နေပြည်တော် ဇန်နဝါရီ ၂၆
ပညာရေးဝန်ကြီးဌာန (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံကို ပညာရေးဝန်ကြီးဌာနက အမျိုးသားအဆင့်အဖြစ် Naypyitaw State Academy တွင် ဇန်နဝါရီ (၂၅) ရက်မှ (၂၇) ရက်အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာ ဘာသာရပ်အလိုက် သတ်မှတ်ထားသည့်အခန်းများ၌ သုတေသနစာတမ်းရှင်များက ဝိဇ္ဇာနှင့်သိပ္ပံသုတေသနစာတမ်းများကို ဖတ်ကြားကြပြီး တက္ကသိုလ်က သုတေသန ပိုစတာများနှင့် ပြကွက်များကို ခင်းကျင်းပြလျက်ရှိသည်။
အဆိုပါသုတေသနစာတမ်းဖတ်ကြားနေမှုများနှင့် တက္ကသိုလ် သုတေသနပြကွက်များ ခင်းကျင်းပြသထားမှုကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ တက္ကသိုလ် ကျောင်းသား ကျောင်သူများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြသည်။
ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့်တာဝန်ရှိသူများသည် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံရှိ တက္ကသိုလ် သုတေသနပြကွက်များနှင့် သုတေသနပိုစတာများကို လာရောက်လေ့လာကြည့်ရှုရာ သက်ဆိုင်ရာ ပြန်ခန်းတာဝန်ရှိသူများက တက္ကသိုလ်ကဏ္ဍအလိုက် ရှင်းလင်းပြသကြသည်။
အလားတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံ၏ ပညာရေး၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ များတွင်ပူးပေါင်းဆောင်ရွက်မှုများမြင့်တင်ရန် လာရောက်ကြသည့် (ရုရှားသိပ္ပံအကယ်ဒမီ အဖွဲ့အစည်း၏ Baykov Metallurgy and Materials Institute ) နှင့် Kurgan State University ၏ သိပ္ပံနှင့်နည်းပညာအကြံပေးပုဂ္ဂိုလ်၊ ဒုတိယပါမောက္ခချုပ် Dr. Alexander Ssergeevich Anokhin နှင့် Kurgan State University ၏ (သိပ္ပံနှင့် နည်းပညာရေးရာ) ဒုတိယပါမောက္ခချုပ် Dr. Artyom Vladimirovich Sharov တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံကျင်းပနေ မှုများနှင့် တက္ကသိုလ်အသီးသီးမှပြသထားသည့် သုတေသနပိုစတာ၊ သုတေသနပြကွက် များကို စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှုကြရာ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဇော်မြင့် က ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်ပြီး ဧည့်သည် တော်များကို တက္ကသိုလ်သုတေသနပြခန်း တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ရှင်းလင်းပြသကြသည်။
ယနေ့ကျင်းပလျက်ရှိသည့် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံတွင် ပညာရေးဝန်ကြီး ဌာနရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များနှင့် အခြားဝန်ကြီးဌာန (၆)ခုမှ ပညာရေးဝန်ကြီးဌာနတွင် ပါရဂူကျမ်း လာရောက်ပြုစုနေသူ သုတေသီများက နံနက်ပိုင်းတွင် မြန်မာစာသုတေသန စာတမ်း(၈)စောင်၊ ဓာတုဗေဒသုတေသနစာတမ်း(၈)စောင်၊ ရူပဗေဒသုတေသန စာတမ်း (၈)စောင်၊ သတ္တဗေဒ သုတေသနစာတမ်း(၈)စောင်၊ ရုက္ခဗေဒသုတေသန စာတမ်း(၈)စောင်၊ ပညာရေးစိတ်ပညာ သုတေသနစာတမ်း(၈)စောင်၊ သင်ရိုးညွှန်းတမ်းနှင့်သင်ပြနည်း(၈) စောင်၊ ဥပဒေပညာ သုတေသနစာတမ်း(၈)စောင်၊ ဝါဏိဇ္ဇဗေဒ သုတေသနစာတမ်း(၈) စောင်၊ ပထဝီဝင်သု တေသနစာတမ်း(၈)စောင်တို့ကို စာတမ်းရှင်က ဖတ်ကြားကြသည်။
မွန်းလွဲပိုင်းတွင် မြန်မာစာသုတေသနစာတမ်း(၃)စောင်၊ အင်္ဂလိပ်စာသုတေသန စာတမ်း(၅)စောင်၊ ဓာတုဗေဒသုတေသနစာတမ်း(၉)စောင်၊ ရူပဗေဒသုတေသနစာတမ်း(၉) စောင်၊ သတ္တဗေဒသုတေသနစာတမ်း(၈)စောင်၊ ရုက္ခဗေဒသုတေသနစာတမ်း(၈)စောင်၊ ပညာရေး စိတ်ပညာသုတေသနစာတမ်း(၈)စောင်၊ ပညာရေးသဘောတရားနှင့် ပညာရေး စီမံခန့်ခွဲမှု သုတေသနစာတမ်း(၉)စောင်၊ ဥပဒေပညာသုတေသနစာတမ်း(၄)စောင်၊ စိတ်ပညာသုတေသန စာတမ်း(၄)စောင်၊ စီမံခန့်ခွဲမှုသုတေသနစာတမ်း(၆)စောင်၊ အသုံးချ ဘောဂ သုတေသန စာတမ်း(၂)စောင်၊ ပထဝီဝင်သုတေသနစာတမ်း(၂)စောင်၊ သမိုင်းသုတေ သနစာတမ်း(၆)စောင် တို့ကို စာတမ်းရှင်အသီးသီးက ဖတ်ကြားခဲ့ကြပြီး ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနစာတမ်း စုစုပေါင်း (၁၆၃)စောင် ဖတ်ကြားဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ စာတမ်းရှင်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ထို့ပြင် တက္ကသိုလ်ပါမောက္ခချုပ်များနှင့် ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများသည် နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ-၂ တွင် ကျင်းပသည့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ (၂၅)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့သွားရောက်၍ ခင်းကျင်းပြသထားသည့်ပြခန်းများ၊ ဟောပြောပွဲများသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


