နေပြည်တော် ၂၀  ဩဂုတ် 
    

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၃)ကြိမ်မြောက် အာဆီယံလူဝင်မှုကြီး ကြပ်ရေး ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာအကြီးအကဲ များအစည်းအဝေး (DGICM)နှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီက နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။
     

အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
    

ရှေးဦးစွာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအေးလွင်က အာဆီယံကို နိုင်ငံရေးအရ သဟဇာတဖြစ်ပြီး စီးပွားရေးအရပေါင်းစည်းကာ လူမှုရေးအရ တာဝန်ယူမှုရှိသည့် ပြည်သူကို ဗဟိုပြုသည့် အသိုက်အဝန်းတစ်ရပ်အဖြစ် ပေါ်ထွန်းလာရေးကို အာဆီယံမဏ္ဍိုင်ကြီး (၃)ရပ်၏ စုပေါင်း အင်အားဖြင့် ထပ်လောင်းအားဖြည့် လျက်ရှိပါကြောင်း၊ အာဆီယံ၏ ညှိနှိုင်းအဖြေရှာခြင်းနှင့် တူညီဆန္ဒအပေါ်အခြေခံခြင်းတို့သည် ယနေ့အာဆီယံအဖြစ်တည်ရှိလာအောင် ဆောင်ကြဉ်း ပေးနိုင်ရုံသာမက အခြားပြင်ပနိုင်ငံများ ၏ ယုံကြည်မှုကိုပါ တည်ဆောက်ပေးနိုင်သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အာဆီယံနှင့် ဆွေးနွေး ဖက်နိုင်ငံများ၏ဆက်ဆံရေးသည်လည်း မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်နိုင်ခဲ့ပါကြောင်း။

 

1


အာဆီယံအနေဖြင့် စီးပွားရေးပေါင်းစည်းမှု ပိုမိုအားကောင်းရေးအတွက် အလေးအနက်ထား ဆောင်ရွက်လျက်ရှိရာ အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ မျှော်မှန်းချက်နှင့် ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ပြည့်ဝစွာရရှိရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊  (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ အာဆီယံ ခေါင်းဆောင်များက အာဆီယံအသိုက်အဝန်း တည်ထောင်ရေးလုပ်ငန်းစဉ်များတွင် အာဆီယံ၏ အရေးပါပုံကို ထပ်လောင်းအတည်ပြုခဲ့သည့်အပြင်ကဏ္ဍပေါင်းစုံတွင် စဉ်ဆက်မပြတ်တည်တံ့ ခိုင်မြဲမှုရှိစေရေးအတွက်"စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးမိတ်ဖက်ပြုမှုဆိုင်ရာ အာဆီယံခေါင်းဆောင် များ၏ မျှော်မှန်းချက်" တစ်ရပ်ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ ယနေ့ကျင်းပသည့် (DGICM)အစည်းအဝေးသည်လည်း အာဆီယံအသိုက်အဝန်းတည်ထောင်ရေးလုပ်ငန်းစဉ်များတွင် ကဏ္ဍအလိုက်ဆွေးနွေးလျက်ရှိသော ဆွေးနွေးပွဲများအနက် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း။


DGICM အစည်းအဝေးကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား သတင်းအချက်အလက်များ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စုံစမ်းထောက် လှမ်းခြင်းများ၊ နယ်စပ်စီမံခန့်ခွဲမှု၊ ပူးပေါင်းဆောင် ရွက်မှုများကို ဆက်လက်ထိန်းသိမ်းခြင်း၊ ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များကို မျှဝေဆွေးနွေးရန်ရည်ရွယ်ကာ အာဆီယံလူဝင်မှုကြီးကြပ်ရေးနှင့် ကောင်စစ်ရေးရာကိုယ်စား လှယ်များစုဝေး၍ နှစ်စဉ်ကျင်းပခြင်း ဖြစ်ပါကြောင်း။
 

ယခုအစည်းအဝေးတွင် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန်နှင့် ညှိနှိုင်းလုပ်ဆောင်ရန် အခွင့်အရေးများလည်းရရှိမည်ဖြစ်ပြီး ထိရောက်သောပြောင်းလဲမှုနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်မှုပိုမိုခိုင်မာခြင်းနှင့် ပတ်သက်၍ များပြားသော အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေမည်ဟု ယုံကြည်ပါကြောင်း ရှင်းလင်းပြောကြားသည်။
    

ယင်းနောက် တက်ရောက်လာကြသည့် နိုင်ငံအလိုက် အဆင့်မြင့်အရာရှိကြီးများသည်  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
    

ထို့နောက်(၂၂)ကြိမ်မြောက် DGICM ၏ ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော မလေးရှားနိုင်ငံမှ DGICM ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် YBhg Dato Mohd Zulfikar Bin Ahmad မှ (၂၃)ကြိမ်မြောက် DGICM ၏ ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်မည့် မြန်မာနိုင်ငံ မှ  DGICM ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် လူဝင်မှုကြီးကြပ်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးဌေးလှိုင် အား ဥက္ကဌတာဝန်ကို လွှဲပြောင်းပေးအပ်ပြီးအစည်းအဝေးကို အစီအစဉ်များအတိုင်း ဆက်လက် ကျင်းပသည်။  
    

(၂၃) ကြိမ်မြောက် လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာအကြီးအကဲများအစည်းအဝေး (DGICM) နှင့် ဆက်စပ်အစည်းအဝေးများဖြစ်သည့် (၃)ကြိမ်မြောက် အာဆီယံလူဝင်မှုကြီးကြပ်ရေး အဓိကစစ်ဆေးရေးဂိတ်များ ၏အကြီးအကဲများဖိုရမ် (AMICF)နှင့် (၁၅)ကြိမ်မြောက်အာဆီယံလူဝင်မှုကြီးကြပ်ရေး ထောက်လှမ်းရေးဆိုင်ရာဖိုရမ်(AIIF)တို့ကို ဩဂုတ်(၁၉)ရက်တွင် ကျင်းပခဲ့ပြီး (၁၅)ကြိမ်မြောက် DGICM နှင့် ဩစတြေးလျဆွေးနွေးညှိနှိုင်းပွဲကို ဩဂုတ်(၂၁)ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်