(၂၁) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် အဆင့်မြင့်စီးပွားရေး အရာရှိများ အစည်းအဝေးနှင့် အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများ၏ (၃/၅၂) ကြိမ်မြောက် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ

နေပြည်တော်၊ ဩဂုတ် ၂

 

(၂၁) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) အဆင့်မြင့် စီးပွားရေးအရာရှိများ အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် စီအယ်လ်အမ်ဗွီ အဆင့်မြင့်စီးပွားရေးအရာရှိ ဒေါက်တာဝါဝါမောင်က သဘာပတိအဖြစ် ဦးဆောင်ကျင်းပသည်။ အဆိုပါအစည်းအဝေးသို့ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့မှ အဆင့်မြင့်စီးပွားရေး အရာရှိများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် အဆင့်မြင့်စီးပွားရေးအရာရှိများက စီအယ်လ်အမ်ဗွီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အောက်မှ စီအယ်လ်အမ်ဗွီလုပ်ငန်း အစီအစဉ် (၂၀၁၉-၂၀၂၀) နှင့် (၂၀၂၁-၂၀၂၂) တို့၏ အကောင်အထည်ဖော်မှု၊ စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှု မူဘောင်ကို အကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းအစီအစဉ် ရေးဆွဲရေး ကိစ္စရပ်များကို အဓိက ဆွေးနွေးခဲ့ကြသည်။

 

အဆင့်မြင့်စီးပွားရေးအရာရှိများက စီအယ်လ်အမ်ဗွီ နိုင်ငံများအကြား  စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ကုန်စည်ပြပွဲများ၊ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ စသည့်နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများကို Virtual နည်းဖြင့် ဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ ကျင်းပသွားရေး နှင့် စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှု မူဘောင်အား အကောင်အထည်ဖော်မည့်လုပ်ငန်း အစီအစဉ် ရေးဆွဲမည့်အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြသည်။

 

အစည်းအဝေး၌ ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အတွင်း အကောင်အထည်ဖော်ခဲ့သည့် အာဆီယံ ပေါင်းစည်းဆောင်ရွက်မှု ကနဦးလုပ်ငန်း အစီအစဉ်-၃ ပြီးစီးမှုနှင့် ၂၀၂၁ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်-၄ စတင်အကောင် အထည်‌ဖော်မှုတို့ကိုလည်းကောင်း၊ စီအယ်လ်အမ်ဗွီနိုင်ငံများ၌ ယှဉ်ပြိုင်မှုနှင့် ဝန်ဆောင်မှု ကုန်သွယ်ရေးကဏ္ဍ တိုးတက်‌စေရေးအတွက် ဂျာမနီ နိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် GIZ က    ဆောင်ရွက်လျက်ရှိသော “အာဆီယံ စီးပွားရေးပေါင်းစည်းမှု ကနဉီးအစီအစဉ်၏ ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေးမူဘောင်” စီမံချက်၏ ဆောင်ရွက်မှု တို့ကိုလည်းကောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံက သဘာပတိအဖြစ် တာဝန်ယူကျင်းပမည့် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများ အစည်းအဝေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများကို လည်းကောင်း ညှိနှိုင်းဆွေးနွေးကြသည်။

 

မွန်းလွဲပိုင်းတွင်  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်သည် အာဆီယံအဆင့်မြင့် စီးပွားရေး အရာရှိများ၏ (၃/၅၂) ကြိမ်မြောက် အစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။ အစည်းအဝေးတွင် ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ၊  ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် Dr. May Fa'ezah Ahmad Ariffin က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး၊  အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့် စီးပွားရေး အရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ စီးပွားရေး မဏ္ဍိုင်ဆိုင်ရာ ဒုတိယအတွင်းရေး မှူးချုပ် Mr. Satvinder Singh နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဘရူနိုင်းနိုင်ငံက အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်အတွင်း ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ၏ ဖြစ်ပေါ်တိုးတက်မှု၊ အေအီးစီ ၂၀၂၅  အကောင်အထည်ဖော်မှုအရ ၂၀၂၁ ခုနှစ်အတွက် ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းများ၏ အကောင်အထည်ဖော်မှု၊  အေအီးစီ ၂၀၂၅  ကာလလယ် သုံးသပ်ချက် အစီရင်ခံစာအရ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ အဆင့်မြင့် စီးပွားရေးအရာရှိများ၏ လမ်းညွှန်မှုအောက်ရှိ ဘာသာရပ်ဆိုင်ရာလုပ်ငန်း အဖွဲ့များ၏ လုပ်ငန်းများ အကောင်အထည်ဖော်မှု တင်ပြချက်များ၊ တီမောလတ်စ်တေ နိုင်ငံက အာဆီယံသို့ ဝင်ရောက်ရန် လျှောက်ထားမှုအတွက် အာဆီယံစီးပွားရေး အသိုက်အဝန်းအနေဖြင့် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် (၅၃) ကြိမ်မြောက် အာဆီယံ စီးပွားရေး ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် ပြင်ဆင်ဆောင်ရွက်မှုများအပေါ်  အမြင်ချင်းဖလှယ် ဆွေးနွေးသည်။

 

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်သည် ၂၀၂၁ ခုနှစ် ဩဂုတ် ၅ ရက်၊  ဩဂုတ် ၁၁ ရက် နှင့် ဩဂုတ် ၁၆ ရက်တို့တွင် ကျင်းပမည့် အာဆီယံ - ကနေဒါ၊ အာဆီယံ - ကိုရီးယား ၊ အာဆီယံ - ဟောင်ကောင်၊ အာဆီယံ - တရုတ်၊ အာဆီယံ - အမေရိကန်၊ အာဆီယံ - အိန္ဒိယ၊ အာဆီယံ - ရုရှား၊ အာဆီယံ - ဗြိတိန်၊ အာဆီယံ - ဆွစ်ဇာလန်၊ အာဆီယံ - ဩစတြေးလျ၊ နယူးဇီလန်၊ အာဆီယံ - ဂျပန်၊ အာဆီယံ အပေါင်းသုံး (တရုတ်၊ ဂျပန်၊ ကိုရီးယား)၊ အာဆီယံ - အီးယူ၊ အရှေ့အာရှ အဆင့်မြင့် စီးပွားရေးအရာရှိများ အစည်းအဝေးများသို့လည်း ဆက်လက် တက်ရောက်မည် ဖြစ်သည်။

 

အဆိုပါ အစည်းအဝေးများတွင် အာဆီယံနှင့် ဆောင်ရွက်နေသည့် လွတ်လပ်သော ကုန်သွယ်မှုဒေသအကောင်အထည်ဖော်မှုများ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ကိုဗစ် - ၁၉ ကပ်ရောဂါအလွန် ဒေသတွင်း စီးပွားရေး ပြန်လည်ထူထောင်မည့် အစီအစဉ်များ ကို အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းကြမည် ဖြစ်ကြောင်း သိရသည်။ 

 

သတင်းစဉ်