ထန်းတပင်  ၁၀   အောက်တိုဘာ

 

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်တွင် (၂၃၀)ကေဗွီအ နောက်ပိုင်းတက္ကသိုလ်ဓာတ် အား ခွဲရုံသစ် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်  မြို့နယ်တာဝန်ရှိသူများအား စီမံကိန်း လုပ်ငန်းများအကြောင်းချပြရှင်းလင်းခြင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းကို အောက်တိုဘာ ၉ ရက် နံနက်ပိုင်း အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့ကြသည်။

 

ထန်းတပင်မြို့နယ်တွင် (၂၃၀)ကေဗွီ အနောက်ပိုင်းတက္ကသိုလ် ဓာတ်အားခွဲရုံသစ် စီမံကိန်းကို အာရှ ဖွံ့ဖြိုးရေးဘဏ်(ADB)ချေးငွေအစီအစဉ်ဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဌာနပိုင်မြေ (၆၅.၇၄) ဧကတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

 

ဆွေးနွေးပွဲတွင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းက စီမံကိန်းလုပ်ငန်းများ နှင့် ပတ်သက်၍ ပြည်သူများ၏ ပူးပေါင်းပါဝင်မှု အားကောင်းရန်လိုအပ်ပါကြောင်းနှင့် စီမံကိန်း လုပ်ငန်း ဆောင်ရွက်မည့်ကိစ္စရပ်များအား ဒေသခံပြည်သူများအား ချပြရှင်းလင်း ဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အာရှဖွံ့ဖြိုးရေးဘဏ်(ADB)မှ လူမှုစီးပွားကျွမ်းကျင်ပညာရှင် ဒေါ်ဆွေဆွေဦးက လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးဖို့အတွက် ရည်ရွယ်သည့် စီမံကိန်းဖြစ်ပါကြောင်းနှင့် စီမံကိန်း လုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

 

ထို့နောက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ ပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်ပညာရှင် ဒေါ်အေးအေး စောက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပါကဖြစ်ပေါ်လာနိုင်သည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ၊ သက်ရောက်မှုများနှင့် ထိခိုက်မှုများ လျော့ချနိုင်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးက သိရှိလိုသည်များကို မေးမြန်းရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

 

 (ADB)ချေးငွေအစီအစဉ်ဖြင့် ဆောင်ရွက်တဲ့ ဘယ်စီမံကိန်းမဆိုပေါ့ စီမံကိန်းတစ်ခုမလုပ်ခင်မှာ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး ပြည်သူကိုချပြခြင်း ဖြစ်ပါကြောင်းနှင့် (ADB)ကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပရောဂျတ်တိုင်းမှာ ပြည်သူကို အမြဲတမ်း ချပြရတယ်၊ စီမံကိန်းမစ ဖြစ်သေးဘူး၊ အချိန်ကာလအပိုင်းအခြားသော်လည်ကောင်း၊ စီမံကိန်း တည်နေရာ ပြောင်းလဲသွားသော်လည်းကောင်း ပြည်သူကိုချပြရတယ် အခုက ကနေဦးဆန်းစစ် လေ့လာတယ်ပေါ့ ပြီးတဲ့အခါကြ တော့တကယ်အကောင်အထည်ဖော်ဆောင်ရွက်သွားတဲ့ အခါကြတော့ သေသေချာချာ အသေးစိတ်ပြန် တိုင်းတာတွေလုပ်ဆောင်သွားမှာပါဟု အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)မှ လူမှုစီးပွားကျွမ်းကျင်ပညာရှင် ဒေါ်ဆွေဆွေဦးကပြောသည်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးနေမျိုးထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူးဦးရဲလင်းနိုင်နှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)