ဒါးဗို့စ်       ဇန်နဝါရီ        ၁၇

လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ရာသီဥတုပြောင်းလဲ မှုကြောင့် လူပေါင်း ၁၄ ဒသမ ၅ သန်းခန့် သေဆုံးနိုင် ပြီး ကမ္ဘာတစ်ဝန်း စီးပွားရေးဆုံးရှုံးမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၅ ထရီလီယံရှိလာနိုင်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ဇန်နဝါရီ ၁၆ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

ဆန်းစစ်လေ့လာခဲ့

၎င်းအစီရင်ခံစာတွင်    ရာသီဥတုပြောင်းလဲမှု၏ အဓိကအကျိုးဆက် ခြောက်မျိုးဖြစ်သည့် ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ အပူလှိုင်းဖြတ်ခြင်း၊ အပူပိုင်းမုန်တိုင်းများ တိုက်ခိုက်ခြင်း၊  တောမီးများ လောင်ကျွမ်းခြင်း နှင့်   ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းတို့ကို ဆန်းစစ်လေ့လာခဲ့သည်။ ရေကြီးရေလျှံမှုတစ်ခုတည်း ကြောင့် ၂၀၅၀ ပြည့်နှစ် တွင် ၈ ဒသမ ၅ သန်း သေဆုံးမည်ဟု  ခန့်မှန်း ထားပြီး  မိုးခေါင်ရေရှားမှုကြောင့် လူပေါင်း ၃ ဒသမ ၂ သန်း သေဆုံးနိုင်သည်ဟု ခန့်မှန်းထားသည်။ ထို့ပြင် ၂၀၅၀ ပြည့်နှစ်တွင်   အပူလှိုင်းများ   တိုက်ခတ်မှုကြောင့်  စီးပွားရေးဆုံးရှုံးမှု ခန့်မှန်းခြေ တန်ဖိုးသည်  ဒေါ်လာ ၇ ဒသမ ၁ ထရီလီယံအထိ   ဖြစ်လာနိုင်သည်ဟု   တာဝန်ရှိသူများက  ပြောကြား သည်။ 

ရာသီဥတုအကျပ်အတည်းသည်    ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးမညီမျှမှုကို ပိုမိုဆိုးရွားစေမည် ဖြစ်ပြီး ရောဂါခုခံနိုင်စွမ်းနည်းပါးသည့် ကမ္ဘာ့နိုင်ငံသားများသည် ကျန်းမာရေးထိခိုက်မှုကို အများဆုံး ခံစားရမည်ဖြစ်ကြောင်း အစီရင်ခံစာက   သတိပေးထားသည်။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန်နှင့် ရာသီဥတုပြောင်းလဲမှု၏ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများကို လျော့ပါးသက်သာ စေရန်အတွက် တာဝန်ရှိသူများက မဟာဗျူဟာမြောက် ဆောင်ရွက်ရေးအတွက် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ အစီရင်ခံစာတွင် တောင်းဆိုထားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ