဝ ခန့်နှင့် တိုက်ရိုက်မဟုတ်သော အလုပ်အကိုင်ပေါင်း သိန်းချီပြီး ဖန်တီးပေးနိ်ုင်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံ၌ နိုင်ငံအနောက်မြောက်ပိုင်း ဆီရမ်ရိပြည်နယ်ရှိ အန်ကောရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပရဝိဟာပြည်နယ်တွင် ပရိဗီဟာဘုရားကျောင်းနှင့် နိုင်ငံအလယ်ပိုင်း ကမ်ပွန်ပြည်နယ်တွင် ဆမ်ဘိုပရီကွပ် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဟု ခေါ်ဆိုသည့် ယူနက်စကိုအမွေအနှစ်စာရင်းဝင် နယ်မြေသုံးခုရှိသည်။
ထို့အပြင် နိုင်ငံနောက်တောင်ပိုင်းရှိ ခိုကောင်၊ ပရာဆီဟာနောက်၊ ကမ်ပေါ့နှင့် ကိခ်ပြည်နယ်များမှာ အရှည် ၄၅၀ ကီလိုမီတာရှိသည့် သန့်ပြန့်သော ကမ်းရိုးတန်းတစ်လျှောက် တည်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်