မြစ်ကြီးနား ၈ မတ် 

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မြစ်ကြီးနားပညာရေးကောလိပ်၏ (၂၂)ကြိမ်မြောက် ဆရာအတတ်ပညာ ဒီပလိုမာအပ်နှင်းပွဲကို ယနေ့ နံနက် ၈ နာရီခွဲတွင် ပညာရေးကောလိပ်၊ အာကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

 

1649

 

ဒီပလိုအောင်လက်မှတ်ရ သင်တန်းသား၊ သင်တန်းသူများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဆရာများ၏ အလုပ်သည် စာသင်ရုံ သက်သက်မဟုတ်ဘဲ ဆရာများသည် မိခင်ပေါင်းများစွာ၏ သားသမီးများကို လိမ္မာရေးခြားရှိအောင် ပြုပြင်ထိန်းကျောင်းသွန်သင်ရကြောင်း၊ ကောင်းသောအမှုကို ကျင့်ကြံတတ်ပြီး၊ မကောင်းမှုကို ရှောင်ကြဉ်တတ်ရန် စသည့် စာရိတ္တပိုင်းဆိုင်ရာ စိတ်ဓာတ်ကို ပြုပြင်ပေးရကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ အနာဂတ်လူ့အဖွဲ့အစည်းအတွက် ပြည့်စုံချမ်းသာမှုတို့သည် ယနေ့ဆရာများ၏ လက်ဝယ်တွင်ရှိနေကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ပြည့်ဝသော ဆရာများအဖြစ်သာမက တိုင်းပြည်နှင့်လူမျိုး၏ အားကိုးအားထိုက်သည့် စံနမူနာကောင်းပိုင်ရှင်များအဖြစ် အစဉ်ကြိုးပမ်းကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ စင်မြင့်ပေါ်တွင် နေရာယူကြပြီး ကျောင်းအုပ်ဒေါ်ဥမ္မာမြင့်က ဆရာအတတ်ပညာ ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး B.Ed တက်ရောက်ခွင့်ရှိသူ (၃၁)ဦးအပါအဝင် ဒီပလိုမာအောင်လက်မှတ်ရ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၂၈)ဦးတို့အား ဒီပလိုအောင်လက်မှတ်များကို ချီးမြှင့်ပေးအပ်ကာ ဒီပလိုအောင်လက်မှတ်ရ သင်တန်းသား၊ သင်တန်းသူများအား အမှာစကားပြောကြားခဲ့သည်။

အဆိုပါ ဒီပလိုမာအပ်နှင်းပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများ၏ မိဘများ တက်ရောက်ခဲ့ကြသည်။

ပြည်နယ်(ပြန်/ဆက်)