၉ ဖေဖော်ဝါရီ
အမျိုးသားခေါင်းဆောင်ကြီးများ၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူမျိုးများအကြား ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည်မှာ နှစ်ပေါင်း(၇၁)နှစ် ပြည့်တော့မည်ဖြစ်ပါသည်။ ပင်လုံစာချုပ်သည် တိုင်းပြည်အား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အုတ်မြစ်ချပေးခဲ့သော စာချုပ်ဖြစ်ပါသည်။ သို့သော် နိုင်ငံရေးအယူဝါဒ အစွန်းရောက်မှုမှတစ်ဆင့် တိုင်းရင်းသားလူမျိုးများအရေးအထိ ကျယ်ပြန့်ခဲ့သော ပြည်တွင်းစစ်မီးသည် လွတ်လပ်ရေးနှင့်အတူ တောက်လောင်ခဲ့ပြီး ယနေ့တိုင် ပြည်တွင်းစစ်မီး အကြွင်းအကျန်တို့ တောက်လောင်နေဆဲဖြစ်ပါသည်။ ဤပြည်တွင်းစစ်မီး အကြွင်းအကျန်တို့ကို အပြီးတိုင်ငြှိမ်းသတ်နိုင်ရေးအတွက် (၂၁) ရာစုပင်လုံ ညီလာခံကို ကျင်းပခဲ့သည်မှာ နှစ်ကြိမ်ရှိသွားပြီ ဖြစ်ပါသည်။ ပင်လုံညီလာခံသည် လွတ်လပ်ရေး၏ အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ (၂၁)ရာစုပင်လုံညီလာခံသည်လည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၏ အခြေခံအုတ်မြစ် ဖြစ်လာမည်ဖြစ်ပါသည်။
ဤနေရာ၌ (၂၁) ရာစုပင်လုံညီလာခံလုပ်ငန်းစဉ်တို့ဖြင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့ကို အပြည့်အဝ အကောင်အထည်ဖော်၍ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ထူထောင်နိုင်ရေးက ပြည်ထောင်စုတစ်ရပ်လုံးနှင့် တိုင်းရင်းသား လူမျိုးအားလုံးအတွက် မည်မျှအရေးကြီးသည်ကို သုံးသပ်ရန် လိုအပ်လာပါသည်။ လိုရင်းကို တင်ပြရပါက ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသည် ပြည်ထောင်စုသားအားလုံးအတွက် မည်မျှအရေးကြီးသည်ကို သိရှိနားလည်ရန် လွန်စွာအရေးကြီးပါသည်။ ဤသို့သော အရေးကြီးမှု အတိုင်းအတာကို ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များနှင့် ယှဉ်ထိုးကြည့်ပါမှ ပီပီပြင်ပြင်ပေါ်လွင်မည်ဟု ယူဆပါသည်။
သို့ဖြစ်ပါ၍ မြန်မာ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာ-တရုတ်ပူးပေါင်းဆောင်ရွက်ရေးတို့ကို အခြေခံ၍ (၂၁)ရာစု ပင်လုံညီလာခံ လုပ်ငန်းစဉ်များမှတစ်ဆင့် အကောင်အထည်ဖော်မည့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့၏ အရေးပါပုံကို တင်ပြလိုပါသည်။
မြန်မာ - အိန္ဒိယ ပူးပေါင်းဆောင်ရွက်ရေး၌ အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်းနှင့် ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတို့သည် အဓိကစီမံကိန်းကြီးများဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ မြန်မာ - တရုတ် ပူးပေါင်းဆောင်ရွက်ရေး၌ ယူနန်ပြည်နယ်နှင့် မန္တလေး - ရန်ကုန်-ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့ကို ချိတ်ဆက်မည့် မြန်မာ - တရုတ် စီးပွားရေးစင်္ကြာအား အဓိက စီမံကိန်းကြီးဖြစ်လာရန် ညှိနှိုင်းဆွေးနွေးလျက်ရှိပါသည်။ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံကြီးများဖြစ်၍ ဤစီမံကိန်းကြီးများ အကောင်အထည်ဖော်ပြီးစီးချိန်၌ မြန်မာနိုင်ငံသည် တစ်နိုင်ငံချင်း လူဦးရေသန်းထောင်ချီရှိသော ဈေးကွက်ကြီးနှစ်ရပ်နှင့် တိုက်ရိုက် ချိတ်ဆက်ခွင့်ရရှိမည် ဖြစ်ပါသည်။ ဤသည်မှာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် မဟာ့မဟာအခွင့်အလမ်းကြီး တစ်ရပ်ဖြစ်သကဲ့သို့ ဧရာမစိတ်ခေါ်မှုကြီးလည်း ဖြစ်ပါသည်။ (၂၁) ရာစုပင်လုံညီလာခံ လုပ်ငန်းစဉ်တို့ဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အပြည့်အဝတည်ဆောက်နိုင်ပါက တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ရာနှုန်းပြည့် စုစည်းညီညွတ်မှုဖြင့် ဤမဟာ့မဟာ အခွင့်အလမ်းကြီးကို အပြည့်အဝအသုံးချ၍ ပြည်ထောင်စုကြီး တစ်ရပ်လုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြင့်မားစွာ အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါသည်။
အမျိုးမျိုးသော အကြောင်းတို့ကြောင့် (၂၁) ရာစုပင်လုံညီလာခံ လုပ်ငန်းစဉ်တို့ နှောင့်နှေး၍ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့ မအောင်မမြင်ဖြစ်ပါက မဟာ့မဟာ အခွင့်အလမ်းတို့သည် ဧရာမစိန်ခေါ်ခြိမ်းခြောက်မှုအဖြစ် အသွင်ပြောင်းလဲသွားမည် ဖြစ်ပါသည်။ ဧရာမစိန်ခေါ်ခြိမ်းခြောက်ဖိစီးမှုတို့အောက်၌ ပြည်ထောင်စုကြီးတစ်ရပ်လုံး၏ ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက ပို၍ပို၍ နိမ့်ကျသွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့၌ (၂၁) ရာစုပင်လုံညီလာခံလုပ်ငန်းစဉ်များ အောင်မြင်ရေးကို ပြည်ထောင်စုတစ်ရပ်လုံး၏ နိုင်ငံရေးသန္နိဋ္ဌာန်အဖြစ် ဆုပ်ကိုင်ကြိုးပမ်း အကောင်အထည်ဖော်ကြပါရန် လေးစားစွာနှိုးဆော်တင်ပြအပ်ပါသည်။
မြန်မာ့အလင်း