mdn

နေပြည်တော် ၇ ဧပြီ

 

သတင်းစာတိုင်းတွင် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်မူဝါဒ အသီးသီးရှိကြသည်။ နိုင်ငံပိုင်သတင်းစာတို့အနေဖြင့် အများ ပြည်သူတို့ အကျိုးစီးပွားကို ရှေးရှုသည့် ကိုယ်ပိုင်ဟန်များဖြင့် ရပ်တည်နေသော မီဒီယာပလက်ဖောင်း တစ်ခုဖြစ်လာပါသည်။ နိုင်ငံပိုင်သတင်းစာတို့၏ ကိုယ်ပိုင်မူဝါဒဆိုရာ၌ နိုင်ငံတော်၏မူဝါဒ၊ ပြည်သူ့အစိုးရ၏မူဝါဒကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။ 

 

နိုင်ငံတော်နှင့်ပြည်သူတို့အကြား ပေါင်းကူးတံတားသဖွယ်ရပ်တည်ကာ သတင်းအချက်အလက်နှင့် အသိပညာ၊ ဗဟုသုတများကို ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။နိုင်ငံပိုင်သတင်းစာတို့သည် ရှည်လျားသောသတင်းစာ သမိုင်းတွင်ဖြတ်သန်းလာခဲ့ကြသော သတင်းစာများဖြစ်သည်။ နိုင်ငံပိုင်သတင်းစာ များသည် သတင်းနှင့် စာနယ်ဇင်းကော်ပိုရေးရှင်း၏ ဦးဆောင်စီမံဆောင်ရွက်ပေးမှုဖြင့် ရပ်တည်လာခဲ့ရာ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း စတင်ဖြစ်တည်လာသည့် ၁၉၉၈ ခုနှစ်မှစတင်၍ ရေတွက်လျှင် ယခုအခါ ၂၁ နှစ်မြောက် နှစ်ပတ်လည်အခါသမယသို့ ရောက်ရှိလာပြီဖြစ်သည်။

 

ဖြတ်သန်းလာခဲ့သော သတင်းစာသမိုင်းကြောင်းတစ်လျှောက်မှစ၍ ယနေ့ထက်တိုင် နိုင်ငံနှင့်ပြည်သူ့ အကျိုးအတွက် သတင်းအချက်အလက်နှင့် အသိပညာဗဟုသုတများကို မျှဝေပေးခဲ့ကြသော ဦးဆောင် ဦးရွက်ပြု ဆောင်ရွက်ပေးခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ သတင်းစာပညာရှင်ကြီးများ၊ သတင်းစာဆရာများ၊ ကျွမ်းကျင်ပညာရှင်များ၊ ဝန်ထမ်းများနှင့် သတင်းစာ ဝိုင်းတော်သားများအားလုံးကို ဤနှစ်ပတ်လည် အခါသမယတွင် လေးစား ဂုဏ်ပြုအသိအမှတ်ပြုရမည်ဖြစ်သည်။

 

နိုင်ငံပိုင်သတင်းစာတို့သည် နိုင်ငံကိုကိုယ်စားပြုသဖြင့် ဂုဏ်သိက္ခာရှိသော သတင်းစာကြီးများအဖြစ် ရပ်တည်နိုင်အောင် အစဉ်အမြဲကြိုးပမ်း အားထုတ်လျက်ရှိသည်။ ပြည်သူတို့အား မှန်ကန်သောအသိအမြင်၊ ဗဟုသုတများ ရရှိစေရေးအတွက် အသိပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ အစွဲအာဃာတကင်းသည့် သတင်းများမျှဝေပေးခြင်း၊ ပုဂ္ဂလဓိဋ္ဌာန်မဖက်ဓမ္မဓိဋ္ဌာန်သက်သက်ဖြင့် မှန်ကန်သည့်ဘက်မှရပ်တည်ခြင်း စသည့်ကောင်းကျိုးများဖြင့် လူ့ဘောင်အဖွဲ့အစည်းကို ကြေးမုံပြင်ကဲ့သို့ ထင်ဟပ်စေပြီး ခေတ်သမိုင်းကို မှတ်တမ်းတင် ရေးထိုးလျက်ရှိသည်။

 

နိုင်ငံပိုင်သတင်းစာတို့သည် ခေတ်စနစ်အမျိုးမျိုးတို့ကို ဖြတ်သန်းခဲ့ကြရာတွင် ဒီမိုကရေစီ အသွင် ကူးပြောင်းသည့်ကာလမှစတင်၍ ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေစွာဖြင့် ပြည်သူကို ကိုယ်စားပြုသည့် ပြည်သူ့သတင်းစာ များအဖြစ် ပြောင်းလဲရပ်တည်ခဲ့သည်။ အထူးသဖြင့် ပြည်သူ့အစိုးရ တာဝန်ယူသည့် အချိန်မှစတင်၍ သတင်းစာ၏ အသွင်အပြင်နှင့် အနှစ်သာရများကို ဆန်းသစ်သည့်တီထွင်မှုများဖြင့် စဉ်ဆက်မပြတ် ပြောင်းလဲကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

 

နိုင်ငံတစ်ဝန်းမှ ကျောင်းသားလူငယ်များ၏လက်ရာသစ် မျိုးဆက်သစ်ရင်ပြင်၊ ကလေးများအတွက် ဆန်းဒေးကာတွန်း၊ ပြည်သူများ၏ဆန္ဒကိုထင်ဟပ်သည့် ပြည်သူ့သဘောထားစင်မြင့်၊ ပြည်သူ့လိုအပ်ချက် များကိုဖော်ညွှန်းသည့် ထင်သာမြင်သာပြုပြင်စရာ၊ ပြည်တွင်းရေးရာ၊ နိုင်ငံတကာ ရေးရာ၊ ဥပဒေရေးရာ၊ စီးပွားရေးရာ၊ လူမှုရေးရာ၊ အားကစားရေးရာ၊ အနုပညာရေးရာ၊ တိုင်းရင်းသားရေးရာ၊ တိုင်းရင်းသားဘာသာ၊ ရန်ကုန်မြင်ကွင်းကျယ်၊ အလုပ်အကိုင်အခွင့်အလမ်း၊ ပညာသင်ကြားမှုအခွင့်အလမ်း စသည်တို့ကို ဖော်ပြပေးလျက်ရှိသည့်အပြင် ပြည်သူ့အစိုးရ၏ တစ်နှစ်တာ၊ နှစ်နှစ်တာ၊ သုံးနှစ်တာ ဆောင်ရွက်ချက်များကို ပြည်သူများ ပွင့်လင်း မြင်သာစွာသိရှိနိုင်ရန် ဖော်ပြပေးလျက်ရှိသည်။

 

နိုင်ငံပိုင်သတင်းစာများသည် ပြည်သူကိုဗဟိုပြု၍ အကျိုးအမြတ်ကိုရှေးရှုခြင်းမပြုသော်လည်း ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ စီးပွားရေး ဆန်ဆန်ပြုပြင်ပြောင်းလဲဆောင်ရွက်ရသည်။ မီဒီယာလုပ်ငန်းတစ်ခု အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းသည် စာဖတ်ပရိသတ်ပြည်သူလူထုလက်ခံခြင်း၊ လက်မခံခြင်းအပေါ် မူတည်သဖြင့် ပြည်သူလူထုယုံကြည်အားထားမှုရှိအောင် ကြိုးပမ်းအားထုတ်လျက်ရှိသည်။

 

သို့ဖြစ်ရာ ပြည်သူနှင့်အစိုးရအကြား ပေါင်းကူးတံတားသဖွယ်ဆောင်ရွက်ပေးနေသည့် နိုင်ငံပိုင်သတင်းစာ များသည် အများပြည်သူဝန်ဆောင်မှုမီဒီယာ၏ လုပ်နည်းလုပ်ဟန်နှင့်ကျင့်ဝတ်များအတိုင်း ပြဋ္ဌာန်းလိုက်နာ ကျင့်သုံးလျက် ပြည်သူတို့၏သတင်းသိပိုင်ခွင့်များကို မီဒီယာပလက်ဖောင်းတစ်ထောင့်တစ်နေရာမှ အများ ပြည်သူအတွက် သတင်းအချက်အလက်နှင့် အသိပညာဗဟုသုတများကို ကြေးမုံပြင်မှန်တစ်ချပ်သဖွယ် အစွမ်းကုန်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ