ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅နှစ် သင်တန်း အမှတ်စဉ်(၃) ကျောင်းသား ကျောင်းသူများ ဩဝါဒခံယူပွဲအခမ်းအနားတွင် “မိမိကိုယ်တိုင်က ၂၁ ရာစုကျွမ်းကျင်မှုများ (21st Century Skills)၊ ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများ (Soft Skills) နဲ့ ပြည့်စုံနေဖို့ လိုအပ်သလို မိမိတပည့် ကျောင်းသား လူငယ်တွေကိုလည်း ဒီကျွမ်းကျင်မှု တစ်နည်းအားဖြင့် C- ၅လုံးနဲ့ ပြည့်ဝအောင် လေ့ကျင့်ပြုစုပေးကြဖို့လိုအပ်ပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဩဝါဒစကား မှာကြားခဲ့သည်။
၂၁ ရာစုခေတ်ကာလသည် အလျင်အမြန်ပြောင်းလဲလျက်ရှိသည်။ နည်းပညာ၊ အသိပညာ ၊ အတတ်ပညာများမှာ နေ့စဉ် တိုးတက်ပြောင်းလဲလျက်ရှိရာ ခေတ်နှင့်အညီ ပညာတိုးဖို့ကြိုးစား အားထုတ်ကြရမည် ဖြစ်သည်။ တိုးတက်မှုများစွာနှင့် စိန်ခေါ်မှုများစွာကို ရယူဖြေရှင်းကျော်လွှားနိုင်ရန်အတွက် ၂၁ ရာစု ကျွမ်းကျင်မှု စကေးများနှင့်အညီ လိုက်ပါပြောင်းလဲမှသာလျှင် ခေတ်အမြင်ခေတ် အတွေးဖြင့် တိုးတက်သည့် အောင်မြင်မှုများကို ရယူနိုင်မည်ဖြစ်သည် ။
ကျောင်းသား ကျောင်းသူလူငယ်လူရွယ်များမှာ အနာဂတ်နိုင်ငံတော်အတွက် အဓိကကျသည့် အရင်းအမြစ်များဖြစ်ရာ ထိုလူငယ် လူရွယ်များ အသိဉာဏ်ပညာ၊ အတွေးအခေါ် အယူအဆ မြင့်မားတိုးတက်လာရေးမှာ ဆရာ ဆရာမများတွင် ၂၁ ရာစု ကျွမ်းကျင်မှုများနှင့် ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများ ပြည့်စုံနေရန်လိုအပ်ပြီး ထိုအရည်အချင်း၊ အရည်အသွေး ပြည့်၀စေရန် ပြုစုပျိုးထောင်ပေးရမည်ဖြစ်သည်။
ဆရာ ဆရာမများအတွက်သာမက ကျောင်းသား ကျောင်းသူ လူငယ်များအား ပူးပေါင်းဆောင်ရွက်ခြင်း (Collaboration) ဆက်သွယ်ပြောဆိုခြင်း (Communication) ၊ လေးနက်စွာ ဆန်းစစ်ဝေဖန်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း (Critical Thinking and Problem Solving)၊ တီထွင်ဖန်တီးခြင်း (Creativity and Innovation)၊ နိုင်ငံ့သားကောင်းဖြစ်ခြင်း (Citizenship) ဟူသည့် C - ၅ လုံးကို လေ့ကျင့်ပြုစုပျိုးထောင်ပေးကြပါရန် နိုင်ငံတော် သမ္မတကြီးက အသိပေးပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတကြီး လမ်းညွှန်မှာကြားသော ဖော်ပြပါ C - ၅ လုံးသည် စိန်ခေါ်မှုများစွာနှင့် ပြဿနာပေါင်းများစွာ ရှုပ်ထွေး နေသော ယနေ့ခေတ်ကာလကြီးတွင် မိမိတို့ဘ၀ခရီးကို အောင်မြင်စွာ ကျော်ဖြတ်လျှောက်လှမ်းနိုင်ရန် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအတွက် အထူးလိုအပ်နေသော ကျွမ်းကျင်မှုစကေးများ ဖြစ်သည်။ ထိုကျွမ်းကျင်မှု ရယူ၍ မိမိတို့၏ ကြိုးစားအားထုတ်မှု၊ ရိုးသားနိုးကြားမှုများနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက မိမိတို့ဘ၀ခရီးလမ်းကို အောင်မြင်မှုများနှင့် တက်လှမ်းနိုင်မည်ဖြစ်သည်။
၂၁ ရာစုသည် ပညာခေတ်ဖြစ်သည်နှင့်အညီ နိုင်ငံတော်က ပညာရေး ကဏ္ဍကို နိုင်ငံတကာအဆင့်မီ အရည်အသွေး မြင့်မားလာစေရန် ရည်ရွယ်၍ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆ -၂၀၂၁)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (၂၀၁၈-၂၀၃၀) ကိုလည်း ရေးဆွဲစီမံဆောင်ရွက်ပေးနေသည် ။ ထိုစီမံကိန်း၏ ပန်းတိုင်(၄) တွင် ၂၁ ရာစု လူမှုအသိုက်အဝန်း အတွက် လူသားအရင်းအမြစ်များနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဟု သတ်မှတ်ထားသည့် မဟာဗျူဟာတစ်ရပ်ပါရှိသည်။
သို့ဖြစ်ရာ နိုင်ငံသူ နိုင်ငံသားအားလုံး ပညာရည်ပြည့်ဝသည့် မျှော်မှန်းချက်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတော် သမ္မတကြီး လမ်းညွှန်မှာကြားသည့် C-၅ လုံးဖြင့် ပညာရည်မြင့်မားအောင် ပြုစုပျိုးထောင်ပေးကြရမည် ဖြစ်သည်။ ။ (ကြေးမုံ)