ဘရပ်ဆဲလ်   မတ်   ၅

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ဥရောပဒေသရာသီဥတုဆိုင်ရာ   ဥပဒေပြင်ဆင်ချက်ကို   မတ် ၅ ရက်တွင်  အတည်ပြုခဲ့ကြောင်း သိရသည်။

ယင်းဥပဒေပြင်ဆင်ချက်အရ ၂၀၄၀ ပြည့်နှစ်အရောက်တွင်  ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ချရန်နှင့်  ၂၀၅၀ ပြည့်နှစ်တွင် ဖန်လုံ အိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု သုညအဆင့် အထိလျှော့ချရေးဆောင်ရွက်ရန် သတ်မှတ်ခဲ့သည်။  ယင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၃၆ ခုနှစ်မှ စတင်၍ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား ကာဗွန်ခရစ်ဒစ်များကို ရေတွက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ယင်းဥပဒေပြင်ဆင်ချက်အရ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏  ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု  အနည်းဆုံး ၈၅ ရာခိုင် နှုန်းအထိလျှော့ချခြင်းလုပ်ငန်းကို အဖွဲ့အတွင်း ပြီးမြောက်အောင်ဆောင်ရွက်ရမည်ဖြစ်သည်။ ယင်းကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေးလုပ်ငန်းမျာကိုလည်း ဥရောပ သမဂ္ဂ၏ မိတ်ဖက်နိုင်ငံများတွင် ဆောင်ရွက်သည့်လုပ်ငန်းများ အတိုင်းဆောင်ရွက်ရမည်ဖြစ်ပြီး ပါရီသဘောတူညီချက်နှင့် ကိုက်ညီရမည်ဟု သတ်မှတ်ထားသည်။  ယခုကဲ့သို့ ဥပဒေပြင်ဆင်ချက်ကို အတည်ပြုခဲ့ခြင်းကြောင့် အဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများအပေါ် လွှမ်းခြုံမှုရှိသည့် ဥရောပသမဂ္ဂ၏ ကာဗွန်ဓာတ်ငွေ့ ကုန်သွယ်ရေးစနစ် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို နှောင့်နှေးခဲ့ကြောင်း သိရသည်။

ယခုဥပဒေပြင်ဆင်ချက်သည်  ဥရောပသမဂ္ဂဂျာနယ်တွင် ထည့်သွင်းဖော်ပြပြီးနောက် ရက်ပေါင်း ၂၀ အတွင်း စတင်အသက်ဝင်လာမည်ဟု  သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ