နေပြည်တော် စက်တင်ဘာ ၂၉
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်မှ ၁၈ ရက်အထိ နေပြည်တော်တွင် ကျင်းပမည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ဆောင်ရွက်ရှိ ကြောင်း သိရသည်။
ယင်းကိစ္စနှင့်စပ်လျဉ်းသည် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမတွင် ကျင်းပရာ ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးကိုကို၊ ဦးစီးကော်မတီဝင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးစီးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အင်အား ခန့်မှန်း ၁၈၀၀၊ အကဲဖြတ်ပညာရှင် ၁၇၆ ဦးနှင့် ဆပ်ကော်မတီများမှ အထောက်အကူပြုရုံးအဖွဲ့ဝင် ၂၀၀ တို့သည် သတ်မှတ်ထားသည့် တည်းခိုရေးစခန်းတွင် နေထိုင်ကြမည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၂၂ ရက်က ကျင်းပ သော နာယကဦးဆောင် သည့် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ အစည်းအဝေးတွင် နာယကက ပြိုင်ပွဲဝင်များ၏သွားလာရေး၊ တည်းခိုနေထိုင်စားသောက်ရေး ကိစ္စရပ်များ တွင် ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထား ပါကြောင်း၊ ထို့ပြင် ပြိုင်ပွဲဝင်များ နေပြည်တော်သို့ မလာရောက်မီ ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေး၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၅ ရက် ကြိုတင်၍ စုစည်းထားရန်လည်း လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ အကဲဖြတ်ပညာရှင်များကိုလည်း ပြိုင်ပွဲ မကျင်းပမီ ၅ ရက်ခန့် ကြိုတင်၍ သတ်မှတ်နေရာတွင် စုစည်းပြီး ကျန်းမာရေး စစ်ဆေးမှုများ ကြိုတင်ဆောင်ရွက်ရန်ကိုလည်း လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်ပါကြောင်း။
ထို့ပြင် “နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးအစည်းအဝေးတွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ လာရောက်မည့် ဒိုင်၊ ပြိုင်ပွဲဝင်များ၊ နေပြည်တော်ရှိ ပြိုင်ပွဲကျင်းပရေး ကော်မတီ အသီးသီးမှ တာဝန်ကျ အရာထမ်း၊ အမှုထမ်းများအားလုံး Booster မထိုးရသေးပါက Booster ထိုးပြီးမှ ဆက်လက်ဆောင်ရွက်စေရန်”ဟု လမ်းညွှန်မှာကြားထားပါကြောင်း၊ ပြိုင်ပွဲဝင်များ နေပြည်တော်ရောက်ရှိပြီးမှ ကိုဗစ်-၁၉ ထပ်မံတွေ့ရှိပါက ဆောင်ရွက် ရမည့် အစီအစဉ်နှင့် ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရစေမည့် နည်းလမ်းများကို ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် ထည့်သွင်းဆွေးနွေးပေးစေလိုပါကြောင်း၊ ပြိုင်ပွဲကျင်းပမည့် နေရာများသို့ ပြင်ပမှလာရောက်ကြည့်ရှုမည့် ပရိသတ်များရှိပါက ဆောင်ရွက်ရ မည့်ကိစ္စရပ်များကိုပါ ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ယခုကာလသည် ကိုဗစ်တွေ့ရှိနှုန်း အတန်ငယ်မြင့်မားနေ ပါကြောင်း၊ သို့သော် သက်မှတ်စည်းကမ်းများနှင့်အညီ နေထိုင်သွားလာစားသောက်ခြင်း၊ ကာကွယ် ဆေးများထိုးနှံ ထားရှိခြင်းဖြင့် ခုခံနိုင်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကို အကြောင်းပြု၍ ပြိုင်ပွဲကြီး၏ အရှိန်အဟုန်ကို မထိပါးစေလိုပါကြောင်း၊ ပြိုင်ပွဲကို ဗဟိုပြု၍ ကိုဗစ်ရောဂါပျံ့ပွားမှုလည်း မပေါ်ပေါက်စေလိုပါကြောင်း၊ အထူးသဖြင့် နိုင်ငံတော် အကြီးအကဲ၏ ဆန္ဒမွန်ဖြစ်သော ရွက်ပုံးသီး အနုပညာရှင်များ ပေါ်ထွန်းလာစေရေး ဟူသည့်အချက်ကို အလေးအနက်ထား၍ ရွက်ပုံးသီးအနုပညာရှင်လေးများ စိတ်အေး ချမ်းသာစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ကျန်းမာရေးရှုထောင့်မှ ပံ့ပိုးနိုင်မည့်နည်းလမ်းများ ကို ကြိုတင်ပြင်ဆင်ထားပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက အထွေထွေကိစ္စရပ်များ ကို ဆွေးနွေးကြသည်။ ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)