ထွန်းသစ်စ - ရေးသားသည်
နေ့ ၂၁ ရာစုကမ္ဘာကြီးမှာ သတင်းအချက်အလက်နဲ့ နည်းပညာ (အိုင်တီ) ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ခေတ်နဲ့အညီ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဖြစ်ထွန်းတိုးတက်လာတာကို မပြောလည်း အားလုံးသိပြီးဖြစ်မှာပါ။ ယခင်က နည်းပညာမဖွံ့ဖြိုးခင်မှာ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ၊ အုပ်စုတစ်စုနဲ့တစ်စု၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သတင်းအချက်အလက်တွေဖလှယ်တဲ့နေရာမှာ ခိုတွေကို အသုံးပြုပြီး စာပို့ခဲ့ရသလို သတင်းစကား စာလွှာ ပါးတဲ့နေရာမှာလည်း စာတိုက်စနစ်ကိုသာ အားကိုးခဲ့ကြရပါတယ်။
ဒါတင်မကသေးပဲ ကြေးနန်းတွေနဲ့လည်း ဆက်သွယ်မှုတွေ လုပ်ခဲ့ရပါတယ်။ အချိန်တွေလည်း အများကြီး ကုန်ပါတယ်။ အခု နည်းပညာတိုးတက်လာတဲ့ ၂၁ ရာစု ကမ္ဘာကြီးမှာ ခလုတ်လေးတစ်ချက် နှိပ်လိုက်တာနဲ့ စက္ကန့်မခြားဘဲ စေလိုရာစေနိုင်ပြီ ဖြစ်ပါတယ်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကြောင့်ရလာတဲ့အကျိုးရလဒ်က အံ့မခန်းပါပဲ။ အဲဒီလိုပဲ။ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေ နောက်ကွယ်က ကြောက်စရာကောင်းတဲ့ ဆိုက်ဘာကျိုးပေါက်မှုက လည်း ပြောမဆုံးပေါင် တောင်သုံးတောင် ဖြစ်နေပါပြီ။
ကြားချင်လောက်အောင်ဖြစ်
အပတ်စဉ်အပတ်တိုင်း၊ လစဉ်လ တိုင်း၊ နှစ်စဉ်နှစ်တိုင်းမှာ ဘဏ်များ၊ ကျန်းမာရေးအဖွဲ့အစည်းများ၊ ယုတ်စွအဆုံး ကျောင်းများအပါအဝင် ပုံသ္ဌာန်အရွယ်အစား အမျိုးမျိုးရှိ အဖွဲ့အစည်းများကို အဓိက ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိတာကို လေ့လာတွေ့ရှိခဲ့တယ်လို့ နည်းပညာ လုံခြုံရေးကုမ္ပဏီ RSA ရဲ့ အကြီးတန်း နည်းပညာ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုပါတယ်။ ၂၁ ရာစု ကမ္ဘာကြီးမှာ ဆိုက်ဘာ တိုက်ခိုက်မခံရတဲ့ နှစ်ဆိုတာ မကြားဖူးလောက်အောင်ပါပဲ။ ဘယ်နိုင်ငံမှာတော့ ဆိုက်ဘာတိုက်ခိုက်မှုတွေ ခံနေရပြီ။ ဘယ်နိုင်ငံမှာတော့ ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် ဘယ်လိုဖြစ်သွားပြီဆိုတဲ့ သတင်းတွေဟာ မကြားချင် လောက်အောင်ပါပဲ။
အကောင့်များ မလုံမခြုံဖြစ်ခဲ့ရ
ထိတ်လန့်စရာအကောင်းဆုံး လျှို့ဝှက်ချက် ဖော်ထုတ်နိုင်မှုကတော့၂၀၁၃ ခုနှစ် ဩဂုတ်လမှာဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာကျူးလွန်မှုပင်ဖြစ်ပြီး အဆိုပါ ကိစ္စတွင်ရာ ဟူးအသုံးပြုသူ သုံးဘီလီယံခန့်ရဲ့ အကောင့်များ မလုံမခြုံဖြစ်ခဲ့ရ ပါတယ်လို့ လွန်ခဲ့တဲ့ အောက်တိုဘာလ ကတည်းက ရာဟူးက ကြေညာခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံး လူမှုမီဒီယာ ကုမ္ပဏီဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်မှာ အချက်အလက် ပေါက်ကြားခဲ့တာနဲ့ ပတ်သက်တဲ့ တောင်းပန်စာကို ဗြိတိန်နဲ့ အမေရိကန်သတင်းစာတွေမှာ စာမျက်နှာတစ်မျက်နှာပြည့် ထည့်သွင်းဖော်ပြ ခဲ့တယ်လို့ သတင်းတွေမှာ ထပ်မံလေ့လာသိရှိခဲ့ပြန်ပါတယ်။
ဆိုက်ဘာကျိုးပေါက်မှုများ အားကောင်းစွာ ဖြစ်ပေါ်လျက်ရှိ
အဲဒီလိုကိစ္စတွေ ဖြစ်ပွားလာခဲ့ရင်ဘယ်သူ့ကို အပြစ်တင်ရမလဲ။ ငြင်းလို့မရတဲ့ အချက်ကတော့ ဆိုက်ဘာတိုက်ခိုက် သူတွေဟာ အခုလိုဖြစ်ပွားလာတဲ့ကိစ္စတွေနဲ့ မကင်းဘူးဆိုတာပဲ ဖြစ်ပါ တယ်။ ဆိုက်ဘာကျိုးပေါက်မှုတွေရှိခဲ့ပါက စီးပွားရေးခေါင်းဆောင်တွေဟာ သူတို့ရဲ့ အိုင်တီဌာနတွေအနေနဲ့အဆိုပါ ကိစ္စရပ်တွေအတွက် အပြည့်အဝတာဝန်ယူရမှာ ဖြစ်တယ်လို့ ပြောခဲ့သော်လည်း တကယ့်ဆိုက်ဘာ ကျူးလွန်မှု များအပေါ် ပြစ်တင်မှုများက တော့ဆက်လက်ပြီး အားကောင်းစွာ ဖြစ်ပေါ်လျက်ရှိဆဲပါ။
ထိုသို့ ဖြစ်ပွားလာခဲ့တဲ့ တကယ့်ရင်းမြစ်များကတော့ စီးပွားရေးလုပ်ငန်းရှင်များ သို့မဟုတ် စီးပွားရေးလုပ်ငန်း များနဲ့ လုံခြုံရေးအဖွဲ့များကြား ပေါင်းစပ်ညှိနှိုင်းမှုများ အားနည်းတာကြောင့်ဖြစ်ပါတယ်။ အိုင်တီကျွမ်းကျင် ပညာရှင်တွေက ဆိုက်ဘာကျိုးပေါက်မှုတွေဘာကြောင့် ဖြစ်လာသလဲဆိုတဲ့အပေါ် နား လည်သဘောပေါက်ဖို့သာမက အနာဂတ်မှာ ဘယ်လိုကာကွယ်မှုတွေ လုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး စိတ်အားထက်သန်နေချိန်မှာ စီးပွားရေးထိပ်တန်း ပုဂ္ဂိုလ်တွေကတော့ ဆိုက်ဘာကျိုးပေါက်မှုကြောင့် အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်လာတဲ့ရလဒ်ကိုပဲ သုံးသပ်ပါတယ်။ အခုလိုပေါင်းစပ်ညှိနှိုင်းမှု မရှိတဲ့အတွက် အဖွဲ့အစည်းများအနေနဲ့ အမြင့်မားဆုံးသော ခြိမ်းခြောက်မှုတွေကို တုံ့ပြန်မှုနဲ့ ကာကွယ်မှုတွေ လုပ်နိုင်မှာမဟုတ်ပါဘူး။
ပြောင်းလဲဖြစ်ပေါ်လာတဲ့ ဆိုက်ဘာ ခြိမ်းခြောက်ခြင်း သို့မဟုတ် ဆိုက်ဘာ ကျိုးပေါက်ခြင်းရဲ့ အခင်း အကျင်းကိုသုံးသပ်ရမယ်ဆိုရင် အဖွဲ့အစည်းတွေအနေနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေအား မနည်းအောင် ဘယ်လိုညှိနှိုင်းဆောင်ရွက်မလဲဆိုတာနဲ့ ဆိုက်ဘာခြိမ်းခြောက်မှုအန္တရာယ်ကို စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ပါတယ်။
နားလည်မှုလွဲမှားတဲ့ကွာဟချက်ကိုကျဉ်းမြောင်းစေမယ့် အချက်တွေ
ဝမ်းနည်းစွာ နားလည်မှုလွဲခြင်း ကွာဟချက်ကို ကျဉ်းမြောင်းစေမယ့်အချက်တွေရှိပါတယ်။ အဲဒါတွေ ကတော့နံပါတ်တစ်အနေနဲ့ စီးပွားရေးနဲ့ လုံခြုံရေး ဆိုင်ရာ အသင်းအဖွဲ့တွေအနေနဲ့ စီးပွား ရေး ဦးဆောင်တဲ့လုံခြုံရေးဆိုင်ရာ ချဉ်းကပ်မှုတွေကို အတူတကွလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေဟာ အိုင်တီနယ်ပယ်နဲ့ စီးပွားရေး ကဏ္ဍတွေမှာပါ ပြဿနာဖြစ်စေပါတယ်။ဒုတိယအချက်အနေနဲ့ လုံခြုံရေးအဖွဲ့ဟာ အင်တာပရိုက်တစ်ခုလုံးကို အချိန်တိုင်း ကြည့်နေဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိကမ္ဘာကြီးမှာ မိုဘိုင်းနည်း ပညာ၊ ကလောက်နည်းပညာနဲ့ အင်တာနက်နည်းပညာတွေဟာ ဆိုက်ဘာခြိမ်း ခြောက်တိုက်ခိုက်မှုကို အချိန်တိုင်း လမ်းဖွင့်ပေးနေသလို ဖြစ်နေပါတယ်။
ဒါကြောင့် အဖွဲ့အစည်းတွေဟာ အရင်ကထက်ကိုပဲ ဘေးအန္တရာယ်ပိုများ လာခဲ့ပါပြီ။ ယနေ့ခေတ် အဖွဲ့အစည်းတွေဟာ ဆိုက်ဘာတိုက်ခိုက်မှုတွေ ဘယ်အချိန်ဖြစ်လာမလဲဆိုတာကို ကြိုမမြင်နိုင်ပါဘူး။ ဆိုက်ဘာခြိမ်းခြောက်မှုတွေဟာ ၃၉ စက္ကန့်တိုင်းမှာ တစ်ကြိမ်ဖြစ်ပေါ်လျက်ရှိပါတယ်။တတိယအချက်အနေနဲ့ အဖွဲ့အစည်း တွေအနေနဲ့ လုံခြုံရေးအဖွဲ့ကို ဆိုက်ဘာ တိုက်ခိုက်လာမှုမှ ကာကွယ်ရန်နဲ့ ခြိမ်း ခြောက်မှုမှ တန်ပြန်လုပ်ဆောင်နိုင်ရန်အတွက် လုပ်ပိုင်ခွင့်တွေခွင့်ပြုပေးရမှာ ဖြစ်ပါတယ်။ အကယ်၍တိုက်ခိုက်မှုတွေကို မခုခံမကာကွယ်ဘူးဆိုရင်တော့ ပိုဆိုး တဲ့ အခြေအနေတွေ ရောက်လာမှာဖြစ်ပါတယ်။
ပူးပေါင်းဆောင်ရွက်ဖို့လို
စီးပွားရေးဦးဆောင်တဲ့ လုံခြုံရေး ဆိုင်ရာ ချဉ်းကပ်မှုတွေကို ဖန်တီးဖို့ဆိုရင်စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ အသင်း အဖွဲ့တွေဟာ သူတို့ရဲ့ နည်းဗျူဟာတွေ၊ ဦးစားပေးလုပ်ဆောင်ရမယ့် ကိစ္စတွေကိုပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ လုံခြုံရေးအပိုင်းမှာ စွန့်စားခြင်းနဲ့အောင်မြင်မှုတန်ဖိုးကြားမှာ ခြားနားမှုတွေရှိပါတယ်။ အိုင်တီကျွမ်းကျင်သူတွေဟာ စီးပွားရေးခေါင်းဆောင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ မရှိသလောက် ရှားပါတယ်။ အမှုဆောင်အရာရှိတွေကလည်း ဖြစ်ခါမှဖြစ်ရော မဖြစ်သေးတဲ့ဆိုက်ဘာတိုက်ခိုက်မှုတွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ခေါင်းခြောက်လျက်ရှိပါတယ်။
စီးပွားရေးခေါင်းဆောင်တွေဟာ လည်း လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုတွေမှာဖြစ်တတ်တဲ့ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု၊ အသိဉာဏ်ဆိုင်ရာ မူပိုင်ခွင့်များ၊ ဂုဏ်သိက္ခာဆိုင်ရာတွေနဲ့ပတ်သက်ပြီးတော့ သက်ရောက်မှု အနည်း အများကို နားလည်ထားသင့်ပါတယ်။
နားလည်ဖို့လို
အိုင်တီပညာရှင်များကလည်း ညှိနှိုင်းဆွေးနွေးပွဲတွေမှာ သက်ဆိုင်ရာ အိုင်တီအကြောင်းအရာတွေကို စီးပွား ရေးခေါင်းဆောင်တွေ နားလည်အောင် ကြိုးစားလုပ်ဆောင်သင့်ပါတယ်။ ထို့အတူ ဆိုက်ဘာလုံခြုံရေး ရင်းနှီးမြှုပ်နှံမှုရဲ့ တန်ဖိုးကိုလည်း နားလည်သဘော ပေါက်အောင် လုပ်ဆောင်ပေးရပါမယ်။
စီးပွားရေးခေါင်းဆောင်တွေအနေနဲ့လည်း သူတို့ရဲ့ အိုင်တီဌာနတွေအနေနဲ့လုံခြုံရေးဆိုင်ရာ ရည်မှန်းချက် တွေကိုအပြည့်အဝ နားလည်အောင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။အိုင်တီကျွမ်းကျင်သူ ထက်ဝက်လောက်ရဲ့ လက်တွေ့လေ့လာမှုတွေက ဘာကိုပြောသလဲဆိုရင် ယနေ့ခေတ်ဟာ ခြိမ်းခြောက်မှုအသစ်တွေနဲ့ ဆိုက်ဘာ တိုက်ခိုက်လာမှုတွေအပေါ် အပြည့်အဝ နားလည်ဖို့အတွက် အဓိကစိန်ခေါ်မှုတွေဖြစ်လို့လာခဲ့ပါပြီလို့ ပြောခဲ့ပါတယ်။ ဆိုလိုတာကတော့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ဆိုရင် အဲဒီအပေါ် အပြည့်အဝ နားလည်ဖို့လိုအပ်ပါတယ်။
ချိန်မီစီမံခန့်ခွဲနိုင်မယ်
အင်တာပရိုက်တစ်ခုလုံးကို အပြည့်အဝ မြင်တွေ့နိုင်ခြင်းဟာ အလုပ်အတွက် ခြိမ်းခြောက်မှုအန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်သလို သင့်တော်တဲ့လုပ်ဆောင်ချက်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင် သွားနိုင်မှာ ဖြစ်ပါတယ်။
အင်တာပရိုက်တစ်ခုလုံးကို တွေ့မြင်ခြင်းဖြင့် နောက်ထပ် ထပ်မံရရှိမယ့်အကျိုးကတော့ ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် ပျက်စီးမှုလျော့နည်းအောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ စီးပွားရေးအန္တရာယ်ကြား ကွာဟချက်တွေကို နားလည်ထားဖို့ လိုအပ်ပါတယ်။ ထို့အတူ အဖွဲ့အစည်း အတွင်း ပိုင်း ဆက်သွယ်မှုအား လုံးကို မြင်တွေ့ပြီး အချိန်မီ စီမံခန့်ခွဲနိုင်ဖို့လိုပါတယ်။
ဖော်ပြပါအချက်တွေကို လုပ်ဆောင်မယ်ဆိုရင် ယနေ့ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ကြုံတွေ့နေတဲ့ ခေတ်မီနည်း ပညာကို အသုံးပြုနေတဲ့ ဘဏ်များ၊ ကျန်းမာရေးအဖွဲ့အစည်းများ၊ ယုတ်စွအဆုံး ကျောင်းများအပါအဝင် ပုံသ္ဌာန်အရွယ်အစား အမျိုးမျိုးရှိတဲ့အဖွဲ့အစည်းတွေအနေနဲ့ အနည်းနဲ့အများဆိုသလို သက်သာမှာဖြစ်ပါတယ်။
အိုင်တီပညာရှင်များနဲ့ စီးပွားရေး ဦးဆောင်သူတွေကြား နားလည်မှုတွေလည်းအပြန်အလှန်ရှိရမှာဖြစ်ပါတယ်။ သို့မှသာ ဆိုက်ဘာတိုက်ခိုက်မှုက အချိန်မီကာကွယ်နိုင်မှာဖြစ်ပါတယ်။ အချုပ်အားဖြင့် ဆိုရမယ်ဆိုရင် အိုင်တီ ပညာရှင်များနဲ့ စီးပွားရေးခေါင်း ဆောင်တွေအနေနဲ့ ပူးပေါင်းလုပ်ဆောင်မှသာလျှင် နည်းပညာဖွံ့ဖြိုးတိုးတက်မှု တွေနောက်ကွယ်က ကြောက်စရာ ကောင်းတဲ့ ဆိုက်ဘာကျိုးပေါက်မှုကိုခုခံကာကွယ်နိုင်မှာဖြစ်ပါတယ်။
ကိုးကား-ချန်နယ်နယူးအေးရ