နေပြည်တော်၊ ဇန်နဝါရီ ၂၁
(၂၃)ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ တောင်သူများ၊ စိုက်ပျိုးရေးအထူးပြု ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက တောင်သူနှင့် သုတေသီပညာရှင်များ ထိတွေ့မှုရှိစေရန်နှင့် ရှိနေဆဲ ကွက်လပ်များကို ဖြည့်စွမ်းပေးနိုင်ရန် လိုအပ်ကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် တောင်သူလယ်သမားများနှင့် လယ်ယာထွက်ကုန် ရောင်းဝယ်ဖောက်ကားသူများ ပူးပေါင်းပါဝင်မှုသည် ပဓာနကျကြောင်း၊ အလားတူစိုက်ပျိုးရေး ဓါတုဆေးဝါးများ အလွန်အကျွံ မသုံးစွဲမိစေရန် သွင်းအားစုရောင်းဝယ် ဖောက်ကားသူများကလည်း သတိရှိရှိတာဝန်သိစိတ်ဖြင့် ရောင်းချဖြန့်ဖြူးရန်လိုကြောင်း၊ စိုက်ပျိုးနည်း အလေ့အကျင့်ကောင်းများ ဖော်ထုတ်ရန် သုတေသနပြုခြင်းနှင့် နည်းပညာပြန့်ပွားရေးကို ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန သုတေသန အရာရှိ တို့က “စပါးသီးနှံ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးမှုနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်သော မျိုးစေ့ထုတ်လုပ်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ တောင်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်