ဝါရှင်တန် ၂၈ ဇူလိုင်
သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် သင့်လျော်သည့် စီမံဆောင်ရွက်ချက်များ ချမှတ်ခြင်းမရှိလျှင် ကမ္ဘာပေါ်ရှိ ပင်လယ်သမုဒ္ဒရာများထဲသို့ စီးဝင်နေသည့် ပလတ်စတစ်စွန့်ပစ် ပစ္စည်းများ စုပုံလာမှုသည် လာမည့် ၂၀၄၀ ပြည့်နှစ်မတိုင်မီ ရှိရင်းစွဲထက် သုံးဆခန့် ပိုမိုစုပုံလာနိုင်ကြောင်း အမေရိကန် ပြည်ထောင်စုရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုက သတိပေးခဲ့သည်။ အစိုးရမဟုတ်သော အဖွဲ့အစည်း တစ်ခုဖြစ်သည့် The Pew Charritable က သုတေသန အဖွဲ့အစည်းတစ်ခုနှင့်အတူ ပူးပေါင်းကာ အဆိုပါ ခန့်မှန်းချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သင့်လျော်သည့် စီမံထိန်းသိမ်း ဆောင်ရွက်မှုများ မလုပ်ဆောင်လျှင် လာမည့် ၂၀၄၀ ပြည့်နှစ်မရောက်မီ ပင်လယ်သမုဒ္ဒရာများထဲသို့ ပလတ်စတစ် စွန့်ပစ်အမှိုက်များစီးဝင်မှုသည် တန်ချိန် ၂၉ သန်းအထိ ရှိလာနိုင်ကြောင်း ခန့်မှန်းတွက်ချက်ခဲ့ပြီး ယင်းပမာဏသည် ယခုလက်ရှိ ပလတ်စတစ် အမှိုက်တန်ချိန်ပမာဏ ၏ ၂ ဒသမ ၆ ဆဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့လူဦးရေတိုးပွားလာမှုနှင့်အတူ ဈေးနှုန်းသက်သာသည့် ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်မှု တိုးပွားလာမှုကြောင့် တစ်ဦးချင်း ပလတ်စတစ်သုံးစွဲမှု မြင့်တက်လာသည့် အခြေအနေများကိုပါ အဆိုပါ အဖွဲ့က ထည့်သွင်းတွက်ချက်ခဲ့ ကြောင်းသိရသည်။ လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါ ကျရောက်မှုကြောင့် အသုံးပြုရသည့် စွန့်ပစ်နှာခေါင်းစည်းများနှင့် လက်အိတ်များကလည်း ပလတ်စတစ်အမှိုက်များ ပိုမိုတိုးပွားလာစေလျက်ရှိကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ