နေပြည်တော် နိုဝင်ဘာ ၂၁

(၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ သဘာပတိအဖြစ်  တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး က ဆောင်ရွက်ပြီး  သဘာပတိအဖွဲ့ဝင် များအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဋ္ဌ၊ ဦးသိန်းဝင်းနှင့်  မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ  ဦးမောင်မောင်ဦး တို့က ဆောင်ရွက်ကြသည်။

ဦးစွာ သဘာပတိက ညီလာခံနှင့်ပတ်သက်သော လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ညီလာခံတွင် တင်သွင်းမည့် အဆိုပြုချက်(၄)ခုနှင့်ပတ်သက်၍    ရှင်းလင်းပြောကြားရာတွင် အဆို-(၁)  ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအောက်တွင် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီမှ ဦးဆောင်၍ တိုင်းရင်းဆေးပညာသင်ကြားရေးဆိုင်ရာ အရည်အသွေး အသိအမှတ်ပြုနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်၊ (၂) တိုင်းရင်း ဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းဆေးဝါးများ ခေတ်စနစ်နှင့်အညီ ထုတ်လုပ် နိုင်စေရေးအတွက် ဆွေးနွေးပွဲများ၊ မွမ်းမံသင်တန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်၊   (၃) တိုင်းရင်းဆေးပညာရှင် လူ့စွမ်းအားအရင်းအမြစ်များ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက် စေရေးနှင့် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ ပိုမိုလေ့ကျင့်မွေး ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ရန်၊  (၄) ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းရင်းဆေးပညာဖြင့် စောင့်ရှောက်မှုပေးရန်နှင့် မြန်မာ့တိုင်းရင်းဆေးပညာ ရိုးရာယဉ် ကျေးမှုအမွေအနှစ်အား ကျောင်းသားလူငယ်အရွယ်မှစ၍  လေးစားတန်ဖိုးထားတတ်စေရေး  အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်ပြီး အဆိုပြုချက်များနှင့်ပတ်သက်၍ တိုင်းရင်း ဆေးပညာဦးစီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ အသင်းနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းတို့နှင့်ပူးပေါင်း၍ ပညာပေးလုပ်ငန်းများကို ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုကြောင်းနှင့် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများမှလည်း ဝိုင်းဝန်းဆွေးနွေးပေးကြစေလို ကြောင်း ပြောကြားသည်။

 ထို့နောက် ညီလာခံကိုယ်စားလှယ်များကို  အုပ်စု(၄)စုခွဲကာ ညီလာခံတွင် တင်သွင်းမည့် အဆိုပြုချက်တစ်ခုချင်းစီအတွက် အုပ်စုအလိုက် ဆွေးနွေးကြကာ ညီလာခံတွင် တင်ပြ ဆွေးနွေးမည့် ကိုယ်စားလှယ်များကို ရွေးချယ်ကြသည်။ (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို နိုဝင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပ မည်ဖြစ်ပြီး ညီလာခံတွင် ပြည်သူလူထုအကျိုးပြု အဆိုပြုချက်(၄)ခုကို တင်ပြကြရန်ဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် ညီလာခံကိုယ်စားလှယ်များကို နေပြည်တော်တစ်ဝိုက်ရှိ အမျိုးသား ပရဆေးဥယျာဉ်၊ မာရဝိဇယရုပ်ပွားတော်တို့သို့ လေ့လာရေး ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်